အလင်းတန်း (၉)
ဒီစာကို (၃၅) နှစ်အောက် လူငယ်များအတွက် ရည်ရွယ်ပြီး ရေးပါတယ်။ ဒါကိုဘာလို့ ကြိုပြီးပြောရလဲဆိုတော့ စကားလုံးထဲမှာ နည်းနည်းတင်းမာတာပါရင် လူကြီးတွေက နှာခေါင်းရှုံ့နိုင်လို့ပဲ။ ငါ့အသက် (၄၀) ကျော်ပြီ။ ငါ နဲ့ ရွယ်တူတန်းတူများက သမိုင်းတခုထဲ အတူတူ ဖြတ်သန်းခဲ့ကြသူတွေ၊ ပြီးတော့ ငါ့ထက်လည်း ပိုအလုပ်လုပ် ကြမယ်။ ငါ့ထက်လည်း ပိုပြီး ပညာတတ်ကြပေမယ်လို့ ယူဆပြီး သူတို့အတွက် ပြောဖို့မရှိဘူး။ ငါ့ထက် အသက် (၁၀) နှစ် (၉) နှစ် အနှစ် (၂၀) ငယ်သူများကတော့ ငါ့ထက်ပိုပြီး ထက်မြက်ကြပေလိမ့်မယ်။ ငါ့ထက်လည်း ပိုပ ညာတတ်ကြပေလိမ့်မယ်။ သို့သော်လည်း ဖြတ်သန်းခဲ့တဲ့ ဘ၀ကာလကလေး နည်းနည်းကွဲသမို့ မေ့လျော့ပြီး မစဉ်းစားမိတာများ ရှိကောင်းရဲ့လို့ ယူဆပြီး သူတို့အတွက် ရည်ရွယ်ပြီးရေးပါတယ်။ ငါ့ထက်ကြီးသူများက တော့ ပညာ၊ သဘာ၊ အတွေ့အကြုံ၊ ရင်းနှီးပေးဆပ်ရမှု ကြီးပြီးသားတွေမို့ အထူးတင်ပြဖွယ်မရှိပြီလို့ ခိုင်ခိုင်မာ မာ ယူဆပါတယ်။ (အထူးသဖြင့် ၄၅ နှစ် အထက် လူကြီးတွေ ဖတ်စရာမလိုပါ။)
တော်လှန်ရေး
ဟောင်းနွမ်းဆွေးမြေ့ အလုပ်မဖြစ်တော့တဲ့၊ မကောင်းတော့တဲ့၊ ခေတ်ကာလနဲ့ အံမ၀င်တော့တဲ့ အခြေအနေ ကို ပြုပြင်ပြောင်းလဲပစ်ခြင်းဟာ တော်လှန်ရေးပဲ။ အလွယ်ဥပမာတင်ရရင် ကျွဲ၊ နွားနဲ့ ထွန်ယက်နေရာကနေ လယ်သမားတိုင်း ထွန်စက်နဲ့ အလုပ်လုပ်ကြရင် အဲဒါ လယ်ယာတော်လှန်ရေး၊ စက်မှုတော်လှန်ရေးဖြစ်တယ်။ လယ်ယာတော်လှန်ရေးကြောင့် ဘာအကျိုးကျေးဇူးတွေရလဲ။ လူတွေ အထူးသဖြင့် လယ်သမားလူတန်းစား တွေ ပိုပြီးသက်သာလာမယ်၊ အလုပ်တွေ မြန်ဆန်သွက်လက်လာမယ်၊ စားနပ်ရိက္ခာပိုပြီးထုတ်လုပ်လာနိုင်မယ်။ တော်လှန်ရေးတခု အောင်မြင်တိုင်း အောင်မြင်တိုင်းမှာ တိုးတက်တဲ့ ရလဒ်တွေကိုရမှ အဲဒီတော်လှန်ရေးဟာ မှန်ကန်တဲ့ တော်လှန်ရေးဖြစ်တယ်။
ခေတ်ပြောင်းတော်လှန်ရေး
ခေတ်တခု စနစ်တခု ဆိုးဝါးပျက်သုဉ်းနေပြီလို့ လူထုကယူဆတဲ့အခါ ပြောင်းလဲပြီး အသစ်ကိုအစားထိုးဖို့ တော် လှန်ရေးဆင်နွှဲကြတယ်။ သက်ဦးဆံပိုင်ဘုရင်စနစ်ကတဆင့် စည်းမျဉ်းခံဘုရင်စနစ်၊ လူထုပါလီမန်ခေတ် ဒီလို ပြောင်းလဲခဲ့ကြတယ်။ ငါတို့ဗမာပြည်လည်း အဲဒီအပြောင်းအလဲ ရေစီးထဲမှာ မလွန်ဆန်နိုင်ခဲ့ပါဘူး။ သက်ဦးဆံ ပိုင်ဘုရင်စနစ်ကိုတော့ ငါတို့လူထုကိုယ်တိုင် တော်လှန်ခဲ့ရတာမဟုတ်ဘူး။ အင်္ဂလိပ်က လာသိမ်းပိုက်ထားရင်း အလိုလို ပျက်ပြယ်သွားတာ။ နယ်ချဲ့စနစ်ကိုတော်လှန်ခဲ့ရတယ်။ အသီးအပွင့်က လွတ်လပ်ရေးပေါ့။ ဒီလိုလွတ် လပ်ရေးရဖို့ မင်းတို့ငါတို့ အဘိုးအဖေ တော်လှန်ရေးသမားများ တော်လှန်တိုက်ပွဲဝင်ခဲ့ကြရတယ်။ အသက်များ စွာ စတေးခဲ့ကြတယ်။
ဒါပေမယ့် မင်းတို့ငါတို့ခေတ် ရောက်တဲ့အထိ လွတ်လပ်ရေးရဲ့ အရသာကို ငါတို့မခံစားရသေးဘူး။ ဘယ်မလဲ လွတ်လပ်ရေး၊ လွတ်လပ်ခွင့်၊ ကမ္ဘာနဲ့ရင်ဘောင်တန်းနိုင်တဲ့ လူမှုအဆင့်အတန်း၊ လွတ်လပ်ရေးကို အရယူခဲ့ကြ တဲ့ အာဇာနည် အထောင်အသောင်းရဲ့ ဆန္ဒကိုဆန့်ကျင်ပြီး ဗမာ့လွတ်လပ်ရေးကို အာဏာငမ်းငမ်းတက် လူတ စုက သိမ်းပိုက်ထားတယ်။ အဲဒီတော့ လိုအပ်တဲ့ လွတ်လပ်ခွင့်ကိုရရှိဖို့ မင်းတို့ငါတို့ရဲ့ ဦးကြီးဦးလေး၊ အဖေတို့ တသက် တိုက်ပွဲဝင်ကြပြန်ရော။ အသက် ၆၀-၇၀ တန်း လူကြီးတွေဟာ ဒီတာဝန်ကိုယူပြီး တော်လှန်ခဲ့ကြတာ တော်လှန်ရေးမအောင်မြင်သေးတော့ အသက် ၄၀-၅၀ အရွယ် ငါတို့ပခုံးပေါ် တော်လှန်ရေးတာဝန်တွေက ရောက်လာပြန်ရော။
တကယ်လို့သာ ငါတို့ခေတ်မှာ မကောင်းတဲ့ခေတ်၊ မလွတ်လပ်တဲ့ခေတ်၊ လူချင်းတူမျှခွင့်မရှိတဲ့ စနစ်ဆိုးကို အောင်မြင်အောင် မပြောင်းနိုင်ဘူးဆိုရင် တို့အောက် အသက် ၂၀-၃၀ ငယ်တဲ့ လူငယ်တွေရဲ့ ပခုံးပေါ်ကို ခေတ်ပြောင်းတော်လှန်ရေးတာဝန်တွေ လွှဲပြောင်းပေးရပြန်ဦးမယ်။ အဲဒါကို စဉ်းစားမိတဲ့အခါ အပြစ်မဲ့ ကလေး သူငယ်တွေရဲ့ မျက်နှာကိုမြင်ယောင်ပြီး အတော်ကို စိတ်မကောင်းစရာဖြစ်သလို ကိုယ့်ကိုယ်ကိုယ်လည်း အ တော်စိတ်ပျက်စရာ ဖြစ်ဖြစ်လာတယ်။
ငါက ငါ့ထက် အသက် ၂၀-၃၀ ကြီးတဲ့ လူတွေကို ခင်ဗျားတို့ အောင်မြင်အောင် မကြံနိုင် မလုပ်နိုင်လို့ ကျုပ်တို့ ခေတ်အထိ ခေတ်ဆွေး ခေတ်ပျက်၊ မကောင်းတဲ့ မလွတ်လပ်တဲ့ခေတ်ကြီး အမွေကျန်နေရတယ်လို့ ပြောသလို (ဒီလိုပြောတော့ ခေတ်နှစ်ခေတ် သုံးခေတ်တိုင်အောင် ဘ၀တွေအသက်တွေ ရင်းနှီးပေးဆပ်ခဲ့ကြတဲ့ ဘိုးတော်၊ နောင်တော် တော်လှန်ရေးသမားတွေကို စော်ကားမော်ကား ပြောရာရောက်နေပေမယ့် ဖြစ်စဉ်တရားအရ ဒီလို ပဲ ပြောရမှာဖြစ်တယ်။ တော်လှန်ရေးတာဝန်ကျေတယ်၊ ဒါပေမယ့် ခေတ်ကောင်းရောက်အောင် မကြံနိုင် မစွမ်း နိုင်ဘူး။) ငါတို့ခေတ်မှာ အောင်မြင်အောင် မကြံနိုင် မလုပ်နိုင်ဘူးဆိုရင် ငါတို့အောက် အသက် ၂၀-၃၀ ငယ်တဲ့ ကလေးတွေကလည်း ငါတို့ကို မပြောပေဘူးလား။ မင်းတို့ခေတ်ကြရင်လည်း နိုင်အောင်မကြံနိုင်လို့ကတော့ အ ငယ်တွေကလည်း အဲဒီလိုမပြောဘဲ နေမတဲ့လား။
ဒီတော့ သမိုင်းပေးတာဝန်အရ မကောင်းတဲ့ခေတ်ကို ပြောင်းလဲဖို့ ခေတ်ပြောင်းတော်လှန်ရေး လုပ်တဲ့နေရာမှာ တထောင့်တနေရာကနေ အနှစ်သာရရှိရှိ ငါတို့ပါဝင်သင့်တယ်။ မလွဲမသွေ ပါဝင်လုပ်ဆောင်ရမယ့် ၀တ္တရားတ ရပ်လည်းဖြစ်တယ်။ မကောင်းတဲ့ခေတ်ကို ပြောင်းလဲဖို့ ခေတ်ပြောင်းတော်လှန်ရေးကို လုပ်ကိုလုပ်ရမယ်လို့ အ ရိုးထဲ အကြောထဲကကို စိမ့်နေအောင် နှလုံးသွင်းရမယ်။ ခေတ်ကောင်း စနစ်ကောင်းကို ရောက်နေရင်တောင်မှ မကောင်းတဲ့ စနစ်ဆိုး ၀င်မလားရေး အခြေမချနိုင်ရေးအတွက် ကောင်းတဲ့ခေတ်ကို ကာကွယ်ပြီး ကောင်းသ ထက်ကောင်းအောင် ပြုပြင်မွမ်းမံရမယ်ဆိုတာကို ဂါထာရွတ်သလို နှလုံးသွင်းထားရမှာဖြစ်တယ်။ အထူးသဖြင့် တော်လှန်ရေးကို မစားကောင်းတဲ့အသီးလို ရှောင်ဖယ်ဖယ် လုပ်နေသူများအနေနဲ့ ပိုပြီးနှလုံးသွင်းကြရမှာဖြစ် တယ်။
တော်လှန်ရေးသမား
ခေတ်ဆွေးခေတ်ဟောင်း မကောင်းတဲ့စနစ်ဆိုးကိုပြောင်းလဲဖို့ ကြိုးစားနေသူတိုင်းဟာ တော်လှန်ရေးသမား တွေ ဖြစ်တယ်။ အမျိုးမျိုးအစားစား ကွဲပြားနေကြတယ်။ နယ်ပယ်အသီးသီးကနေ ပြုပြင်ပြောင်းလဲရေးအတွက် ကိုယ်သန်ရာသန်ရာ ကဏ္ဍကနေ ကြိုးစားနေကြတယ်။ တော်လှန်ရေးသမားတိုင်းရဲ့ ဆုံမှတ်ဦးတည်ရာက တော့ လူသားဆန်ဆန် လွတ်လပ်ခွင့်ရရှိရေးပဲ။ ဘယ်လိုပဲ ကဏ္ဍတွေကွဲကွဲ၊ ကိုင်စွဲတဲ့မူအားဖြင့် (၂) မျိုးပဲရှိ တယ်။ အဲဒီ (၂) မျိုးက လက်နက်မကိုင်သော တော်လှန်ရေးသမားများနဲ့ လက်နက်ကိုင်သော တော်လှန်ရေး သမားများပဲဖြစ်တယ်။ အဲဒီ (၂) မျိုးထဲက ဘယ်ပုံစံမှာပဲလုပ်လုပ် ရန်သူထိတ်လန့်လေးစားအောင် လုပ်နိုင်ခြင်း ဟာ တော်လှန်ရေးသမားတို့အတွက် အောင်မြင်မှုပဲ။ ရန်သူက ထိတ်လန့်ပြီး လူထုရဲ့ချစ်ခင်မှုကိုရမှ တော်လှန် ရေးသမားကောင်းတွေဖြစ်မှာ အမှန်ပဲ။
တော်လှန်ရေးသမားများထဲမှာ (၂) မျိုးကွဲပြန်တယ်။ တော်လှန်ရေးလုပ်နေသူနဲ့ နိုင်အောင်လုပ်တဲ့လူ ဒီလို နှစ်မျိုးနှစ်စားခွဲပြီး သိရမယ်။ ဆရာတယောက်ကတော့ သုံးမျိုးသုံးစားလို့ဆိုတယ်။ နောက်ထပ်တမျိုးက တော် လှန်ရေးလုပ်စားသူလို့ဆိုတယ်။ ငါကတော့ အဲဒီတစားကို သိလည်းမသိဘူး။ တော်လှန်ရေးသမား စာရင်းထဲ လည်း မထည့်ဘူး။ သိအောင်လည်း မကြိုးစားဘူး။ မင်းတို့လည်း အဲဒီတစားကို သိအောင်လည်း မကြိုးစားနဲ့ စာရင်းထဲလည်း မထည့်နဲ့။
စောစောကပြောတဲ့ တော်လှန်ရေးသမား (၂) မျိုးကို ပြန်ကောက်မယ်။ တော်လှန်ရေးလုပ်နေသူဆိုတာက ကိုယ် လုပ်နေတဲ့ အလုပ်ကို ကိုယ်ကိုယ်တိုင် ဂဃနဏ သဘောမပေါက်သူသော်လည်းကောင်း၊ ၀ါဒလက်ကိုင် မရှိသူ သော်လည်းကောင်း၊ အများနောက် ရေစီးရာမျောပါနေသူသော်လည်းကောင်းဖြစ်တယ်။ သူက များများ မတွေးဘူး။ ရှေ့မသွားဘူး။ တာဝန်ကျေသဘောလောက်ပဲ လုပ်နေတဲ့လူကို ဆိုလိုတယ်။ ၀တ်ကျေတန်းကျေ တော်လှန်ရေးသမားလို့ ဆိုရမှာပေါ့။ ဒါပေမယ့် တနေ့မှာ သူ့ရဲ့ယုံကြည်ချက်တွေ၊ ခံယူချက်တွေ ပြင်းထန်ခဲ့ရင် သူ့ရဲ့ အတွေးအကြံတွေ ရှင်သန်ထမြောက်လာခဲ့ရင်တော့ တော်လှန်ရေးကို စိတ်ထဲကတောင် နည်းနည်းမှ မ တွေးထား မလုပ်ထားတဲ့ သူထက်စာရင် တော်လှန်ရေးသမားကောင်းတယောက် ဖြစ်လာမှာအသေအချာပေါ့။
နောက်တမျိုးတစားက တော်လှန်ရေးကို နိုင်အောင်လုပ်တဲ့သူ။ သူကတော့ မင်းတို့ထင်သာမြင်သာရှိပါတယ်။ မင်းတို့ရဲ့ အကြည့်တချက် ၀င့်လိုက်ရုံ၊ မင်းတို့ရဲ့နား တချက်စွင့်လိုက်ရုံ၊ မင်းတို့ရဲ့ စိတ်အတွေးတချက် ဖွင့် လိုက်ရုံနဲ့တင် အဲဒီတော်လှန်ရေးသမားကောင်းတွေကို ထင်သာမြင်သာ ရှိလာမှာပဲ။ အဲဒီတော်လှန်ရေးသမား တွေရဲ့ စွန့်လွှတ်ပေးဆပ်မှုတွေကို မလွဲမသွေ တွေ့မြင်ကြားသိနေကြရမှာပဲ။ တော်လှန်ရေးကို နိုင်အောင်လုပ် တဲ့ သူရဲ့ စိတ်အကြံ စိတ်အတွေးတွေ အားလုံးနီးပါးဟာ တော်လှန်ရေးအကျိုးစီးပွားကိုပဲ ရှေ့ရှုတယ်။ တိုက် ကွက်ဗျူဟာအသစ်တွေ ခင်ကျင်းတယ်။ တိုက်ပွဲရဲ့ရှေ့ကဦးဆောင်သွားတဲ့ တော်လှန်ရေးတပ်မှူးကောင်းများ အဖြစ်နဲ့ တွေ့နိုင်သလို တိုက်ပွဲဝင်ရာမှာ ဦးလည်မသုန် နောက်မရွံ့စတမ်း တာဝန်ထမ်းနေတဲ့ တော်လှန်ရေး တပ်သားကောင်းတွေအဖြစ်လည်း တွေ့နေကြရမှာဖြစ်တယ်။ အဲဒီတိုက်ပွဲတွေဆီက ဘယ်လိုရလဒ်မျိုးကိုဖြစ် ဖြစ်မတုန်လှုပ်စတမ်း ခံယူဖို့အသင့်ရှိနေတယ်။ မင်းတို့ငါတို့အတွက် နမူနာကောင်းတွေလည်းဖြစ်တယ်။ တော် လှန်ရေးသမားတွေဟာ ခေတ်စနစ်ကောင်းမွန်ဖို့အတွက် သူတို့ရဲ့ ဘ၀ကို စတေးခံပြီး ကြိုးစားနေကြတယ်ဆို တာကို နားလည်ထားရမယ်။
တော်လှန်ရေးသမားရဲ့ စိတ်အခြေခံ
တရားသဘင်တခုမှာ ဗုဒ္ဓက သူ့ရဲ့ပရိသတ်ကို အမေးတခုထုတ်ခဲ့ဖူးတယ်။ သီလကို ဘာကြောင့် စောင့်ထိန်းကြ လဲလို့ အမေးရှိပါတယ်။ အများစုက ကုသိုလ်ရဖို့ (ကောင်းမှုအကျိုးရဖို့)လို့ ဖြေပါတယ်။ အဲဒီအခါ ဗုဒ္ဓက ဟုတ် တယ် မှန်ပါတယ်၊ ဒါပေမယ်လို့ ပညာရှိသူတော်ကောင်းများရဲ့ သီလစောင့်ထိန်းပုံက ဒီလိုရှိတယ်လို့ဆိုပြီး သီ လစောင့်ထိန်းနည်းကို သင်ကြားပေးခဲ့တယ်။ မကောင်းမှုလုပ်ရမှာကို ရှက်ခြင်း၊ ကိုယ်ချင်းစာစိတ်ထားခြင်းတို့ ကို အခြေခံပြီး သူတော်ကောင်း ပညာရှိတွေက မကောင်းမှုကို မကျူးလွန်ဘဲ ထိန်းသိမ်းအပ်တဲ့ သီလကို စောင့် ထိန်းတယ်လို့ သင်ကြားပေးခဲ့တယ်။ တော်လှန်ရေးသမားရဲ့ စိတ်အခြေခံဟာလည်း ဒီအချက်ဘဲဖြစ်တယ်။ မ ကောင်းမှုကို မနှစ်သက်ခြင်းနဲ့ မကောင်းမှုဒဏ် ခံနေရသော ပြည်သူလူထုအပေါ် ကိုယ်ချင်းစာစိတ်ထားခြင်း စိတ်အခြေခံပေါ်မှာ မူတည်ပြီး မိမိကိုယ်မိမိ တော်လှန်ရေးသမားအဖြစ်ခံယူကာ ခေတ်ပြောင်းတော်လှန်ရေး လုပ်နေကြတာဖြစ်တယ်။
တော်လှန်ရေးသမားအဖြစ် ခံယူခြင်း
မင်းတို့ရောက်ရှိနေတဲ့ ကာလရဲ့ မင်းတို့ရဲ့ အမိမြေဟာ မတော်မတည့်ဖြစ်နေရင် တည့်မတ်အောင်လုပ်ဖို့ရာ မင်းတို့ရဲ့ လက်ရှိတာဝန်ဖြစ်နေတယ်။ တည်ဆဲကာလမှာ မတရားမှု ကြီးစိုးနေတယ်ဆိုရင် တရားမျှတမှုရှိ အောင် ထူထောင်ဖို့ မင်းတို့ငါတို့မှာ တာဝန်အပြည့်ရှိနေတယ်။ မတရားသဖြင့် ဖိနှိပ်ချုပ်ချယ်နေသူများနဲ့ မတ ရားမှုကို တွန်းလှန်ဖို့ တော်လှန်ရေးလုပ်နေသူများကြားမှာ မင်းတို့အနေနဲ့ ဘက်တဘက်ဘက်ကို ရွေးချယ်ရမှာ အမှန်ပဲဖြစ်တယ်။ ဘက်မလိုက်ဘဲ ကြားနေခြင်းဟာ မကောင်းမှုဘက်ကို လိုက်လိုက်တာနဲ့ အတူတူပဲဆိုတာ နည်းနည်းကလေး တွေးကြည့်လိုက်တာနဲ့တင် သိနိုင်တယ်။ ခေတ်ကာအခြေအနေအရ ငါ့ ညီများ ညီမများအ နေနဲ့ ရွေးချယ်စရာ လမ်း (၃) သွယ်ပေါ်လာတယ်။ မတရားသဖြင့် ဖိနှိပ်ချုပ်ချယ်ပြီး တိုင်းပြည်တခုလုံးကို အာ ဏာနဲ့ စိုးမိုးဗိုလ်ကျသူများနဲ့ ပေါင်းမလား၊ မတရားမှုကို တွန်းလှန်ပြီး ခေတ်ကာလကောင်းအောင် ပြုပြင်မယ့် တော်လှန်ရေးသမားလုပ်မလား၊ ဘယ်ဘက်မှ မလိုက်ဘူးဆိုပြီး ဖိနှိပ်မှုများကိုခံပြီး ဖိနှိပ်သူများကိ အသံတိတ် ထောက်ခံနေမလားဆိုတဲ့ လမ်း (၃) သွယ်ပဲ။ ခေတ်ပြောင်းတော်လှန်ရေးအလုပ်ဆိုတာ မကောင်းတာကို ကောင်းအောင်ပြုပြင်တဲ့ အလုပ်ဖြစ်တယ်လို့ အထက်မှာ အထပ်ထပ်ပြောခဲ့ပြီးတာမို့ ငါ့ညီများ ညီမများကို ဗိုလ် အောင်ဒင်ဇာတ်ကားထဲက ဂန္ထ၀င်စကားတခွန်းတော့ ပြောလိုက်ချင်ပါတယ်။
“ဒီမယ် မမြ၀င်း၊ လှေနံနှစ်ဖက်နင်းမယ့်အတူတူ၊ ဟောဒီ ဗိုလ်အောင်ဒင် တဘက်ထဲကိုသာ ရဲရဲကြီး နင်းချ လိုက်စမ်းပါ” တဲ့။ ကဲ … ဒီလိုပဲ ငါ့ညီများ ညီမများအနေနဲ့ တော်လှန်ရေးဘက် တဘက်ထဲကိုသာ ရဲရဲပါဝင်ပါလို့ ပြောချင်ပါတယ်။
ဒီစာရဲ့ ခေါင်းစဉ်
ဖတ်ခဲ့ပြီးသမျှကို ပြန်စဉ်းစားပါ။ အနှစ်ချုပ်က မကောင်းတဲ့ခေတ် အခြေအနေကို ကောင်းအောင်ပြုပြင်သော အလုပ်သည် ဘုရားအစရှိသော သူတော်ကောင်းများ နှစ်ခြိုက်သော အလုပ်ဖြစ်သည်လို့ တွေ့ရမှာဖြစ်တယ်။ လူ့ဘ၀ကို ကံသုံးပါးဖြစ်တဲ့ ကိုယ်၊ နှုတ်၊ နှလုံးသုံးပါးနဲ့ မောင်းနှင်တယ်လို့ သဗ္ဗညုဗုဒ္ဓ ဟောကြားခဲ့တယ်။ တော် လှန်ရေးသမားအဖြစ် ခံယူရာမှာလည်း ကိုယ်နှုတ်နှလုံးသုံးပါးနဲ့ ညီညွတ်နေရမှာဖြစ်တယ်။ စိတ်နှလုံးထဲက တော့ မတရားမှုကို နှစ်ခြိုက်မှုမရှိဘူး။ တရားတာကိုသာ ကြိုက်နှစ်သက်တယ်ဆိုရင်ဖြင့် မနောကံ (စိတ်) အား ဖြင့် တော်လှန်ရေးသမားဘ၀ ရောက်ပါပြီ။ ကာယကံမြောက် ကိုယ်တိုင်လုပ်ဖို့နဲ့ ၀စီကံမြောက် ထုတ်ဖော်ပြော ဆိုဖို့သာ လိုနေသေးတာမဟုတ်လား။ ဒီစာရဲ့ခေါင်းစဉ်က အသံထွက် ရွတ်ဖတ်ရမှာဖြစ်တဲ့အတွက် ကိုယ့်လိပ် ပြာကို ကိုယ်ပြန်မေးပါ။ ငါ တကယ်ပဲ မတရားမှုကို မနှစ်ခြိုက်တာလား၊ မတရားမှုကို တကယ်တော်လှန်ချင်တာ လား၊ တိကျခိုင်မာတဲ့ အဖြေတခုခု ရပြီဆိုရင်တော့ ခပ်တိုးတိုးလေးဖြစ်ဖြစ် (ကိုယ့်လိပ်ပြာ ကြားရုံလေးဖြစ်ဖြစ်) စာရဲ့ခေါင်းစဉ်ကို အသံထွက် ရွတ်ကြည့်လိုက်ပါ။
ငါ … တော်လှန်ရေးသမား
ခေတ်ပြောင်းတော်လှန်ရေးဘက် မလိုက်သူသည် မကောင်းသော စနစ်ဆိုးကို ဖက်တွယ်နေလိုသူသာလျှင်ဖြစ်သည်။
(ငါတို့ဘက်လိုက်ကြရမည်)
အလင်းတန်း (၉)
နအဖ မိစ္ဆာတပ်တွေ ဘုရားကိုခေါင်းဖြတ်သတ်ကြသည်
Wednesday, February 18, 2009
၂၀၀၉ နှစ်သစ်လက်ဆောင်
Posted by
ခြားနားသူ
at
5:55 PM
1 comments
Labels: အမြင်သဘောထား
Thursday, August 21, 2008
မြန်မာ့တော်လှန်ရေးအနှစ်နှစ်ဆယ်ခရီး
ခြုံငုံဆိုရလျှင် မြန်မာ့တော်လှန်ရေးအနှစ်နှစ်ဆယ်ခရီးတွင် အတိုက်အခံများအားလုံးသည် ကနဦးဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်စတင်ရန် အထက်တွင်ဖော်ပြကဲ့သို့ နည်းလမ်းပေါင်းများစွာကို ခုန်ပြန်ကျော်လွှားအသုံးပြုခဲ့ကြပြီးသားပင် ဖြစ်ပါသည်။ ထိရောက်မှုရသင့်သလောက်မရခဲ့သည့်အချက်မှာကား မည်သည့်ဖြစ်စဉ်ကိုမှ တစိုက်မတ်မတ် ဦးတည်ခြင်းမရှိပဲ ဟိုကွေ့ဟိုတက်နှင့် လှော်၊ ဒီကွေ့ဒီတက်နှင့်လှော်နေကြခြင်းကြောင့်သာ ဖြစ်ပါသည်။ သို့ဖြစ်ရာ လှိုင်းထန်လှသော ပင်လယ်ပြင်မှ တော်လှန်ရေးလှေငယ်ကား လက်နက်ကိုင်တော်လှန်ရေးဆီရောက်လိုက်၊ နိုင်ငံတကာဖိအားဆီရောက်လိုက်၊ လူထုတိုက်ပွဲဆီ ရောက်လိုက်၊ စီးပွားရေးပိတ်ဆို့မှုဆီရောက်လိုက်၊ ယူအင်ဆီရောက်လိုက်၊ အမေရိကန်ဆီရောက်လိုက်၊ အာဆီယံဆီရောက်လိုက်၊ Humanitarian Intervention ဆီရောက်လိုက်၊ တပ်မတော်အားခွဲ၍ မျိုးချစ်ခေါင်းဆောင်များပြည်သူနှင့်ပူးပေါင်းရေးဆီ ရောက်လိုက်ဖြစ်ကာ ပင်လယ်ပြင်ထဲတွင် ၀ိုင်းကြီးပတ်ပတ်လည်နေသကဲ့သို့ ဖြစ်နေပါသည်။
နည်းလမ်းတခုတည်းကို လုပ်ရမည်ဟု ကျွန်ုပ်မဆိုလိုပါ။ သို့ပေမယ့် ဦးတည်သော ဖြစ်စဉ်ပေါ်မူတည်၍ ပိုမိုအာရုံစိုက်လုပ်ရမည့် လမ်းကြောင်းများရှိပါသည်။ လျှော့ရမည့် လမ်းကြောင်းများလည်း ရှိပါသည်။ ဥပမာ- လူထုတိုက်ပွဲနှင့် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို အာရုံစိုက်သည်ဆိုလျှင် တော်လှန်ရေးကို လူထုနှင့် တသားတည်းဖြစ်အောင် ပြုလုပ်ရပါမည်။ ပြည်သူအများအား ကိုယ့်အားကိုယ်ကိုးစိတ်ဖြစ်လာစေရန် တွန်းအားပေးရပါမည်။ မျှော်တော်ယောင်ဖြစ်အောင် အခုပဲ နိုင်ငံတကာဝင်လာတော့မည်ဆိုလိုက်၊ အခုပဲ လူထုနည်းနဲ့မှ အောင်မြင်တော့မည်ဆိုလိုက် လုပ်နေခြင်းမှာ တော်လှန်ရေးအတွင်း တွေဝေမှုကို ဖြစ်စေနိုင်ပါသည်။ တိုက်ပွဲတခုတွင် စစ်ကူလာမည်ဟု ယုံကြည်ထားသောတပ်မှူး၏ ဆုံးဖြတ်ချက်၊ တပ်သားများ၏ခံယူချက်နှင့် စစ်ကူမလာနိုင်၊ မိမိဘာသာတိုက်ရမည်ဟု သိထားသော တပ်မှူးတယောက်၏ ဆုံးဖြတ်ချက်၊ တပ်သားများ၏ ခံယူချက်တို့ မည်မျှကွာခြားလှသည်ကို ဂရုပြုသင့်ပါသည်။ လွဲမှားသော မျှော်လင့်ချက်ပေးခြင်းသည် လှည့်စားခြင်းဖြစ်ကြောင်း သတိပြုရပေမည်။
ချုပ်၍ဆိုရလျှင် ပြတ်သားသော လမ်းစဉ်မရှိပဲ ဒေါ်အောင်ဆန်းစုကြည်လွှတ်လျှင် လွတ်လာပြီ၊ ထိန်းသိမ်းထားလျှင် ထိန်းသွားပြန်ပြီ၊ ကိုမင်းကိုနိုင်လွတ်လျှင် လွတ်လာပြီ၊ ပြန်အဖမ်းခံရလျှင် အဖမ်းခံရပြန်ပြီ၊ စစ်အုပ်စုက လူသတ်လျှင် သတ်ပြန်ပြီ၊ မုဒိမ်းကျင့်လျှင် ကျင့်နေကြပြီ၊ လိမ်သွားလျှင် လိမ်သွားပြန်ပြီ၊ နိုင်ငံတကာကဖိအားပေးလျှင် ပေးလိုက်ပြီ၊ အာဆီယံကပူးပေါင်းသွားလျှင် မကောင်းဘူးလူဆိုး၊ တရုတ်က အကူအညီပေးလျှင် အစုတ်ပလုတ်သူခိုး၊ လူမျိုးပြုန်းတီးရေးလုပ်နေလျှင် လူမျိုးပျောက်တော့မယ်၊ ကယ်ကြပါဦး စသည်များကိုသာ အော်ဟစ်ကာ ဖြစ်စဉ်များကို report များလိုက်ရေး၊ သတင်းများကြေငြာရုံမျှနှင့် ရေရှည်ဆက်သွားကြမည်ဆိုလျှင်တော့ အနှစ်နှစ်ဆယ်တော်လှန်ရေးလှေငယ်လေးသည် တ၀ဲဝဲလည်ရုံတင်မက စုန်းစုန်းမြှုပ်သွားနိုင်သည် ဖြစ်ပါ၍ ပြတ်သားသောလမ်းစဉ်၊ ကျစ်လစ်သောစုစည်းမှု၊ ခိုင်မာသော ရပ်တည်ချက်တို့ဖြင့် မြန်မာနိုင်ငံတွင် ကနဦး ဒီမိုကရေစီပြောင်းလဲမှုစတင်ရန် ၀ိုင်းဝန်းကြိုးစားသင့်ကြပါကြောင်း ရေးသားတိုက်တွန်းလိုက်ရပေသည်။
(မှတ်ချက်။ ။ အ၀ီစိရေတွင်းတူးလျှင် မိုးရွာမှ မြေပျော့သည်ဆိုပြီး၊ ဟိုတူးဒီဆွ လုပ်၍မရပါ။ ရေကြောကို သေသေချာချာရှာ၍ လိုအပ်သော စက်ကိရိယာအကူအညီဖြင့် စနစ်တကျတူးမှသာ နောင်လာနောက်သားများ နှစ်ပေါင်းများစွာ သောက်သုံးနိုင်သော အ၀ီစိရေတွင်းတခုကို တူးဖော်ထားရှိနိုင်ပါလိမ့်မည်)
ဒီမိုကရေစီသစ္စာဖြင့်
ခင်မမမျိုး (၁၀၊ ၆၊ ၂၀၀၈)
Rest of your post
Posted by
ခြားနားသူ
at
2:27 AM
0
comments
Labels: အမြင်သဘောထား
ဘေဂျင်းအိုလံပစ်၊ ကမ္ဘာ့နိုင်ငံရေးချိန်ခွင်လျှာနှင့် မြန်မာ့အရေးအနှစ်နှစ်ဆယ်
(၂၀၀၈) ခုနှစ်၊ သြဂုတ်လ ရှစ်ရက်နေ့တွင် ကမ္ဘာ့အိုလံပစ်ပွဲတော်ကြီးကို တရုတ်နိုင်ငံတွင် စတင်ကျင်းပတော့မည်ဖြစ်သည်။ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ တိဗက်အရေးကိစ္စများ၊ လုံခြုံရေးကောင်စီတွင် ဗွီတိုအာဏာကျင့်သုံးမှုများကြောင့် အိုလံပစ်ပွဲကျင်းပသည့် အိမ်ရှင်တရုတ်နိုင်ငံသည် ဒီမိုကရေစီနိုင်ငံများအကြား၊ လူ့အခွင့်အရေးလှုပ်ရှားမှု အဖွဲ့အစည်းများ အကြားတွင် အဝေဖန်ခံရမှု ရေပန်းစားနေသောနိုင်ငံဖြစ်သည်။ အခြားတဘက်တွင်လည်း မယုံကြည်နိုင်လောက်အောင် အရှိန်အဟုန်ဖြင့် ခုန်တက်လာသော စီးပွားရေးတိုးတက်မှုများကြောင့် စစ်အေးကာလပြီးချိန်မှစ၍ ကမ္ဘာ့နိုင်ငံရေးတွင် တပင်တိုင်မင်းသားကြီးဖြစ်နေသော အမေရိကန်နှင့် ယှဉ်ပြိုင်ဖက်ဖြစ်လာနိုင်မည်လားဆိုသည်ကို အကဲခတ်စောင့်ကြည့်လေ့လာခံနေရသော နိုင်ငံဖြစ်သည်။ ထိုသို့သော ကမ္ဘာ့နိုင်ငံရေးချိန်ခွင်လျှာ အပြောင်းအလဲကာလတွင် မြန်မာ့ဒီမိုကရေစီအရေးကလည်း အနှစ်နှစ်ဆယ်ကြာကာလအတွင်းသို့ ချဉ်းနင်းဝင်ရောက်ခဲ့ပြီဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ဖြစ်ပွားလာသည်ကား အိုလံပစ်စတင်ကျင်းပသည့် သြဂုတ်လ (၈)ရက်နေ့သည် လွန်ခဲ့သော အနှစ်နှစ်ဆယ်က မြန်မာနိုင်ငံတွင် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီး စတင်ခဲ့သည့် နေ့ထူးနေ့မြတ်ပင်ဖြစ်သည်။ ယခုဆောင်းပါးတွင် အဆိုပါ ဘေဂျင်းအိုလံပစ်၊ ကမ္ဘာ့နိုင်ငံရေးချိန်ခွင်လျှာ၊ မြန်မာ့ဒီမိုကရေစီအရေးကိစ္စများနှင့် ပတ်သက်သည်များကို အနည်းငယ် တင်ပြဆွေးနွေးလိုပါသည်။
ဘေဂျင်းအိုလံပစ်ကျင်းပရာတရုတ်ပြည်
ပြည်တွင်းတွင်လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ပြည်ပကမ္ဘာ့အရေးတွင် လူသားချင်းစာနာမှုဖြင့် ၀င်ရောက်ကျူးကျော်စွက်ဖက်ရေးများအား ဗွီတိုအာဏာကျင့်သုံး၍ တားဆီးပိတ်ဆို့မှုများ၊ အာဏာရှင်နိုင်ငံများအား အကာအကွယ်ပေးမှုများ ပြုလုပ်နေသော တရုတ်ပြည်သူ့သမ္မတနိုင်ငံအား အိုလံပစ်ပြိုင်ပွဲကျင်းပခွင့်ပေးအပ်ချိန်မှ အစပြု၍ ကမ္ဘာတလွှားတွင် ကန့်ကွက်မှုများ၊ သပိတ်မှောက်မှုများ ဖြစ်ပွားလာခဲ့သည်။
ထိုသို့ လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများက မည်သို့ပင် ကန့်ကွက်နေလင့်ကစား ဒီမိုကရေစီနိုင်ငံများအပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းကတော့ ပြစ်တင်ဝေဖန်သည်ဆိုသော စကားလုံးများ တခါတရံ ပြောဆိုသည်မှလွဲ၍ တက်တက်ကြွကြွ ကန့်ကွက်ခြင်း မရှိလှ။ တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုတိုးမြှင့်ရေး၊ ချစ်ကြည်စွာလက်တွဲရေးများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ကြသည်။ အိုလံပစ်မီးရှူးတိုင်သယ်ဆောင်ရေးတွင် အနှောင့်အယှက်ပြုနိုင်သူများကို ကြိုတင်ဖမ်းဆီးသည်အထိပင် ကာကွယ်ပေးခဲ့ကြသည်။
တိဗက်အရေးကိစ္စဖြစ်လာတော့ ကမ္ဘာ့အသံလွှင့်မီဒီယာတခုမှ ဥရောပဒီမိုကရေစီနိုင်ငံတခု၏ ၀န်ကြီးချုပ်အား လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ တရုတ်နိုင်ငံအား မည်သို့အရေးယူသင့်သနည်းဟု မေးမြန်းရာတွင် “ကုန်သွယ်မှုများများလုပ်တာနဲ့အမျှ စီးပွားရေးတိုးတက်လာတာနဲ့အမျှ လူ့အခွင့်အရေးချိုးဖောက်မှုတွေ လျော့နည်းသွားမှာပါ” ဟူ၍ ပြန်လည်ဖြေကြားခဲ့သည်။ လူ့အခွင့်အရေးပြဿနာရှိသော နိုင်ငံများအား စီးပွားရေးပိတ်ဆို့မှုများဖြင့် အရေးယူတတ်လေ့ရှိသော ဒီမိုကရေစီပရိုမိုးရှင်းလုပ်နေသည့် နိုင်ငံများအတွက် တရုတ်နိုင်ငံသည်ကား အဘယ်ကြောင့် ခြွင်းချက်ဖြစ်နေရသနည်း။
အဖြေကားရှင်းပါသည်။ တရုတ်နိုင်ငံ၏ economic power သည် ကမ္ဘာ့ဈေးကွက်ကို ထိန်းချုပ်ထားနိုင်သည့် အခြေအနေဖြစ်နေသောကြောင့်ပင်။ ကမ္ဘာတ၀ှမ်း၌ ရောင်းချနေသည့် စားသောက်ကုန်၊ အ၀တ်အထည်၊ လူသုံးကုန်ပစ္စည်းတော်တော်များများတွင် made in China ဆိုသော စကားလုံးမပါသည့်ပစ္စည်းက ခပ်ရှားရှားဖြစ်လာနေပေပြီ။ နောက်ဆုံးစစ်လက်နက်ပစ္စည်းများတွင်ပင် တရုတ်ထုတ်ကုန်များက နေရာအနှံ့လွှမ်းမိုးလာခဲ့သည်။ သုံးဒေါ်လာခန့်သာတန်သည့် 72A အမျိုးအစား တရုတ်လုပ်မြေမြှုပ်မိုင်းများသည်ပင် ပြည်တွင်းစစ်ဖြစ်ပွားရာ နိုင်ငံများရှိ မြေပြင်နေရာအနှံ့တွင် perfect soldier များအဖြစ် နေရာယူထားခဲ့ကြသည် မဟုတ်ပါလား။ ပြောင်းလဲလာသော ကမ္ဘာ့နိုင်ငံရေး ချိန်ခွင်လျှာကို ကျွန်ုပ်တို့ ထည့်သွင်းစဉ်းစားကြရမည်ဖြစ်သည်။
ကမ္ဘာ့နိုင်ငံရေးချိန်ခွင်လျှာ
စစ်အေးကာလအပြီး အမေရိကန်နှင့် အနောက်ဥရောပနိုင်ငံများ၏ နိုင်ငံခြားရေးရာ မူဝါဒများ၌ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးသည် ထိပ်ဆုံးမှ နေရာယူလာခဲ့သည်။ ဥရောပသမဂ္ဂ ၏ aid policy များတွင်လည်း လူ့အခွင့်အရေးအားလေးစားတန်ဖိုးထားမှုနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းမှုများသည် အရေးပါဆုံးသော သတ်မှတ်ချက်များ ဖြစ်လာခဲ့သည်။ နိုင်ငံတကာအဖွဲ့အစည်းများဖြစ်ကြသော ကမ္ဘာ့ဘဏ်နှင့် အိုင်အမ်အက်ဖ်တို့ကလည်း လူ့အခွင့်အရေးကဏ္ဍအရေးကြီးဆုံးဖြစ်သော good governance လိုအပ်ချက်ကို အာရုံစိုက်ဖော်ဆောင်ခဲ့ကြသည်။ နိုင်ငံရေးသိပ္ပံပညာရှင် Francis Fukuyama က 'The end of history' ဟုပင် အဆိုပြုခဲ့သည်။ Liberal international order သည် တခုတည်းသာ ကျန်ရှိတော့သည့် new world order အဖြစ် ရှုမြင်သုံးသပ်ခဲ့ကြသည်။ အမေရိကန်သမ္မတအဆက်ဆက်ကလည်း ဖူကူရာမ၏ အဆိုများကို သံယောင်ပြုခဲ့ကြသည်။ Immanuel Kant ၏ ဒီမိုကရက်တစ်ငြိမ်းချမ်းရေးစာတမ်းတွင် ဖော်ပြထားသကဲ့သို့ ကမ္ဘာ့နိုင်ငံများတွင် လစ်ဘရယ်ဒီမိုကရက်တစ် အုပ်ချုပ်ရေးတည်ဆောက်ခြင်းဖြင့် perpetual peace ကို ရရှိစေနိုင်မည် ဟူသော အချက်ကို အလေးအနက်ထားခဲ့ကြသည်။
သို့ပေမယ့် ကမ္ဘာကြီးပေါ်တွင် အမှန်တကယ်ဖြစ်ပွားခဲ့သည်များကတော့ ဤမျှလောက် မလွယ်ကူ၊ မအေးချမ်းခဲ့ပါ။ အခြားနိုင်ငံရေးသိပ္ပံပညာရှင်တဦးဖြစ်သူ Samuel Huntington ဆိုထားခဲ့သည့် clash of civilization သည် အမှန်တကယ်ပင် ဖြစ်ပွားလာခဲ့ပါသည်။ နိုင်ငံတကာ ဆက်ဆံရေးတွင် nation states များသည်သာ primary အဖြစ်ရှိပြီး၊ global order မှာလည်း ယဉ်ကျေးမှုဆိုင်ရာအဆိုများ၏ လွှမ်းမိုးမှုများပေါ်တွင် ပိုမိုတည်မှီလာခဲ့ပါသည်။ Confucian, Sinic, Islamic power blocs များ ပေါ်ပေါက်လာခဲ့ပါသည်။
အာရှနိုင်ငံများတွင် စင်ကာပူ၊ မလေးရှားနိုင်ငံများမှ ဦးဆောင်၍ Asian values ကို ကြွေးကြော်ခြင်းဖြင့်လည်းကောင်း၊ အရှေ့အလယ်ပိုင်းဒေသများတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများသည် အစ္စလာမ်ဘာသာကို undermine လုပ်သည်ဟူသော အဆိုများဖြင့် လည်းကောင်း၊ အမေရိကန်နှင့် မဟာမိတ်များ၏ ဒီမိုကရေစပရိုမိုးရှင်းနှင့် universal human rights ကို ဆန့်ကျင်အာခံခဲ့ကြသည်။ အစွန်းရောက်စစ်သွေးကြွဝါဒီများအတွက်ကား အမေရိကန်နှင့် ဥရောပနိုင်ငံများသည် ရန်သူများစာရင်းသို့ သွတ်သွင်းခြင်းခံခဲ့ရသည်။ ကမ္ဘာတ၀ှမ်းတွင် အကြမ်းဖက်မှုများက စိုးမိုးလာခဲ့သည်။ ထိုအခါ အမေရိကန်က war on terror ကြေငြာ၍ ပြဿနာများကို ဦးဆောင်ဖြေရှင်းသည်။ ရလာဘ်မှာကား အမေရိကန်၏ လုပ်ဆောင်ချက်များသည် defensive strategy ပေါ်တွင် အခြေမပြုတော့ပဲ တစတစ doctrine of pre-emption ခေါ် အမေရိကန် homeland နှင့် ပြည်ပရှိအမေရိကန် interest များအား ရန်သူကမတိုက်ခိုက်ခင် မိမိက ဦးစွာစစ်ရေးအရ တိုက်ခိုက်အနိုင်ယူခြင်း အပေါ်တွင် အခြေပြုလာသည်။ တနည်းဆိုရလျှင် အမေရိကန်နိုင်ငံ၏ imperialist motive သည် တစတစ ကျယ်ပြန့်လာခဲ့သည်။ အီရတ်ကို ၀င်ရောက်ကျူးကျော်ပြီး နောက်ပိုင်းတွင်ကား ကမ္ဘာတ၀ှမ်းတွင် အမေရိကန်အား ဝေဖန်တိုက်ခိုက်မှုများ ပိုမိုများပြားလာခဲ့သည်။
အခြားတဘက်တွင်လည်း တရုတ်နိုင်ငံ၏ economic power မှာ ကမ္ဘာတ၀ှမ်းကို လွှမ်းမိုးလာခဲ့သည်။ စစ်အေးတိုက်ပွဲပြီးစဉ်မှစ၍ တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒမှာ အဓိကအချက်နှစ်ချက်ကို အခြေခံထားသည်။ ပထမတချက်က ပြည်တွင်းဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံတကာ conditions များကို maintain လုပ်ရန်ဖြစ်ပြီး၊ ဒုတိယတချက်မှာကား နိုင်ငံတကာ ambitions များကို frustrate လုပ်လာနိုင်မည့် အမေရိကန်နှင့် အခြားနိုင်ငံများ၏ လုပ်ကိုင်နိုင်ရည်ကို လျှော့ချရန်ဖြစ်သည်။ ယင်းအတွက် တရုတ်နိုင်ငံသည် multilateralism ကို အသုံးပြုဖော်ဆောင်ထားသည်။ အမေရိကန်၏ operative principle မှာလည်း balance of power ကို maintain ဆက်လုပ်ထားရန်ဖြစ်သည်။ အမေရိကန်နှင့် တရုတ်တို့အကြား strategic partners များအဖြစ် နေကြမည်လား၊ strategic competitors များအဖြစ် ရင်ဆိုင်လာကြမည်လား ဆိုသည်ကို မေးဖွယ်ရာ ဖြစ်လာသည်။
အမေရိကန်နိုင်ငံတခုတည်းတွင် တရုတ်နိုင်ငံ၏ industrialization ကို stall လုပ်နိုင်မည့် distributive power မရှိသကဲ့သို့ မည်သည့် အနောက်ဥရောပနိုင်ငံ၊ ဂျပန်နှင့်ရုရှားနိုင်ငံတို့မှလည်း ထိုသို့အမေရိကန်လုပ်မည့် လမ်းကြောင်းကို အကူအညီပေးဖွယ်ရာမရှိပေ။ သို့ဖြစ်ရာ တရုတ်နိုင်ငံကို အမေရိကန်မှ hostile လုပ်ခြင်းအားဖြင့် တရုတ်နှင့်ရုရှားပိုမိုနီးကပ်စွာ ပူးပေါင်းသွားစေခြင်းသာ အဖတ်တင်ကျန်ရစ်မည်ဖြစ်သည်။ သို့ဖြစ်၍ အမေရိကန်တွင် တရုတ်နိုင်ငံ ပါဝါတက်လာမှုကို accommodate လုပ်ရုံမှတပါး ရွေးချယ်ရာလမ်းမရှိ။ တရုတ်နှင့် strategic partner မဖြစ်သေးစေကာမူ strategic competitor ဖြစ်လာမည်ကား မဟုတ်နိုင်ပေ။ သို့ဖြစ်ရာ တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်ရုံသာမက Geopolitics အရ အရေးကြီးဆုံးနိုင်ငံတနိုင်ငံဖြစ်နေသော မြန်မာနိုင်ငံအား အမေရိကန်မှစစ်ရေးအရ ၀င်ရောက်စွက်ဖက်ရန် တောင်းဆိုခြင်းသည် ဖိုးလမင်းထံမှ ထမင်းဆီဆမ်း ရွှေလင်ဗန်းတောင်းနေသကဲ့သို့ပင်ဖြစ်ကာ မျှော်လင့်ချက်မှားများဖြစ်စေသည့် strategic failure တစ်ခုပင်ဖြစ်လေသည်။
အနှစ်နှစ်ဆယ်မြန်မာ့ဒီမိုကရေစီအရေး
မြန်မာ့ဒီမိုကရေစီအရေး အနှစ်နှစ်ဆယ်ကြာအောင် ရှည်ကြာနေရသည့် အကြောင်းရင်းများတွင် အတိုက်အခံများ စည်းလုံးမှုအားနည်းခြင်း၊ တပ်ဦးပါတီ၏ ဦးဆောင်မှုအရည်အချင်း ယုတ်လျော့ခြင်း၊ ဆုံးဖြတ်ချက်ချမှတ်နိုင်မှု နှောင့်နှေးခြင်း၊ အခွင့်အရေးသမားများ အရေခြုံဝင်ရောက်လာခြင်း၊ မဟာဗျူဟာ၊ နည်းဗျူဟာပိုင်းဆိုင်ရာ အတွေးအခေါ်အားနည်းခြင်း စသည်တို့သာမက ကမ္ဘာ့နိုင်ငံရေး ချိန်ခွင်လျှာ အပြောင်းအလဲများကပါ အရေးပါသော အကွေ့အပြောင်းများကို ဖြစ်ပွားစေခဲ့သည်။
တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများမှ မြန်မာစစ်အစိုးရကို နိုင်ငံတကာ စာမျက်နှာများတွင် အကာအကွယ် ပေးနေသယောင်ဖြစ်နေခြင်းကို စစ်ဗိုလ်ချုပ်များနှင့် ထိုအစိုးရများကြားမှ စီးပွားရေးအကျိုးအမြတ်ကြောင့် ဟု လူအများက ထင်မှတ်ကြသည်။ အတိုင်းအတာတခုအထိ ပါဝင်သည်မှန်သော်လည်း၊ လက်တွေ့တွင်ကား မြန်မာ့အရေးသည် အင်အားကြီးနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၏ power games များတွင် ကြားညပ်နေခြင်းသာ ဖြစ်သည်။
လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စီးပွားရေးယုတ်လျော့ကျဆင်းမှုများဖြင့် ပြည့်နှက်နေသော မြန်မာနိုင်ငံအား အာဆီယံမှ လက်ခံခဲ့သည့် အချိန်သည် cultural relativism သဘောတရားကို လက်ကိုင်ပြုကာ Asian values အဆိုများဖြင့် အာရှနိုင်ငံများမှ အနောက်အုပ်စုနိုင်ငံများ၏ ဒီမိုကရေစီပရိုမိုးရှင်းအပေါ် အားစမ်းနေသည့် ကာလတွင်ဖြစ်သည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံသည် တည်ကြက်သဖွယ် ဖြစ်ခဲ့ရသည်။ တဖန် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာ့အရေးကို တင်နိုင်လာချိန်တွင်လည်း တရုတ်နိုင်ငံသည် မည်သည့်နိုင်ငံကမှ challenge မလုပ်ရဲတော့သည့် economic power ကို ပိုင်ဆိုင်ထားသည့် အချိန်အခါတွင် ဖြစ်နေခဲ့ပါသည်။ စစ်မဟာဗျူဟာ လေ့လာရေးနှင့် အပြည်ပြည်ဆိုင်ရာလုံခြုံရေး မည်သည့်ရှုထောင့်မှပဲ ကြည့်ကြည့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွင်းသို့ အနောက်အုပ်စုတပ်များဝင်ရောက်မှုကို မည်သည့်ရည်ရွယ်ချက်ဖြင့်ပင် ဖြစ်စေကာမူ လက်ခံမည်မဟုတ်သည်မှာ အသေအချာပင်ဖြစ်နေပေသည်။
ဤသို့သော အခြေအနေတွင် အဆိုးဆုံးဖြစ်နေသည်ကား မြန်မာ့ဒီမိုကရေစီအရေးသည် တော်လှန်ရေးတခုတွင် ဖွင့်လှစ်ထားရှိရမည့် စစ်မျက်နှာ ငါးမျိုးအနက် နိုင်ငံတကာ စစ်မျက်နှာ (international battlefront) တခုတည်းကိုသာ ဦးတည်ထားသည့် အချက်ဖြစ်သည်။ (၁၉၉၆) မှ (၂၀၀၄) အထိ ကာလတလျှောက်တွင် မြန်မာ့ဒီမိုကရေစီအတိုက်အခံများသည် နိုင်ငံတကာ ကင်ပိန်းများကိုသာ အာရုံစိုက်ပြုလုပ်ခဲ့ကြပြီး၊ အခြားစစ်မျက်နှာများဖြစ်သော စစ်ရေးစစ်မျက်နှာ (military battlefront)၊ နိုင်ငံရေးစစ်မျက်နှာ (political battlefront) ၊ ယဉ်ကျေးမှုနှင့်ယုံကြည်သက်ဝင်မှုစစ်မျက်နှာ (cultural-spiritual battlefront) နှင့် လူမှုစီးပွားစစ်မျက်နှာ (social economic battlefront) များတွင် အာရုံစိုက်မှုနည်းခဲ့ကြသည်။ ပြည်တွင်းတွင်ရှိသော တိုက်ပွဲကို ပြည်ပမှ အမြောက်ပစ်၍ စစ်ကူပေးသည့် အလုပ်များကိုသာ ဦးစားပေးခဲ့ကြသည်။ ပြည်တွင်းတွင် မြေအောက်ယူဂျီကွန်ယက်များကို မြို့ပြကျေးလက်အဆင့်ဆင့် ထိုးဖောက်ချိတ်ဆက်ရမည့်အစား၊ ပြည်ပနိုင်ငံပြည်သူများ အာရုံစိုက်မှုရစေရေးတွင် အချိန်ပေးခဲ့ကြသည်။
တော်လှန်ရေး၏ အဓိကသော့ချက်ဖြစ်သော winning the hearts of people ဗျူဟာကို ပြည်တွင်းတွင် အကောင်အထည်ဖော်ရေးထက် ပြည်ပနိုင်ငံများတွင် အကောင်အထည်ဖော်ရေးကို အားသန်ခဲ့ကြသည်။ ပြည်ပနိုင်ငံပြည်သူများမှ သနားညှာတာစွာ ပေးအပ်သော ကရုဏာများကို သာယာခဲ့ကြသည်။ ပြည်ပအစိုးရများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ မြန်မာ့အရေးအတွက် statement လေးတခု ထုတ်ပေးလျှင်ပင် ဟုတ်လှပြီဟေ့၊ ငါကွဟု ကြွေးကြော်ခဲ့ကြသည်။ ထိုအချိန်များတွင် ပြည်တွင်းမှ ပြည်သူလူထုနှင့် တော်လှန်ရေးတို့ တစတစဝေးကွာမှန်းမသိ ဝေးကွာလာသည်ကို သတိမပြုမိခဲ့ကြ။ စစ်အာဏာရှင်စနစ်အောက်တွင် မွန်းကြပ်နေသော ပြည်သူလူထုအတွက် လွတ်မြောက်ရာလမ်းကို ဦးဆောင်ညွှန်ပြခြင်း မရှိခဲ့ကြ။ မျှော်လင့်ချက်မှားများ ပေးခဲ့ကြသည်။
(၂၀၀၅) ခုနှစ်မှ အစပြုပြီး ဒီမို ၂၀၀၆ ကြွေးကြော်သံများနှင့်အတူ လူထုတိုက်ပွဲလမ်းကြောင်းပေါ် ပြန်ရောက်လာသည်အထိ၊ ထိုအယူအဆများက ပျောက်ကွယ်သွားခြင်းမရှိခဲ့။ လူထုတိုက်ပွဲတခုတွင် နယ်အနှံ့ပျံ့နှံ့သွားမှု၊ ဖော်ဆောင်သူများမှ တိုက်ပွဲအရှိန်ကို ထိန်းသိမ်းထားနိုင်မှု၊ လူအများပူးပေါင်းပါဝင်လာမှု၊ အကျအဆုံးနည်းစွာနှင့် ထိရောက်နိုင်မှု၊ ပျောက်ကျားများကဲ့သို့ ဟိုနေရာပေါ်၊ ဒီနေရာပျောက်ဖြင့် အာဏာရှင်များအား လှည့်စားနိုင်မှု စသည်တို့သည် ပြည်ပနိုင်ငံပြည်သူများ သတင်းတခုထိုင်ကြည့်ပြီး သြော်- သူတို့တိုင်းပြည်မှာ ဒီလိုဖြစ်နေပါလား မှတ်ချက်ပေးခံရရန်၊ ပြည်ပနိုင်ငံအစိုးရများမှ မြန်မာစစ်အစိုးရအားပြစ်တင်ရှုတ်ချလိုက်ကြောင်း စတိတ်မင့် တခုထွက်ပေါ်လာစေရန် ကြိုးပမ်းအားထုတ်မှုများထက် ပို၍ အရေးကြီးပါသည်။ ထိုသို့မဟုတ်ပဲ တော်လှန်ရေးတခုကို ဒီမိုကရေစီနိုင်ငံများတွင် ပြုလုပ်သည့် ကင်ပိန်းတခုကဲ့သို့သော အယူအဆများဖြင့် ပြုလုပ်နေပါက အောင်မြင်မှုရာနှုန်းနည်းနိုင်ပါသည်။ စက်တင်ဘာတော်လှန်ရေးကဲ့သို့ ပြည်သူလူထုမှ အမေရိကန်တပ်များဝင်လာမှာကို စောင့်မျှော်ရင်း ပြီးဆုံးသွားသည့် အမှားမျိုးထပ်မံမဖြစ်ပွားစေရန် ဂရုပြုကြရပါမည်။
ထို့အပြင် ပြည်ပအတိုက်အခံများတွင် standpoint နှင့် scope ကို အဖွဲ့အစည်းများ အလိုက် သတ်မှတ်ကြရန်လည်း လိုအပ်လာပြီဟု မြင်ပါသည်။ အနှစ်နှစ်ဆယ်ကာလတွင် မိမိတို့နှင့် အနီးကပ်ဆုံး ဆက်ဆံကြရသည်က အစိုးရများထက် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်ဖြစ်ပါသည်။ ထိုအဖွဲ့အစည်းများတွင် အချို့က လူ့အခွင့်အရေးအဖွဲ့များ၊ အချို့က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များ၊ အချို့က နိုင်ငံရေးအကျဉ်းသားစောင့်ရှောက်ရေး၊ အချို့က အမျိုးသမီးအခွင့်အရေးအဖွဲ့များ စသည်ဖြင့် အမျိုးမျိုး ရှိပါသည်။ ထိုသို့ပူးတွဲလုပ်ဆောင်ရင်း မိမိတို့ အတိုက်အခံအင်အားစုများသည် စစ်အာဏာရှင်အားတိုက်နေသည့် တော်လှန်ရေးအဖွဲ့များ အသွင်မဆောင်တော့ပဲ အင်ဂျီအိုအဖွဲ့များ ပုံသဏ္ဍာန်ဖြစ်လာပါသည်။ report များထုတ်လိုက်၊ ပရောဂျက်များတင်လိုက်၊ ချပေးသည့် funds များဖြင့် ချပေးသည့် ပရောဂျက်များ လုပ်လိုက်၊ စတိတ်မင့်များ ထုတ်လိုက်ဖြင့် non- state actors များဖြစ်သည့် Transnational organizations အသွင် များပေါက်လာပါသည်။ မြန်မာနိုင်ငံမှ စစ်အစိုးရအားတိုက်နေသည့် collective identity က တစတစ ပျောက်ကွယ်လာပါသည်။
ဥပမာဆိုရလျှင်- ဘေဂျင်းအိုလံပစ်ကိစ္စ။ အိုလံပစ်အရေးတွင် အများဆုံး ကန့်ကွက်ကြသူများမှာ state actors များမဟုတ်ပဲ အင်ဂျီအိုများနှင့် လူ့အခွင့်အရေးအဖွဲ့များဖြစ်သည်။ တရုတ်နိုင်ငံသည် မြန်မာ့အရေးတွင် ပိတ်ပင် တားဆီးမှုများ အများအပြား ပြုလုပ်ထားပါသည်။ သို့ဖြစ်၍ ထိုသို့ပိတ်ဆို့မှုကို တရုတ်သံရုံးရှေ့တွင် မြန်မာများသွားရောက်၍ ဆန္ဒပြသည်ဆိုလျှင် မှန်ကန်သောနည်းလမ်းဖြစ်သော်လည်း အိုလံပစ်ပွဲသပိတ်မှောက်ရန် လူ့အခွင့်အရေးအဖွဲ့များနှင့် ပူးပေါင်းလုပ်ကိုင်သည်ကတော့ strategic failure ဖြစ်နိုင်ပါသည်။ အိုလံပစ်အား သပိတ်မှောက်သင့်သည်၊ မသင့်သည် ကိစ္စများကို ကျွန်မငြင်းခုန်နေခြင်းမဟုတ်ပါ။ သို့ပေမယ့် မြန်မာအတိုက်အခံများမှ သပိတ်မှောက်လိုက်ခြင်းဖြင့် တရုတ်နှင့် မြန်မာစစ်အစိုးရ ချစ်ကြည်ရေးကို ပိုမိုခိုင်မြဲအောင် တွန်းပို့လိုက်သကဲ့သို့နှယ် ရှိနိုင်ကြောင်းကို ပြောဆိုနေခြင်းဖြစ်ပါသည်။ ဘေဂျင်းမှပေါ်လစီချမှတ်သူများသည် မြန်မာ့ဒီမိုကရေစီအရေးကို နှောင့်နှေးအောင် လုပ်နေခြင်းဆိုသည်ထက် သူနှင့်အနီးဆုံးဒေသတွင်းသို့ အနောက်အုပ်စုတပ်များ ၀င်မလာရေးကို ပိုမို အာရုံစိုက်သည်၊ တရုတ်-မြန်မာကုန်သွယ်ရေးမှ ရရှိနိုင်မည့် အကျိုးအမြတ်ကို ပိုမိုစိတ်ဝင်စားသည်။ သို့ဖြစ်ရာ မြန်မာအတိုက်အခံများမှ အနောက်နိုင်ငံတပ်များ ခေါ်လာသည်မဟုတ်ပဲ မိမိတို့ဘာသာ လူထုတိုက်ပွဲဖြင့် စစ်အစိုးရဖြုတ်ချခြင်းကိုမူ ၀င်ရောက်စွက်ဖက်မည်မဟုတ်။ နောက်ဆုံး ဗိုလ်ချုပ်များထွက်ပြေးလျှင် ခိုလှုံခွင့် ပေးမည်မှလွဲ၍ အသစ်တက်လာမည့် ကြားဖြတ်အစိုးရကို ကန့်ကွက်မည်မဟုတ်။ သို့ရာတွင် တရုတ်နိုင်ငံမှ လူ့အခွင့်အရေးကိစ္စများကို မြန်မာအတိုက်အခံများက ကန့်ကွက်ခြင်း signal ကိုတော့ အရေးတယူလုပ်သွားနိုင်ဖွယ်ရှိသည်။ မြန်မာအတိုက်အခံများနှင့်ဆိုလျှင် တရုတ်-မြန်မာ ဆက်ဆံရေး အခက်အခဲများ ဖြစ်လာနိုင်မည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်ဆိုပါက စစ်အစိုးရနှင့်မှသာ တရုတ်-မြန်မာ ဆက်ဆံရေးကို ကောင်းမွန်စွာထိန်းထားနိုင်မည်ဟု ယူဆလိုက်ပါက အခက်ပင် မဟုတ်ပါလား။ မြန်မာနိုင်ငံ၏ ရေမြေသဘာဝအရ ဒီမိုကရေစီရပြီးလျှင်လည်း မပတ်သက်၊ မဆက်ဆံပါ၊ ကုန်မသွယ်ပါ။ အမေရိကန်နှင့်ပဲ ကုန်သွယ်ပါမည် သွားလုပ်၍လည်း ရသည်မဟုတ်ပါ။ ရေရှည်ဆက်ဆံရေးအတွက် မလိုလားအပ်သော conflict ဖြစ်နိုင်ချေများကို ကြိုတင်လက်ရှောင်ထားသည်က အကောင်းဆုံးဖြစ်လိမ့်မည် ထင်မိပါသည်။
ကိုယ့်ဘ၀မှန်ကို ကိုယ်သိကြရန် လိုအပ်ပါသည်။ လူ့အခွင့်အရေးအဖွဲ့အစည်းအဖြစ်သာ လုံးဝရပ်တည်တော့မည်ဆိုလျှင်တော့ တမျိုးဖြစ်သည်။ ပြောစရာမရှိပါ။ ထိုကိစ္စများကိုသာ ဇောင်းပေးလုပ်ကြရန်ဖြစ်သည်။ မဟုတ်ပဲ တချိန်တွင် state actors များအဖြစ် ရပ်တည်မည်ဆိုလျှင်တော့ ခြေလှမ်းများကို ဂရုတစိုက်လှမ်းကြရန်လိုအပ်ပါသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ထွန်းကားရန် ဦးစွာ လုပ်ဆောင်ရပါဦးမည်။ ဒေသတွင်းတခုလုံး လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ထွန်းကားရန် လိုက်လံ enforce လုပ်ရန် ဖွံ့ဖြိုးဆဲ နိုင်ငံတခုအနေဖြင့် economic power နှင့် military power ရှိဦးမည်မဟုတ်ပါ။ သံခင်းတမန်ခင်းအရ အထိုက်အလျောက် ဆက်ဆံရသည်များ ရှိနေပါလိမ့်ဦးမည်။ ရန်သူတွေကြိုမရှာထားသင့်ပါ။
အာဆီယံနှင့် ဆက်ဆံရေးမှာလည်း ထိုနည်းလည်းကောင်းပင်ဖြစ်ပါသည်။ ဘန်ဒေါင်းညီလာခံတခုတည်းနှင့်ပင် အာဆီယံထဲမှ အရေးပါသော နိုင်ငံများ၏ နိုင်ငံခြားရေးမူဝါဒကို သဘောပေါက်သင့်ကြသည်။ Asian values ဆိုင်ရာ claims များကို နားလည်သင့်ကြသည်။ အာဆီယံသည်လည်း မြန်မာစစ်ဗိုလ်ချုပ်များကို ကာကွယ်ပေးနေသည်ဆိုခြင်းထက် ဒေသတွင်း အနောက်အုပ်စုများ ၀င်ရောက်လွှမ်းမိုးလာမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။ အခြေစိုက်စစ်စခန်းတခု ခိုင်ခိုင်မာမာ ပေါ်ထွက်လာမည်ကို strategic calculation လုပ်ပြီး ဟန့်တားထားကြခြင်းဖြစ်သည်။ မြန်မာတို့မှ ကိုယ့်အားကိုယ်ကိုး၍ လူထုတိုက်ပွဲဆင်နွှဲကာ စစ်အစိုးရအား ဖြုတ်ချခြင်းကို ၀င်ရောက် ကန့်ကွက်ကြမည်မဟုတ်။ ဖိလစ်ပိုင်နိုင်ငံကဆိုလျှင် အားပေးမှုပင် လုပ်ပေလိမ့်ဦးမည်။ တက်လာသည့်အစိုးရကို အကူအညီများစွာ ပေးလာလိမ့်မည်။ အာဆီယံနှင့် သံတမန်ဆက်ဆံရေးပြေလည်ရန် အထူးလိုအပ်လှသည်။ အတိုက်အခံခေါင်းဆောင်များအနေဖြင့် “အာဆီယံက ပညာရှင်တွေလည်း ကောင်းပါတယ်။ ဒါပေမယ့် နိုင်ငံတကာပညာရှင်တွေလောက် အဆင့်အတန်းမမှီဘူး” စကားပြောမျိုးကို ထပ်မံမပြောမိစေရန် ရှောင်ရှားကြစေလိုသည်။ အာဆီယံတွင်လည်း အနောက်နိုင်ငံတက္ကသိုလ်ကြီးများမှ ပါရဂူဘွဲ့များရထားသော ပညာရှင်များစွာ ရှိနေပါသည်။ စော်ကားသည်ဟု ခံယူလိုက်ကြလျှင်မကောင်းပါ။ စစ်အစိုးရနှင့် ပိုမိုနီးကပ်သွားအောင် တွန်းလိုက်သကဲ့သို့ ဖြစ်သွားနိုင်သည်။
စစ်ရေး၊ စီးပွားရေးများတွင် ရန်သူ့လူ၊ ပြိုင်ဘက်လူများအား ကိုယ့်ဘက်ပါအောင် စည်းရုံးနိုင်ရေးသည် အလွန်ပင်ပညာသားပါ၍ ထိရောက်လှသော ဗျူဟာတရပ်ဖြစ်ပါသည်။ လုပ်ကိုင်နေသော လုပ်ရပ်များသည် ထိုဗျူဟာမြောက်လုပ်နေကြသည်လား၊ ရန်သူများအချင်းချင်း ပိုမိုစည်းလုံးသွားပြီး ရန်သူသစ်များပင် ပိုမိုတိုးပွားလာအောင် ဖော်ဆောင်နေကြသည်လား ဆိုသည်ကို ပြန်လည်ဆင်ခြင်ကြည့်စေလိုပါသည်။ ချစ်ကြည်ရေးမတည်ဆောက်နိုင်လျှင်တောင် ရန်သူမလုပ်သင့်ပါ။ စစ်အစိုးရအားဖိအားပေးရန် အာဆီယံကို အီးယူက ပြောပေးပါ။ အမေရိကန်က ပြောပေးပါ သွားလုပ်နေလျှင်တော့ ဒီပွဲကဘယ်တော့မှ ပြီးမည်မဟုတ်ပါ။ အာဆီယံသည် အီးယူလက်အောက်ခံမဟုတ်သလို၊ အမေရိကန်လက်အောက်ခံလည်း မဟုတ်ပါ။ ချဉ်းကပ်နည်းများ လိုအပ်လှပါသည်။
စစ်ရေးစစ်ရာများအသာထား။ အရပ်ဘက် ဥပမာလေးတခုကိုပင် တင်ပြလိုပါသည်။ လမ်းထဲတွင် အိမ်သုံးအိမ်ရှိသည်ဆိုပါစို့။ မိမိအိမ်တွင် ပထွေးက အိမ်ဦးစီးလုပ်နေပြီး တအိမ်လုံးအားနှိပ်စက်နေ၍ ရပ်ကွက်ထဲ ထွက်လာသည်။ အိမ်မှပထွေးအား အိမ်ဦးစီးအဖြစ်မှ ဖြုတ်ချလိုသည်။ အိမ်၏ညာဘက်တွင်ကား ပထွေးနှင့် မိတ်ဆွေအပေါင်းအသင်းဖြစ်နေသည့် ဦးတရုတ်ရှိသည်။ ဦးတရုတ်က ပထွေးကို သူ့၏ ဓနရှိန်ဖြင့် အကာအကွယ်ပေးထားသည်။ ဦးတရုတ်တွင် တိတ်တိတ်ပုန်းယူထားသော အငယ်အနှောင်းရှိသည်ထားပါတော့။ တခါ အိမ်၏ ဘယ်ဘက်တွင်ကား ဦးအာဆီယံခြံဝိုင်းရှိသည်။ ဦးအာဆီယံနှင့် ပထွေးတို့က စီးပွားရေးကူးလူးဆက်သွယ်မှုများရှိနေသည်။ ပထွေးထံမှ ထွက်လာ၍ ရပ်ကွက်ထဲရောက်လာသူသည် မည်သည့်အလုပ်ကို ဦးစားပေးပြုလုပ်သင့်သနည်း။ ရပ်ကွက်ရုံးတိုင်တော့လဲ အိမ်တွင်းရေးမို့ အရေးယူ၍မရကြောင်းဆိုနေပြီ။ သို့ဆိုလျှင် ထိုသူသည် ပထွေးအားအကာအကွယ်ပေးတတ်သော ဦးတရုတ်အား အမြင်ကပ်မှုဖြင့် အငယ်အနှောင်းယူသည်မှာမကောင်းကြောင်း ရပ်ကွက်ထဲတွင် လိုက်ပြောကာ ဦးတရုတ် တလင်တမယားစနစ်ကျင့်သုံးရန် သူ့ခြံရှေ့တွင် သွားရောက်ဆန္ဒပြတောင်းဆိုမည်လော (သို့မဟုတ်) ပထွေးနှင့် စီးပွားရေးတွဲလုပ်နေသည်ကို မကျေမနပ်ဖြစ်ကာ ဦးအာဆီယံခြံဝိုင်းအား ခဲနှင့် သွားထုမည်လော (သို့မဟုတ်) ပထွေးမကောင်းကြောင်း ရပ်ကွက်ထဲ လှည့်လည်ပြောကာ ဘာမှမလုပ်ပေးနိုင်သည့် ရပ်ကွက်သားများအား မျက်ရည်ခံလိုက်ထိုးပြောပြနေရင်း အချိန်ကုန်မည်လော (သို့မဟုတ်) ရရာလက်နက်များစု၊ ခြံတွင်းမှညီအစ်ကိုမောင်နှမများနှင့် ဆက်သွယ်ကာ ပထွေးအား တိုက်ခိုက်ပြီး အိမ်မှထွက်သွားအောင် လုပ်ကြမည်လော။ မည်သည့်အလုပ်လုပ်သင့်သည်ကို မိမိတို့ဘာသာ စဉ်းစားတွေးတောကြစေလိုသည်။
နိဂုံး
ချုပ်၍ဆိုရသော် ကမ္ဘာ့နိုင်ငံရေးချိန်ခွင်လျှာသည် အပြောင်းအလဲများစွာ ဖြစ်ပွားနေပါသည်။ သန်းပေါင်းများစွာသော ပြည်သူတို့၏ အရေးကို ပြောင်းလဲတတ်သော သဘာဝရှိသည့် စစ်မျက်နှာတွင် အခြေပြုထားခြင်း မပြုလုပ်သင့်ပါ။ လုံးဝမပြောင်းလဲသော အင်အားတခုကတော့ ရှိပါသည်။ ဤသည်မှာ ဖိနှိပ်မှုများကြားတွင် မွန်းကြပ်နေသော ပြည်သူလူထု၏ ပြောင်းလဲမှုကို တောင့်တနေသော လူထုအင်အားကြီးပင် ဖြစ်ပါသည်။ ထိုအင်အားကို မှန်ကန်စွာအသုံးပြုနိုင်မှု၊ လျှို့ဝှက်နက်နဲစွာ ရန်သူ့လူများကို စည်းရုံးနိုင်မှု၊ ပူးတွဲကြားဖြတ်အစိုးရအတွက် စနစ်တကျ nominate လုပ်နိုင်မှု၊ ယူဂျီမြေအောက်လုပ်ငန်းများနှင့် မီဒီယာအား မရောစပ်မှု၊ ကွင်းဆက်များ ပြတ်တောက်ခြင်းမရှိပဲ အချိန်နှင့်အညီ ချိတ်ဆက်လှုပ်ရှားနိုင်မှု၊ အလွယ်တကူ mobilize လုပ်နိုင်မှု၊ ခေါင်းဆောင်များ ပေါ်ထင်စွာမနေပဲ မှန်ကန်သောအချိန်၊ နေရာတွင် တိုက်ပွဲများ ဖော်ဆောင်နိုင်မှုတို့ဖြင့် အနှစ်နှစ်ဆယ် ရှည်ကြာနေသော မြန်မာ့ဒီမိုကရေစီတိုက်ပွဲကို အဆုံးသတ်ကြပါစို့ ဟု ရေးသားလိုက်ရပေသည်။
တော်လှန်ရေးသစ္စာဖြင့်
ခင်မမမျိုး (၅၊ ၈၊ ၂၀၀၈)
Posted by
ခြားနားသူ
at
1:59 AM
0
comments
Labels: အမြင်သဘောထား
Monday, August 18, 2008
ရှစ်လေးလုံးအမွေတွေကို ကာကွယ်ကြရမယ်
ရဲဘော်ဖိုးသံချောင်း
နအဖရဲ့လမ်းပြမြေပုံဟာ (၇) ချက်လို့ ဆိုပေမယ့် ရေးမထားတဲ့ အချက်တချက်ရှိနေတာကို သတိ ထားမိကြသလား မသိပါ။ အဲဒါက တခြားမဟုတ်ပါ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဇီဝိန်ချုပ်စေ ရေးဖြစ်ပါတယ်။ အထူးသဖြင့် သူတို့ရဲ့ လက်ရာမပေါ်ဘဲ ဇီဝိန်ချုပ်စေရေး ဖြစ်ပါတယ်။
သူတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက “နိုင်ငံရေးပါတီများ” ဆိုတဲ့ အခန်းမှာ နိုင်ငံရေးပါတီတွေကို အချိန်မရွေး အရေးယူ ဖျက်သိမ်းနိုင်အောင် အချက်အလက်တွေ ဖန်တီးထားပါတယ်။ အဲဒီမှာပါတဲ့ အင်မတန်ေ၀၀ါးတဲ့ စာပိုဒ်တွေက နိုင်ငံရေးပါတီတွေကို တောက်လျှောက် ခြိမ်းခြောက်နေမှာ မလွဲ ပါဘူး။ ဥပမာပြရရင် “စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီကို လက်ခံကျင့်သုံးရမည်” ဆိုတာမျိုး ဖြစ်ပါတယ်။ တကယ်က နိုင်ငံတနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ နိုင်ငံရေးပါတီများရယ်လို့ တခန်းပါနေတာကိုက အတော့်ကို ဆန်းနေတာပါ။ နောက်ပြီး အဲဒီအခန်းမှာပဲ နိုင်ငံရေးပါတီတွေဟာ “(က) လွတ်လပ်စွာ စည်းရုံးခွင့်ရှိသည်။ (ခ) ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရှိသည်” လို့ ရေးထားပါတယ်။ နိုင်ငံရေးပါတီတရပ်ဟာ ဒါပဲလုပ်နိုင်သလားလို့ မေးစရာဖြစ်လာပါတယ်။
ကိုယ်ယုံတာကို ဟောပြောဝါဒဖြန့်ခွင့် မရှိဘူးလား။ သတင်းစာ၊ ဂျာနယ် ထုတ်ပိုင်ခွင့် မရှိဘူးလား။ လှည့်လည်ဆန္ဒပြဖို့ စည်းရုံးလှုပ်ရှားခွင့် မရှိဘူးလား။ မေးစရာတွေ အများကြီးဖြစ်နေပါတယ်။ နအဖ လိုလားတဲ့ ပါတီအဖွဲ့အစည်းဆိုတာ တစညလို “စစ်သားကဲ့သို့ စည်းကမ်းရှိ၍ စစ်သားကဲ့သို့ နာခံ” တဲ့ ပါတီမျိုးသာ ဖြစ်ပါတယ်။
ဒီနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လုပ်နေတာတွေဟာ သူတို့ ဖွဲ့စည်းပုံဥပဒေနဲ့ မညီညွတ်ဘူးလို့ အချိန်မရွေး အပြစ်ရှာနိုင်တယ်ဆိုတာ မေ့လို့မဖြစ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို တားဆီးပိတ် ပင်ဖို့ တိုက်ရိုက်ရည်ရွယ်ပြီး သတ်မှတ်ထားတဲ့ နိုင်ငံတော်အကြီးအကဲဆိုတဲ့ အခန်းလိုဟာကတော့ ပြောနေစရာတောင် မလိုပါဘူး။ ကလေးဆန်လိုက်လေလို့သာ မှတ်ချက်ချရမယ့်ဟာမျိုးပါ။
တလောကတော့ နအဖဟာ ပါတီအဖွဲ့အစည်းတွေ ပြန်လည်မှတ်ပုံတင်ရမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့က မှတ်ပုံတင်ရာမှာ လိုက်နာရမယ့် စည်းကမ်းတွေအကြောင်း ဘာမှမပြောပါဘူး။ အရင်လိုပဲ မှတ်ပုံတင်တဲ့ပါတီဟာ သူတို့ရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရမယ်၊ မ၀င်ရင် မှတ်ပုံတင် ခွင့် မပေးဘူးဆိုရင် ဒီချုပ်ဟာ ချောက်ကျတော့မှာပါ။ ဒီထုတ်ပြန်ချက်ဟာ ဒီချုပ်ကို တိုက်ရိုက် ဦးတည်တာပဲလို့ဆိုရင် မမှားဘူး ထင်ပါတယ်။ သူတို့ လက်ညှိုးညွှန်ရာ ရေဖြစ်ရတဲ့ “အမျိုးသား ညီလာခံ” မှာ ဒီချုပ်ကို ပြန်ဝင်ခိုင်းလို့ မရတဲ့နောက်မှာ သူတို့အမိန့်ပေးသမျှ ခေါင်းညိတ်ရမယ့် လွှတ်တော်ထဲကို ၀င်ဖို့ ထောင်ခြောက်ဆင်တာ ဖြစ်တယ်ဆိုတာ အင်မတန်မှ မြင်သာပါတယ်။ ဒီချုပ်ကို ရှေ့တိုးလည်း လှည်းတုတ်၊ နောက်ဆုတ်လည်း ထမ်းပိုးဖြစ်အောင် လုပ်ထားတာပါပဲ။
ပြောရရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ အသီးအပွင့်တခု ဖြစ်ပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံ မပေါ်ပေါက်ခဲ့ရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပေါ်မလာ နိုင်ပါဘူး။ လက်ရှိအဖွဲ့ချုပ်ခေါင်းဆောင်တွေလည်း နိုင်ငံရေး နယ်ပယ်ရဲ့ ရှေ့တန်းကို ရောက်လာ ချင်မှ ရောက်လာမှာပါ။ အခု သေချာပြန်ကြည့်လိုက်တော့ ရှစ်လေးလုံးအရေးတော်ပုံရဲ့ အရေးပါတဲ့ အောင်ပွင့်-အမွေဆိုလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တခုသာ ကျန်ပါတော့တယ်။ ဒါကြောင့် နအဖ ဘက်က ပြောရရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ချေမှုန်းလိုက်နိုင်မယ်ဆိုရင် ရှစ်လေးလုံးရဲ့ အမွေနဲ့ အစဉ်အလာတွေကို တစမကျန် ဖျက်သိမ်းလိုက်နိုင်တာပဲ ဖြစ်ပါတယ်။ ဒါဟာ သူတို့စစ်အုပ်စု အဆက်ဆက်အတွက် လက်စားချေလိုက်နိုင်ရာကျသလို သူတို့ရှေ့ရေးအတွက် အကြီးမားဆုံး အနှောင့်အယှက် အတားအဆီးကိုလည်း ဖယ်ရှားလိုက်နိုင်တာ ဖြစ်ပါလိမ့်မယ်။
တဆက်တည်းမှာ နအဖဟာ ရှစ်လေးလုံးအရေးတော်ပုံရဲ့ ဘေးထွက်ပစ္စည်းလို့ဆိုရမယ့် ငြိမ်းအဖွဲ့ တွေကို ဖျက်သိမ်းတာလည်း ဆက်လုပ်သွားပါလိမ့်မယ်။ ရှေ့နဲ့ နောက်ပဲကွာမှာပါ။ ဒီနေရာမှာလည်း အတတ်နိုင်ဆုံး လက်သယ်မပေါ်ဘဲ ဘ၀ပြောင်းအောင် လုပ်မှာ သေချာပါတယ်။
စစ်အစိုးရဟာ စစ်တိုက်သလိုပဲ ရန်သူကို အချိန်ဆွဲပြီး ပြုန်းတီးစေတဲ့နောက် ကိုယ့်ဘက်က ပိုင် လောက်ပြီဆိုတော့မှ ရန်သူကို အပြတ်ချေမှုန်းတာ လုပ်မလို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ တနည်း ပြောရရင် သူများကို ထိပ်တိုက်မတွေ့ နဲ့လို့ပြောပြီး နအဖက သူ့ ဆန့်ကျင်ဘက်မှန်သမျှကို ထိပ်တိုက်လိုက်တွေ့၊ စိမ်ခေါ်နေတာ ဖြစ်ပါတယ်။
ဒီနေ့ ဗမာပြည် နိုင်ငံရေးတိုက်ပွဲရဲ့ ဗဟိုချက်ဟာ ရှစ်လေးလုံးအရေးတော်ပုံရဲ့အမွေ၊ အကြွင်းအကျန် တွေကို အမြစ်ဖြုတ်ဖို့ လုပ်နေတာနဲ့ အဲဒါကို ပြန်တွန်းလှန်မှုတို့ရဲ့ တိုက်ပွဲပဲဖြစ်ပါတယ်။ ဒီတိုက်ပွဲဟာ နအဖအတွက်ရော၊ သူတို့ရဲ့လုပ်ရပ်ကို ဆန့်ကျင်နေသူတွေအတွက်ပါ အင်မတန်မှ အရေးပါပါတယ်။ ဘယ်သူ့ဘက်ကမှ အရှုံးမခံနိုင်ပါဘူး။ ရှုံးလိုက်ရင် သမိုင်းနဲ့ချီတဲ့ ဆုံးရှုံးမှု ဖြစ်သွားနိုင်ပါတယ်။ အရင် ရရှိထားတာတွေ အကုန်ပြုတ်သွားတာ ဖြစ်နိုင်ပါတယ်။ ဒီချုပ်ဘက်က ရှုံးတာဟာ ရှစ်လေးလုံး အရေးတော်ပုံ ဘက်တော်သားတွေဘက်က ရှုံးတာဖြစ်မှာမို့ ဒီပဋိပက္ခမှာ ဒီချုပ်နဲ့အတူ တသားတည်း ရပ်တည်ကြဖို့လိုပါတယ်။ တချိန်တည်းမှာပြောဖို့လိုတာက ဒီချုပ် အတွက်ဆိုရင်လည်း အခုအချိန်မှာ ပြည်တွင်းက ပြည်သူလူထုမှတပါး တခြားဘယ်သူ့ကိုမှ မျှော်လင့်အားထားလို့မဖြစ်ပါဘူး။ ကျန်တာ အားလုံးဟာ စိတ်ကူးယဉ်တာပဲ ဖြစ်ပါတယ်။
နအဖဟာ သူတို့လိုချင်တာကို မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတာကို သူများတွေ မသိ သိအောင် ဖော်ပြနေတာကို အားလုံးသတိပြုမိကြပါလိမ့်မယ်။ သူတို့ရဲ့မောက်မာမှု၊ သူတို့ရဲ့ရက်စက်မှုနဲ့ ခြိမ်းခြောက် အကြပ်ကိုင်ရင် ရလိမ့်မယ်လို့ တွက်ထားကြပါတယ်။ တဘက်မှာလည်း သူတို့ဟာ ရွေးကောက်ပွဲဆိုတဲ့ ဖဲချပ်ကို ချကစားလိုက်ခြင်းအားဖြင့် အတိုက်အခံတွေထဲမှာ၊ ငြိမ်းအဖွဲ့တွေ ထဲမှာ၊ နောက်ပြီး တိုင်းရင်းသားတွေထဲမှာ အက်ကြောင်းတွေ ပေါ်စေချင်တဲ့ သဘောရှိပါတယ်။ ဒီလိုကစားလိုက်ရင် အင်အားနည်းသူတွေ၊ ရပ်တည်ချက် မခိုင်မာသူတွေ စိတ်လှုပ်ရှားတတ်တယ် ဆိုတာကို သူတို့သိပါတယ်။ ဒါကြောင့် ရှေ့လာမယ့် ကာလတခုမှာ ဒီလိုအချင်းအရာတွေ တော် တော်များများကို နအဖက ဖန်တီးလာမယ့် သဘောရှိပါတယ်။ ဒီတော့ အခုအချိန်မှာ အချင်းချင်း သွေးကွဲအောင် လုပ်တာမှန်သမျှဟာ နအဖအကြိုက် လုပ်တယ်လို့ ပြောရပါမယ်။
တကယ်ကျတော့ နအဖရဲ့ ဖွဲ့စည်းပုံရော၊ ရွေးကောက်ပွဲရောဟာ ပြည်သူတွေအတွက် ဘာမှ အကျိုး မရှိရုံမက အဲဒါတွေ အောင်မြင်သွားလို့လည်း ပြည်သူတွေရဲ့ နအဖဆန့်ကျင်ရေး စိတ်ဓာတ်ကို လျော့ နည်းစေမှာ မဟုတ်ပါဘူး။ အာဏာရှင်တွေ ဖန်တီးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာတွေဟာ အဲဒီ အာဏာရှင်တွေ နန်းကျရင် ပျောက်သွားတတ်တာပါပဲ။ ဗမာပြည်သမိုင်းမှာ ပေါ်ခဲ့ဖူးတဲ့ ဖွဲ့စည်း ပုံအခြေခံဥပဒေ နှစ်ခုစလုံးဟာ အာဏာသိမ်းသူတွေကြောင့် ရုတ်ချည်းပျောက်ကွယ်ခဲ့ရတယ်ဆိုတဲ့ အချက်ကို မမေ့သင့်ပါဘူး။ ဒါပေမယ့် ဒီမိုကရေစီ တိုက်ပွဲကာလ ရှည်ကြာနေတာ၊ အခက်အခဲနဲ့ ပေးဆပ်ရမှုတွေ များလွန်းနေတာတို့ကို စိတ်မရှည်၊ တင်းမခံနိုင်သူတွေကိုတော့ ဒီနအဖရဲ့သဏ္ဍာန် အရ အောင်ပွဲတွေက တွေဝေ၊ တုံ့ဆိုင်းတာတွေ ဖြစ်ကောင်း ဖြစ်စေပါလိမ့်မယ်။
ဒါပေမယ့် ရှစ်လေးလုံးအရေးတော်ပုံနဲ့ ရှစ်လေးလုံး အာဇာနည်တွေအပေါ် သစ္စာရှိသူတွေရဲ့ ပိုင်း ဖြတ်ချက်ကိုတော့ နည်းနည်းမှ နှဲ့နိုင်မှာ မဟုတ်ပါဘူး။ ။
Posted by
ခြားနားသူ
at
12:01 AM
0
comments
Labels: အမြင်သဘောထား
Monday, June 23, 2008
အနှစ် ၂၀ ထဲက ကျောင်းသားတပ်မတော်
အနှစ် ၂၀ ထဲက ကျောင်းသားတပ်မတော်
ယခုနှစ်သည် ၁၃၅၀ ပြည့်အရေးတော်ပုံ အနှစ်၂၀ ပြည့်နှစ် ဖြစ်သလို ABSDF (ကျောင်းသားတပ်မတော်) . အနှစ် ၂၀ ပြည့်နှစ်လည်း ဖြစ်သည်။ အနှစ် ၂၀ ဟူသည် မျိုးဆက်တဆက်ဖြစ်သည်။ ကျနော်က ABSDF (ကျောင်းသားတပ်မတော်) ပထမမျိုးဆက် ဖြတ်သန်းခဲ့သည့် ခရီးလမ်းကို စေ့ငုနေမိသည်။ အနှစ် ၂၀ သို့ ဒုတ်ဒုတ်ထိရောက်၍ ABSDF ၏ ပထမမျိုးဆက်ခေါင်းဆောင်မှု အများစုအား ပြန်လှည့်ကြည့်သောအခါ သူတို့ မရှိကြတော့။
ABSDF ပထမမျိုးဆက်၏ အနှစ် ၂၀ ခရီးအား ပြန်ကြည့်သောအခါ --- ABSDF ပထမမျိုးဆက်၏ ကောင်းမှုများအဖြစ် ---
- ABSDF အား ၁၃၅၀ ပြည့်အရေးတော်ပုံ မျိုးဆက်၏ တပ်ဦးအဖွဲ့အစည်းအဖြစ် သမိုင်းအမွေဆက်ခံကာ ဖွဲ့စည်းနိုင်ခဲ့သည်။
- ဗမာပြည်အနှံ့အပြားရှိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးဒေသအသီးသီးသို့ ရောက်ရှိနေသော ၁၃၅၀ ပြည့် အရေးတော်ပုံ ကျောင်းသားအများစုအား စုစည်း၍ ABSDF အား ဖွဲ့စည်းနိုင်ခဲ့သည်။
- ၁၃၅၀ ပြည့်အရေးတော်ပုံ၏ အမြင့်ဆုံးကြွေးကြော်သံဖြစ်သည့် “ရ ရင် ရ။ မရ ရင် ချ” ကြွေးကြော်သံအား လူထုလမ်းညွှန်ချက်အဖြစ်သဘောထားကာ ABSDF (ကျောင်းသားတပ်မတော်) ကို ဖွဲ့စည်းထူထောင်နိုင်ခဲ့သည်။
- စစ်အုပ်စု.လက်အောက်တွင် ငြိမ်းချမ်းသောနည်းဖြင့် ဒီမိုကရေစီအခွင့်အရေးများကို ရရှိနိုင်လိမ့်မည် မဟုတ် (ABSDF ကြေညာချက် (၁) ၇ - ၁၁ - ၈၈။ အပိုဒ်ခွဲ ၄ မှ) --- ဟု ယုံကြည်ခံယူကာ နေ၀င်းစစ်အုပ်စုအား အပြီးအပြတ် ချေမှုန်းဖျောက်ဖျက်မည့် လက်နက်ကိုင်တော်လှန်ရေးကြီးကို အောင်မြင်သည်အထိ ဆင်နွှဲသွားမည်ဖြစ်ကြောင်း (ABSDF ကြေညာချက် (၁) ၇ - ၁၁ - ၈၈။ အပိုဒ်ခွဲ ၅ မှ) --- ကြေငြာချက် (၁) တွင် ဖေါ်ပြ၍ ABSDF အား ရှစ်လေးလုံး အရေးတော်ပုံ. လက်နက်ကိုင်တော်လှန်ရေး တပ်ဦးအဖွဲ့အစည်းအဖြစ် အတိအလင်းဖွဲ့စည်းခဲ့နိုင်ခဲ့သည်။
- ဗမာပြည်ကျောင်းထုတရပ်လုံးနှင့် ကျောင်းသားလှုပ်ရှားမှုတလျောက်လုံးကိုင်စွဲခဲ့သည့် အမျိုးသား နိုင်ငံရေးလမ်းကြောင်းအား ABSDF ၏ ဦးဆောင်နိုင်ငံရေးအတွေးအခေါ်လမ်းစဉ်ဖြစ်သည့် အမျိုးသား နိုင်ငံရေးလမ်းစဉ်အဖြစ် တရားဝင် ပြဌာန်း ကိုင်စွဲနိုင်ခဲ့သည်။
- လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတရပ်အနေဖြင့် မရှိမဖြစ်လိုအပ်၍ အသက်သွေးကြောသဖွယ် ဖြစ်သော နိုင်ငံရေးလမ်းစဉ်။ စစ်ရေးလမ်းစဉ်တို့အား ရေးဆွဲပြဌာန်းပေးနိုင်ခဲ့သည်။
- ABSDF ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအ၀င် ကျောင်းသားတပ်မတော်ဥပဒေ။ နည်းဥပဒေ အစရှိသော ဥပဒေများအား ရေးဆွဲပြဌာန်းပေးနိုင်ခဲ့သည်။
ဤကောင်းမှုများအတွက် ပထမမျိုးဆက်ကို ကျေးဇူးတင်ရမည်ပင်။ ထို့အပြင် ABSDF ပထမမျိုးဆက်. အနှစ် ၂၀ အတွင်း တနိုင်ငံလုံးလက္ခ္စာဆောင်သည့် ထိုးစစ်ကြီးများအဖြစ် အောက်ပါတို့ကို တွေ့ရမည်ဖြစ်သည်။
- DAB ပူးတွဲစစ်ဆင်ရေးလှုပ်ရှားမှု (၁၉၉၀) - တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများနှင့် လက်တွဲ၍ ရေး မြို့သိမ်းတိုက်ပွဲအထိဆင်နွှဲနိုင်ခဲ့သည်။
- အခြေခံဒေသထိုးဖောက်ရေးလှုပ်ရှားမှု (၁၉၉၂) - ၁၉၉၈ ခုနှစ်အထိ ဆောင်ရွက်ခဲ့ပြီး ကိုယ်ပိုင်ဒေသရရှိရေးအတွက် ဆင်နွှဲသည့် စစ်ဆင်ရေးဖြစ်သည်။
တနိုင်ငံလုံးသဘောဆောင်သည့် စစ်ရေးအောင်မြင်မှုအဖြစ် ရန်သူစစ်အုပ်စု၏ “နဂါးမင်းထိုးစစ် - ၁၉၉၂ (မာနယ်ပလောထိုးစစ်)” အား ABSDF အပါအ၀င် လက်ဝဲလက်ယာ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ စုပေါင်းကာ ခုခံကာကွယ်ခြင်းဖြင့် တော်လှန်ရေး ဂ္စုသိကျှာတက်စေခဲ့သည်။ ဤသည်လည်း ABSDF ပထမမျိုးဆက်၏ ကောင်းမှုဟုပင် ယူသော်ရမည်ထင်သည်။
ABSDF ၏ အနှစ် ၂၀ ခရီးမှ အရေးကြီးမည်ထင်သည့် ဖြစ်စဉ်အစိတ်အပိုင်းတချို့အား ပြန်ကြည့်ဖြစ်သည်။
၁၃၅၀ ပြည့် အရေးတော်ပုံတွင် ဗကသ အား လူသိရှင်ကြား ဖွဲ့စည်းလိုက်နိုင်သည်။ အရေးတော်ပုံအတွင်း လူထု. အကြမ်းမဖက် သပိတ်တိုက်ပွဲ ပြင်းထန်မြင့်မားလာသည်နှင့်အမျှ စစ်အုပ်စု၏ ဖိနှိပ်ရက်စက်မှုကလည်း ပြင်းထန်မြင့်မားလာသည်။ ရန်သူစစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုကို မခံမရပ်နိုင်ဖြစ်လာသည့် ရဟန်းရှင်လူ ကျောင်းသားပြည်သူတရပ်လုံးက အမြင့်ဆုံးတိုက်ပွဲ ကြွေးကြော်သံဖြင့် တခဲနက် တိုက်ပွဲခေါ်ခဲ့သည်။ “ရ ရင် ရ။ မရရင် ချ” ထိုကြွေးကြော်သံသည် ရန်သူစစ်အုပ်စု အကြောက်ဆုံးသော တိုက်ပွဲခေါ်သံပင်။ စစ်အုပ်စုက အချိန်မဆိုင်းပဲ အရေးတော်ပုံကို အင်အားသုံးဖြိုခွဲခဲ့သည်။ ထိုသို့ဖြင့် ၁၃၅၀ ပြည့် အရေးတော်ပုံသည် တပါတီ စစ်အ္စာာရှင်ဖြစ်သော မဆလအား ဗမာပြည်မြေပေါ်မှ ရှင်းလင်းဖယ်ရှားလိုက်နိုင်သည့် တစိတ်တပိုင်း အောင်မြင်မှုဖြင့် အဆုံးသတ်ခဲ့ရသည်။ သို့သော် ၁၃၅၀ ပြည့်အရေးတော်ပုံက ကောင်းမှုတွေတော့ ထားခဲ့နိုင်သည်။ ပါတီစုံဒီမိုကရေစီစနစ်။ အမျိုးသားဒီမိုကရေစီအဖွဲချုပ်။ ဗမာပြည်ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်။ နောက်ဆက်တွဲအနေဖြင့် ၉၀ ခုနှစ် ရွေးကောက်ပွဲ ရလာဒ်။
ABSDF (ကျောင်းသားတပ်မတော်)။ ၁၃၅၀ ပြည့် အရေးတော်ပုံသည် အထွေထွေလူထုတိုက်ပွဲဖြစ်သလို ကျောင်းသားတိုက်ပွဲ အဖြစ်လည်း ကမ္မည်းတွင်သည်။ တစိတ်တပိုင်းအောင်မြင်မှုများဖြင့် အရေးတော်ပုံ အဆုံးသတ်သွားသောအခါ တိုက်ပွဲဝင် ကျောင်းသား လူငယ်များစွာ တောခိုခဲ့ကြသည်။
တောခိုကျောင်းသားလူငယ်များသည် ၁၃၅၀ ပြည့် အရေးတော်ပုံမျိုးဆက်အဖြစ် အခိုင်အမာ ရပ်တည်ခဲ့သည်။ ၁၃၅၀ ပြည့် အရေးတော်ပုံကို အမွေဆက်ခံခဲ့ကြသည်။ ကျောင်းသားလှုပ်ရှားမှု။ ဗကသ အစဉ်အလာအား ဆက်ခံခဲ့ကြသည်။ (ကျောင်းသားသမဂ္ဂ၏ အစဉ်အလာအတိုင်း ခွပ်ဒေါင်းအလံကို လွှင့်ထူကာ “ABSDF ကြေညာချက် (၁) ၇ - ၁၁ - ၈၈။ အပိုဒ်ခွဲ ၃ မှ”) အရေးတော်ပုံ. တိုက်ပွဲဝင် ရဟန်းရှင်လူ ကျောင်းသားပြည်သူများ သွေးဖြင့်ရေးသည့်အမိန့် “ရ ရင် ရ။ မရ ရင် ချ” ကို နာခံဆက်ခံပြီး “မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်)”ကို ဖွဲစည်းထူထောင်ခဲ့-ကသည်။
ABSDF အနှစ် ၂၀ သမိုင်းအတွင်း တိုက်ပွဲသဏ္ဍန်ဆိုင်ရာ အချင်းပွားမှုများစွာ ဖြစ်ခဲ့ရသည်။ အထက်တွင် တင်ပြခဲ့သည့် သမိုင်းဆိုင်ရာ မုချတရားအရ ကျနော့်အမြင်ကို တိုက်ရိုက်တင်ပြပါမည်။ ABSDF အား လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းမှ သွေဖီစေရန်နှင့် အားနည်းစေရန် ကြိုးစားသူသည် လုံးဝ အမှားကျူးလွန်သူ ဖြစ်သည်။ တစိတ်တပိုင်းမျှကြိုးစားသူသည်လည်း လုံးဝအမှားကို ကျူးလွန်သူပင်ဖြစ်သည်။ ထို့ပြင် ၁၃၅၀ ပြည့် အရေးတော်ပုံနှင့် အရေးတော်ပုံအတွင်း ကျဆုံးခဲ့ရသော ရဟန်းရှင်လူ ကျောင်းသားပြည်သူ အာဇာနည် အထောင်အသောင်းကို သစ္စာမဲ့ဖေါက်ပြန်ခြင်းလည်း ဖြစ်သည်။
ကျောင်းသားတပ်မတော် ဘာလဲ။ ဘယ်လဲ ယတိပျက်ရွေးချယ်ရမည့် တိုက်ပွဲကိုလည်း အနှစ် ၂၀ ခရီးအတွင်း ကျနော်တို့ ရင်ဆိုင်ခဲ့ရသေးသည်။ ၂၀၀၀ ပြည့်နှစ် - လမ်းကြောင်း ၃ သွယ်။
ထိုကိစ္စသည် ကျောင်းသားတပ်မတော်အတွက် ကိစ္စကြီးဖြစ်သည်။ အမှားအယွင်း အတိမ်းအစောင်းမခံသည့် ကိစ္စကြီးလည်း ဖြစ်သည်။ ထိုကိစ္စ၏ဇစ်မြစ်သည် ကာလရှည်ကြာကတည်းက အစပြုခဲ့ခြင်းဖြစ်သော်လည်း လတ်တလောဖြစ်ရပ်အဖြစ် ၉ လေးလုံးလျောမွေးဟု ယူဆသည်။ ABSDF ပထမမျိုးဆက်သည် မီဒီယာအားကိုးဖြင့် ၉ လေးလုံးကို လှုံ့ဆော်ခဲ့သည်။ လျောမွေးဖြစ်သွားသောအခါ နိုင်ငံရေးကုန်သွားသည်။ ထိုအခါ ထွက်ပေါက်ရှာကြတော့သည်။ ထက်ပေါက်ရှာသည်က အကြောင်းမဟုတ်။ ကျောင်းသားတပ်မတော်အား နိုင်ငံရေးတောင်ပံ (Political wing) စစ်ရေးတောင်ပံ (Military wing) ခွဲမည်ဟုဆိုလာသောအခါ တရားအရ။ အစဉ်အလာအရ ပြန်လည်သုံးသပ်မှုများ လုပ်လာရသည်။ ခုခံကာကွယ်မှုများ လုပ်ရတော့သည်။
နိုင်ငံရေးတောင်ပံ (Political wing) စစ်ရေးတောင်ပံ (Military wing) ခွဲခြင်းသည် ABSDF (ကျောင်းသားတပ်မတော်) အား နိုင်ငံရေးအဖွဲ့အစည်း တခုအောက်သို့ သွပ်သွင်းလိုခြင်း ဖြစ်သည်။ ယင်းသည် ကျောင်းသားအစဉ်အလာ။ ဗကသ အစဉ်အလာနှင့် ဆန့်ကျင်သည်။ ABSDF ၏ သီးခြားလွတ်လပ်သည့် အမျိုးသားနိုင်ငံရေးအင်အားစုအသွင်ကို ဖျက်ဆီးခြင်းဖြစ်သည်။ ကျောင်းသားလှုပ်ရှားမှုအစဉ်အလာ။ သမဂ္ဂ အစဉ်အလာတွင် နိုင်ငံရေးပါတီ အဖွဲ့အစည်းတခုခု၏ လက်အောက်ခံလုပ်ခဲ့သည်မရှိ။ သီးခြားလွတ်လပ်သည့် အမျိုးသားနိုင်ငံရေး အင်အားစု။ လှုပ်ရှားမှုအဖြစ်သာ တွေ့မြင်ရသည်။ အာဏာရ နိုင်ငံရေးအဖွဲ့အစည်း ဖြစ်သည်ဖြစ်စေ။ မဖြစ်သည်ဖြစ်စေ တူလျင်တွဲလုပ်သည်။ မတူလျင် ခွဲလုပ်သည်။ လူထုအကျီုးစီးပွား။ ကျောင်းသားထုအကျိုးစီးပွားနှင့် ဆန့်ကျင်လာလျင် တိုက်ပွဲဝင်သည်။
ABSDF (ကျောင်းသားတပ်မတော်) သည် ၁၉၂၀ ကတည်းကစတင်ခဲ့သည့် ဗမာပြည်ကျောင်းသားလှုပ်ရှားမှုနှင့် တဆက်တစပ်တည်း ဖြစ်သည်။ စစ်ကြောင်း တကြောင်းတည်း ဖြစ်သည်။ သမဂ္ဂ အစဉ်အလာကို အမွေဆက်ခံခဲ့ခြင်းဖြစ်သည်။ (ကျောင်းသားသမဂ္ဂ. အစဉ်အလာအတိုင်း ခွပ်ဒေါင်းအလံကို လွှင့်ထူကာ “ABSDF ကြေညာချက် (၁) ၇ - ၁၁ - ၈၈။ အပိုဒ်ခွဲ ၃ မှ”) ကျောင်းသားတပ်မတော်သည် ကျောင်းသားသမဂ္ဂ အစဉ်အလာအတိုင်း လွတ်လပ်သည့်အဖွဲ့အစည်းဖြစ်ကြောင်းကိုလည်း ABSDF ၏ ကြေညာစာတမ်းဟု ဆိုရမည်ဖြစ်သည့် ABSDF ကြေညာချက် (၁) အပိုဒ်ခွဲ ၂ ၌ “ကျွန်ပ်တို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးသည် မည်သည့်နိုင်ငံရေးပါတီ မည်သည့်တော်လှန်ရေးအင်အားစုများ. လွှမ်းမိုးမှုမရှိပဲ လွတ်လပ်စွာ ဖွဲ့စည်းခြင်းဖြစ်သည်” (ABSDF ကြေညာချက် (၁) ၇ - ၁၁ - ၈၈။ အပိုဒ်ခွဲ ၂ မှ) ဟု အတိအလင်း ကြေညာထားခဲ့သည်။
ကျနော်တို့က ထိုတရားနှင့်အညီ ABSDF (ကျောင်းသားတပ်မတော်) ၏ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ် အလံအား အခက်အခဲများစွာဖြင့် လွှင့်ထူချီတတ်ခဲ့ကြသည်။ တိုက်ပွဲဝင်ခဲ့ကြသည်။
ထိုတိုက်ပွဲတွင် ကျနော်တို့အရေးနိမ့်ခဲ့ပါက ကျောင်းသားတပ်မတော်၏ နိုင်ငံရေးလမ်းကြောင်း။ သမိုင်းလမ်းကြောင်းသည် အကြီးအကျယ် ချိုးကွေ့သွားပေမည်။ ထိုတိုက်ပွဲတွင် ကျနော်တို့အရေးနိမ့်ခဲ့ပါက ဖောက်ပြန်၍ လက်အောက်ခံဖြစ်သော အစဉ်အလာသို့ ထိုးစိုက်ကျဆင်းသွားပေမည်။ ထိုတိုက်ပွဲတွင် ကျနော်တို့အရေးနိမ့်ခဲ့ပါက ခွပ်ဒေါင်းကြိမ်စာသင့်ပေမည်။ ထိုတိုက်ပွဲတွင် ကျနော်တို့အရေးနိမ့်ခဲ့ပါက နယ်ချဲ့ဆန့်ကျင်ရေး။ ဖက်ဆစ်တိုက်ဖျက်ရေး။ ဒီမိုကရေစီတော်လှန်ရေး အဆက်ဆက်တွင် ကျဆုံးခဲ့လေပြီးသော ကျောင်းသားအာဇာနည်အထောင်အသောင်း၏ ကြိမ်စာသင့်ပေမည်။ ထိုတိုက်ပွဲတွင် ကျနော်တို့အရေးနိမ့်ခဲ့ပါက အစဉ်အလာ ကျောင်းသားလှုပ်ရှားမှု။ ကျောင်းသားသမိုင်းနှင့် ကင်းကွှာု ဖောက်ပြန်သော ကျောင်းသားအင်အားစု ဖြစ်သွားပေမည်။ ထိုတိုက်ပွဲတွင် ကျနော်တို့အရေးနိမ့်ခဲ့ပါက ဗမာပြည်ကျောင်းသားထုတရပ်လုံးနှင့် ကင်းကွာသွားပေမည်။ ထိုတိုက်ပွဲတွင် ကျနော်တို့အရေးနိမ့်ခဲ့ပါက ဗမာပြည်ကျောင်းသားလှုပ်ရှားမှုအားလုံး၏ လက်နက်ကိုင်တော်လှန်ရေး စစ်ကြောင်းအဖြစ်မှ ရှက်ဖွယ်လိလိ သွေဖယ်သွားပေမည်။
ယခုအနှစ် ၂၀ အတွင်း နိုင်ငံရေးမှနှ်ု ABSDF (ကျောင်းသားတပ်မတော်)သည် ဂုဏ်သိက္ခာရှိစွာ ရှင်သန်ရပ်တည်နိုင်ခဲ့သည်ဆိုလျင် ထိုလောကဓံကို အနိုင်တိုက်နိုင်ခဲ့၍သာဖြစ်သည်။ ကြေညာချက် (၁) မှ စတင်ကာ တနိုင်ငံလုံးသို့ပေးထားသော နိုင်ငံရေးကတိက၀တ်ဖြစ်သည့် လက်နက်ကိုင်တော်လှန်ရေးကြီးကို အောင်မြင်သည်အထိ ဆင်နွှဲသွားမည်ဖြစ်ကြောင်း (ABSDF ကြေညာချက် (၁) ၇ - ၁၁ - ၈၈။ အပိုဒ်ခွဲ ၅ မှ) ဆိုသည့် နိုင်ငံရေးအာမခံချက်အား ယနေ့တိုင် ဦးလည်မသုန်ထမ်းရွက်ခှဲု့သာ ဖြစ်သည်။
အနှစ် ၂၀ သို့ရောကှ်ု ABSDF . ပထမမျိုးဆက်ခေါင်းဆောင်မှု အများစုအား ပြန်လှည့်ကြည့်သောအခါ သူတို့ မရှိကြတော့။ သူတို့မရှိတော့သော်လည်း ABSDF (ကျောင်းသားတပ်မတော်) က ဆက်လက်၍ ၁၃၅၀ ပြည့် အရေးတော်ပုံ၏ မပြီးဆုံးသေးသည့်တာဝန်။ ကျောင်းသားထုတရပ်လုံး၏ ဒီမိုကရေစီရေးတာဝန်များအား ပခုံးထမ်းတာဝန်ယူလျက်ပင်ရှိသည်။ ကျနော်တို့တွင် ပုဂ္ဂိုလ်ရေးမရှိ။ ကျနော်တို့တွင် မူနှင့် အစဉ်အလာသာရှိသည်။ ABSDF (ကျောင်းသားတပ်မတော်) တွင် ကျရာတာဝန်များအား ထမ်းဆောင်လျက်ရှိသည့် ပထမမျိုးဆက်ဝင်များ ဆက်လက်၍ ရှိနေသည်ကိုလည်း တွေ့ရမည်ဖြစ်သည်။ ထိုရဲဘော်များကိုတော့ဖြင့် ကျနော်တို့ အလေးအမြတ်ပြုသည်။ ABSDF (ကျောင်းသားတပ်မတော်)၏ မူကို နာခံသူ။ ကတိက၀တ်ကို လေးစားသူ။ အစဉ်အလာကို လေးနက်သူများအဖြစ် အလေးအမြတ်ပြုခြင်းဖြစ်သည်။
ဗမာပြည်အဖိနှိပ်ခံတို့၏ တော်လှန်သော ဒီမိုကရေစီတိုက်ပွဲက မပြီးသေး။ --- စစ်အုပ်စုကို အပြီးအပြတ် ချေမှုန်းဖျောက်ဖျက်မည့် (ABSDF ကြေညာချက် (၁) ၇ - ၁၁ - ၈၈။ အပိုဒ်ခွဲ ၅ မှ) တော်လှန်ရေးခရီးစဉ်က မပြီးသေး။ ထို့သည်နှင့်အတူ ABSDF (ကျောင်းသားတပ်မတော်)၏ လက်နက်ကိုင်တော်လှန်ရေးသည်လည်း မပြီးဆုံးသေး။
ညိုထက် (လမ်းသစ်ဦး)
Posted by
ခြားနားသူ
at
8:02 PM
1 comments
Labels: အမြင်သဘောထား
Sunday, June 8, 2008
“အောင်ပွဲအတွက်ပြင်ဆင်ကြပါစို”့ 
(ကောင်းဇေ)
နအဖစစ်အုပ်စုကတော့ သိန်းပေါင်းများစွာသော ပြည်သူတွေ ဒုက္ခပင်လယ်ဝေနေတာကိုလည်း ဂရုမစိုက်၊ နိုင်ငံတကာ က တောင်းဆို မေတ္တာရပ်ခံနေတာကိုလည်း ဂရုမစိုက်ဘဲသူတို့လုပ်ချင်တာလုပ် မည်။ ကြမ်းချင်သလို ကြမ်းမည်ဆိုပြီး ဘီလူးဆိုင်းတီးပြီး ထွက်လာလေပြီ။
နအဖအာဏာပိုင်တွေရဲ့  တာဝန်ယူမှုမဲ့စွာ၊ ပစ်စလက်ခတ်နိုင်မှုများကြောင့်ပြည်သူတွေ သိန်း၊သန်း ပေါင်းများစွါရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်များ၊ ဘ၀များ နာဂစ်မုန်တိုင်းအောက်တွင် ချေဖျက်ခံခဲ့ရသည်။ ခံလဲခံနေရစဲဖြစ်သည်။ အဲဒီအတွက် သူတို့ ကိုယ်တိုင်လဲ ဘာမှ ဟုတ်တိပတ် တိမလုပ်နိုင်၊ အချေအနေမှ အမြတ်ထုတ်ရန်သာစဉ်းစားနေပြီး စေတနာနဲ့ ကူညီပေးဖို့လည်း ဆန္ဒကမရှိ။ ဒုက္ခရောက်နေ သောပြည်သူ တွေကို တကယ်ကူညီချင်သူတွေ၊ ထိထိ ရောက်ရောက် ကူညီနိုင်သူတွေ၊ အလှုရှင် တွေကိုကြတော့ ပိတ် ပင်တားဆီးထားပြီး ဒုက္ခသည် ပြည်သူ တွေကို ခွေးစားစား၊ ကျီးထိုးထိုး၊ (ငါးပူတင်းထိုးထိုး) ဆို ပြီးပစ်ထား သည်။
ထို့အပြင် တတိုင်းပြည်လုံးအား စစ်ကျွန်ဇတ်သွင်းမည့် သူတို့ရဲ့  ဆန္ဒခံယူပွဲကိုတော့ ဒုက္ခရောက် နေတဲ့ ပြည်သူတွေကို မှ မထောက်ထားဘဲ အမြတ်ထုတ်ပြီးအရှက်မဲ့စွာဖြင့် တွန်းတင်လုပ်ဆောင်ခဲ့သည်။ အောက်လမ်းနည်းမျိုးစုံ၊ ညစ်ပတ်မှုမျိုးစုံ၊ ခြိမ်းခြောက်မှုမျိုးစုံကို အသုံးချ၍ မရှက်မကြောက် လုပ်ဆောင်ခဲ့ သည်။ ဒီလို အချေအနေမျိုးမှတော့ မဲမေးနိုင်သူ အားလုံး၏ ၉၂ ရာခိုင်နှုန်း က ထောက်ခံပါသည်ဆိုပြီး ကြေ ငြာရဲသည်မှာလည်း တကယ်တော့ အထူးအဆန်း မဟုတ်တော့ချေ။ ကြိမ်းသေတာကတော့ရှိသည၊် သူတို့ ဘယ်လိုပင် အတင်းဓမ္မ ကြေငြာနေပါစေ ဒီရလဒ်ဟာ လူထုရဲ့ဆန္ဒအစစ်အမှန်မဟုတ်မှန်း သူတို့ကိုယ်တိုင် လည်း သိသည်၊ ထို့အပြင် ဒါကို ကမ္ဘာကလည်း သိနေသည်။ လူထုအနေနဲ့ကတော့ ပြောစရာပင်မလို။
တကယ်တော့ နှစ်ပေါင်းများစွာ တလျှောက်လုံး အတိုက်အခံဘက်က တောင်းဆိုလာခဲ့သည်မှာ နှစ်ဘက်တွေ့ဆုံဆွေးနွေး၍ စားပွဲဝိုင်းတွင်တိုင်းပြည် ပြဿနာကို အဖြေရှာရေး ဖြစ်သည်။ သို့သော် နအဖ က မသိကျိုးနွံပြုပြီး အတိုက်အခံကို အတင်း သူတို့ရဲ့လမ်းပြမြေပုံအောက်ကိုဝင်လာပြီး လက်နက်ချခိုင်း သည်။ တွေဆုံဆွေးနွေးရေးကို မလုပ်ဘဲ တံခါးတွေကို တဖက်သတ်ပိတ်ပစ်ထားသည်။ ယခုလည်းသူတို့  ရဲ့လမ်းပြမြေပုံကို တဖက်သတ် ဆက်သွားနေသည်။ သည်လိုတဖက်သတ် ဆက်သွားနေရင်တော့ဖြင့် ဘာ တွေဆက်ဖြစ်လာမယ် … ဘယ်လမ်းကြောင်းကိုဦးတည်နေတယ် ဆိုတာကတော့ ဗေဒင်မေးရင်တောင် ဆန်ကုန်အုံးမှာဖြစ်သည်။ ကြိမ်းသေသည် လူထုတိုက်ပွဲတွေ တခြိမ်းခြိမ်းဖြစ်လာတော့မည်။
အထွေထွေရှားပါးမှု၊ နိုင်ငံရေးအရအနိုင်ကျင့်ခံရမှု မျိုးစုံတို့ကြောင့် ပြည်သူထူထုတွေရဲ့ ဒေါသမှာ ကြိမ်အုံးမီးဖြစ်နေတာကြာပြီ။ စက်တင်ဘာတုံးက သံဃာတော်တွေအပေါ် ကိုပြုမူလုပ်ဆောင်ခဲ့ပုံတွေက မီး ဇာကိုမြှင့်စေခဲ့သည်။ ယခုတော့ ဒီဒေါသတွေကို ဒီမေလ မှာ တိုက်ခတ်သွားခဲ့သည့် မုန်တိုင်း၂ခု(နာဂစ်နှင့် နအဖ၏ နိုင်ငံရေးမုန်တိုင်း) နှင့် အထွတ်အထိပ်သို့ ပို့ဆောင်ပေးခဲ့လိုက်ပြီ။
ဆန်အကြပ်အတည်း၊ လောင်စာဆီ၊ ကုန်ဈေးနှုန်း၊ လစာကိစ္စ၊ ကျောင်းလခကိစ္စ၊ ဆုတောင်းပွဲ၊ မျိုး စုံက တိုက်ပွဲ အစတွေ ဖြစ်လာနိုင်သည်။ မုန်တိုင်းခံဒေသတွေမှာလည်း အကူအညီတွေကို မတရား ပိတ် ပင်နေတာတွေ၊ ဒေသခံအာဏာပိုင်တွေက အကူအညီတွေကို ခေါင်းပုံဖြတ်သိမ်းယူတာတွေ အာခံပြီး လူထု ကိုကယ်ဆယ်ကူညီနေရတဲ့ တိုက်ပွဲငယ်လေးတွေကလည်း နေ့စဉ်လိုတခြိမ်းခြိမ်း ဖြစ်နေသည်။ ဒီတော့ တိုက်ပွဲရဲ့အစဟာ အမျိုးမျိုးဖြစ်နိုင်ပြီး၊ မထင်မှတ်တဲ့ ပုံစံအမျိုးမျိုးနဲ့ လာတော့မှာဖြစ်သည်။ ဘယ်လိုပဲ ဖြစ် ဖြစ် နောက်ဆုံးပန်းတိုင်ကတော့ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးကို ဦးတည်တဲ့ တိုက်ပွဲကြီးတွေကို သာ ဦးတည်မှာပဲ ဖြစ်သည်။ ဤသည်ကတော့ မြေကြီးလက်ခတ်မလွဲပင်။
ဒီတော့ အခုအချိန်မှာ ကိုယ့်ကိုကိုယ် မညှာဘဲ မေးခွန်းထုတ်ရတော့မည်။ မေးရမဲ့မေးခွန်း က ဘယ် လမ်းကြောင်းတွေ ကိုအသုံးပြုမှာလဲ။ ဘာway တွေ ညာway တွေမဟုတ်၊ ကြွေးကြော်သံတွေ အတွက် အငြင်းပွားနေရမယ့် အချိန်လည်းမဟုတ်။ (လက်နက်ကိုင်မှတို့ ၊စားပွဲဝိုင်းမှတို့ ၊ ပူးသတ်မှတို့ ၊ နိုင်ငံတကာ အကူ အညီယူမှတို့မဟုတ်။ လူထုရဲ့အင်အားနဲ့တိုက်ပွဲပုံသဏ္ဍာန်တွေကပဲ နောက်ဆုံးပိတ်တိုက်ပွဲရဲ့ လမ်း ကြောင်းကို ပြဋ္ဌာန်းပေးသွားလိမ့်မည်။) အဓိက,က ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေမျိုးစုံ၊တိုက်ပွဲမျိုးစုံ အတွက် ဘယ်လောက်လက်တွေ့ကျကျနဲ့  စနစ်တကျပြင်ဆင်ထားပြီးပြီလဲဆိုတာသာ ဖြစ်တယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်လာနိုင်တဲ့ ဒီတိုက်ပွဲငယ်လေးတွေကို ဘယ်လို တစက်ကနေ တမျက်နှာ လုပ်ပစ်နိုင်မလဲ၊ ဒီတိုက်ပွဲတွေနဲ့ လူထုကို ဘယ်လိုစနစ်တကျပေါင်းစပ်ပါဝင်စေနိုင်မလဲ၊ အဲဒီအတွက် စည်းရုံးရှေ့ဆောင်နိုင်မယ့်သူတွေ၊ အဖွဲ့ အစည်းတွေ လူထုကြားထဲမှာဘယ်လောက် ခိုင်ခိုင်မာမာ ထိုးဖေါက်ထားနိုင်ပြီလဲ ဆိုတာမျိုးတွေ ဖြစ်သည်။ တကယ်လို့ ရန်သူက နည်းမျိုးစုံနဲ့ဖြိုခွင်းလာပြီဆိုရင် လည်း ဘယ်လိုဆက်လုပ်သင့်တယ် ဆိုတာမျိုးတွေကိုလည်း စဉ်းစားပြင်ဆင်ထားရမည်။ တော်လှန်ရေးအနု ပညာကို လှလှပပ ကပြတင်ဆက်နိုင်ဖို့  ဖြစ်သည်။
ပွဲသိမ်းတိုက်ပွဲကြီးဖြစ်လာဖို့အတွက် ပုံစံအမျိုးမျိုးသောတိုက်ပွဲငယ်တွေတွေက တဆင့်ပြီးတဆင့် တက်လှမ်းယူရမှာဖြစ်သည်။ ဒီမှာသတိပြုရမှာတခုလည်းရှိသည်။ အင်အားကြီးပြီး ကြိုတင်ပြင်ဆင်မှုရှိနေ သောရန်သူကို တိုက်နေရခြင်းဖြစ်တဲ့အတွက် ကိုယ့်ဖက်ကလည်း စနစ်တကျကြိုတင် ပြင်ဆင်မှုရှိဖို့၊ ညီ ညွတ်ဖို့၊ နည်းပရိယာယ်ကြွယ်ဝဖို့ လိုတာပဲဖြစ်သည်။ ပြင်ဆင်မှုမရှိဘဲ မထိတထိနဲ့တပွဲတိုး ကိုယ့်ဘက်က သွားလုပ်တိုင်း သူတို့ဘက်က (တန်ပြန်တော်လှန်ရေးဖက်က) အင်အားပိုကြီးလာတယ်ဆိုတဲ့ အချက်ကို လည်း မမေ့သင့်ပေ။ ဒါကြောင့် ဘယ်လောက်လက်တွေ့ကျကျ နဲ့  စနစ်တကျ ပြည်သူလူထုကြားထဲမှာ ပြင်ဆင်ထားပြီးပြီလဲဆိုတာနှင့် အဲဒီလို တွေးဆပြင်ဆင်ထားတာ အားနဲနေသေးသည်၊ ပြည့်စုံရန် လိုသေးသည် ဆိုရင် ဒီအတွက် အားသွန်ခွန်စိုက်နဲ့ ညီညွတ်ရေးမှာအခြေခံပြီး ပြင်ဆင်ဖို့လိုနေသည်။ ဒီနေရာမှာ ၈-လေးလုံးနဲ့ပြီးခဲ့တဲ့ စက်တင်ဘာအရေးအခင်းတွေမှာ တွေ့ကြုံခဲ့ရတဲ့ အားသာချက် အားနဲချက် တွေကို ပြန်လည်လေ့လာကြည့်သင့်တယ်။ သင်ခန်းစာယူစရာတွေ အများကြီးရှိသည်။
Statement တွေ ကြွေးကြော်သံတွေ ထုတ်ပြီး action ဆို တဲ့ လုပ်ဆောင်ချက်တွေ နောက်ကမပါ လာဘူးဆိုရင် ကြာလာရင် သင်္ကြန်အမြောက်ဖြစ်သွားလိမ့်မည်။ လူထုကလည်း ကိုယ့်အပေါ်လေးစားမှု ကျလာနိုင်သည်။ နောက်အင်အားနဲ့လုပ်ငန်းစဉ်မပါတဲ့ ကြေညာချက်တွေကို နအဖ က ဘယ်လိုမှ ဂရုမစိုက် ဘူးဆိုတာကို အနှစ်၂၀ သင်ခန်းစာက ထုပ်နှုတ်ယူပြီးသားဖြစ်နေသင့်ပြီ။ ဒီလို ပြင်ဆင်မှုတွေကို ဒီလောက် ဖိနှိပ်တဲ့ အစိုးရအောက်မှာ ပေါ်ပေါ်ထင်ထင်လုပ်လို့မရနိုင်တာ ကတော့ ကြိမ်းသေသည်။ ထို့ကြောင့် လျှို့ဝှက်ရမယ်။ တနည်းပြောရရင်မြေအောက်လှုပ်ရှားမှုပုံသဏ္ဌန်မျိုး ဖြစ်ရလိမ့်မည်။ မလုပ်တတ်သေး ရင်လည်း လုပ်တတ်အောင်သင်ယူရလိမ်မည်။ လုပ်ချင်တဲ့ဆန္ဒရှိပြီး လျှို့ဝှက်ရေးကိုသာ အခြေခံရင် အလုပ် က ပဲ သင်သွားပေးလိမ့်မယ်။ ဒီလုပ်ငန်းမှာအတွေ့အကြုံရှိသူတွေနှင့်လည်း ပူးတွဲလုပ်ဆောင်သင့်သည်။
ထို့အပြင် နိုင်ငံတကာအခြေအနေကိုလည်း မှန်မှန်ကန်ကန် ရှုမြင်ဖို့လိုသည်။ တခါတရံလိုတာထက် ပိုပြီး အားကိုးမိနေ၊ ရနိုင်တာထက်ပိုပြီး မျှော်လင့်နေသလိုဖြစ်နေသည်။ ပြည်သူလုထုကို အခြေအနေမှန်ကို တင်ပြဖို့နဲ့မျှော်လင့်ချက်အမှားတွေ မပေးမိစေဖို့က အားလုံးမှာတာဝန်ရှိသည်။ တကယ်တော့ နိုင်ငံတကာ အခြေအနေက မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး။ ဒီမိုကရေစီစနစ်ပေါ်ထွန်းဖို့ဆိုရင် မြန်မာပြည် သူတွေကို ကိုယ့်ဖာသာကိုယ်လုံးပန်းတိုက်ခိုက်မှရတော့မယ်ဆိုတာကို ပြဋ္ဌာန်းနေတယ်။ အကူအညီ ပေး ချင်လွန်းလို မြန်မာရေပိုင်နက်အစပ်မှာ စောင့်နေတဲ့သူတွေလည်း လှည့်ပြန်သွားရပြီ။ UN၊ ဘန်ကီမွန်း၊ အီး ယူနဲ့အာစီယံလည်း လုပ်ပေးချင်သလောက်၊ ဆန္ဒရှိသလောက် မလုပ်နိုင်သေး။ ဘာလို့လဲဆိုလျှင် နအဖ ဟာ အကျိုးစီးပွားကို အခြေခံတဲ့ ဒီနေ့ခေတ်နိုင်ငံတကာအခင်းအကျင်းမှာ ကောင်းကောင်း ကစားတက်နေ ပြီး၊ ကစားနိုင်တဲ့ အနေအထားလည်းရှိနေလို့ ဖြစ်သည်။ ရှေ့မှာလည်း ဒီလိုကစားနိုင်ခဲ့၊ အမြတ်ထုတ်နိုင်ခဲ့၊ အချိန်တွေကိုလည်း ၀ယ်ယူနိုင်ခဲ့တဲ့ သာဓကတွေ က အများကြီး ရှိခဲ့ပြီးပြီ။ ဒီတခေါက်မရရင် နောက် တခေါက်တော့ ရမှာပဲ ဆိုတဲ့ မရေရာတဲ့ မျှော်လင့်ချက်နဲ့ မြန်မာကပြည်လူထုရဲ့ကံကြမ္မာကို ပုံအပ်ထားလို့ မရတော့ပေ။ တကယ်တော့ အချိန်က ကိုယ့်ဖက်မှာ ဒီလောက် ရှိမနေတော့တာလည်းပါသည်။
နိုင်ငံတကာအကူအညီတွေကို ပစ်ပယ်လို့ ဆိုလိုချင်တာ မဟုတ်ပေ။ နိုင်ငံတကာက ဖိအားတွေ ၊ ဒီ မိုကရေစီလှုပ်ရှားမှုပေါ်မှာ ထောက်ခံစာနာတာတွေကြောင့် ဒီနေ့အထိနအဖဟာ နိုင်ငံတကာအလယ်မှာ မျက်နှာသာမရနိုင်တာ၊ လူယောင်သူယောင်မပြောင်နိုင်တာဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံတကာ ဖိအား က နအဖကို အသက်ရှုမ၀အောင်လည်ပင်းညှစ်ထားနိုင်တဲ့ အနေအထားမှာပဲ ရှိသေးသည်။ ဒူးထောက်လာ နိုင်အောင်တော့မလုပ်နိုင်သေးပေ။ ဒူးထောက်လာနိုင်အောင်လုပ်နိုင်တဲ့ အင်အားဟာ ပြည်တွင်းမှာပဲ ရှိနေ သည်။ ပြည်သူလူထုရဲ့အားပဲဖြစ်သည်။ ဒီတော့ နိုင်ငံတကာဖိအားနဲ့အကူအညီတွေကို အသုံးချ၊ ပြည် တွင်းကလူထုအားနဲ့ ပေါင်းစည်းပြီး ဟန်ချက်ညီညီနဲ့အပြောင်းအလဲကို ဖန်တီးယူကြရမှာပဲ ဖြစ်သည်။
တကယ်တော့ ပြည်သူလုထုကြီးကအသင့်ဖြစ်နေပြီ၊ ဒါကိုစက်တင်ဘာလနဲ့ ပြီးခဲတဲ့ ဆန္ဒခံယူပွဲမှာ ဒီလောက်ဖိနှိပ်မှုတွေကြားထဲက ကန့်ကွက်မဲတွေကိုပေးခဲ့ပြီး သက်သေပြခဲ့ပြီးဖြစ်သည်။ အသင့်မဖြစ်သေး တာ ကိုယ့်ဘက်ကသာဖြစ်သည်။ အောင်ပွဲဆီကိုရောက်အောင် ခေါ်ဆောင်သွားနိုင်တဲ့ ခိုင်မာတဲ့လုပ်ငန်းစဉ် တွေ၊ ပြင်ဆင်မှုတွေ၊ ဦးဆောင်မှုတွေ၊ ညီညွတ်မှုတွေကို သေသေချာချာလူထုကြီးကို မချပြနိုင်သေးရင် တော့ လူထုကြီးက တိုက်ပွဲထဲကို လိုက်လာအုံးမှာမဟုတ်ပေ။ statement တွေ၊ ကြွေးကြော်သံတွေ လောက်ထုတ်ပြီးလူထုကိုခေါ်လို့  လူထုကလိုက်လာမှာမဟုတ်ပေ။ ထို့ ကြောင့် လူထုထဲမှာရှိနေပြီး၊ လူထုနဲ့ တသားထဲဖြစ်နေဖို့လိုသည်။ ဒီနေရာမှာခေါင်းဆောင်တွေမရှိလို့ ၊ အဖမ်းခံထားရလို့ ဆိုတဲ့ဆင်ချေလောက်နဲ့ က မပြည့်စုံတော့ပေ။ ခေါင်းဆောင်မရှိရင် ကိုယ့်ဖာသာကိုယ် ခေါင်းဆောင်ဖြစ်အောင် လေ့ကျင့်ယူရမှာပဲ ဖြစ်သည်။ တိုက်ပွဲသာရှိနေပါစေ အဲဒီထဲကနေ ခေါင်းဆောင်ဆိုတာပေါ်လာပါလိမ့်မည်။ တကယ်တော့ လူ တိုင်းဟာခေါင်းဆောင်ကောင်းဖြစ်ဖို့ လိုနေသလို နောက်လိုက်ကောင်းလည်း ဖြစ်ဖို့ လိုနေသည်။
ဤတွင် ပြည်သူလူထုဆိုတာကိုနဲနဲပြောဖို့လိုသည်။ ပြည်သူလူထုဆိုသည့်ထဲ မှာ နအဖရဲ့စနစ်ကြီး ထဲမှာ မလှုပ်သာ မလူးသာဖြစ်နေရတဲ့ တပ်မတော်သားတွေ ၊ ၀န်းထမ်းတွေလည်းပါသည်။ အခွင့်အရေး ကြောင့်ဖြစ်စေ၊ ပညာမဲ့မှုနဲ့ဆင်းရဲချို့တဲ့မှုတို့ကြောင့်ဖြစ်စေ၊ ဘ၀ရပ်တည်ရေးကြောင့်ပဲဖြစ်စေ အခြေနေအမျိုး မျိုးတို့ကြောင့် ကြံ့ဖွတ်ထဲကို ရောက်နေရတဲ့သူတွေကိုလည်း မမေ့ထားသင့်ပေ။ သူတို့ဟာ အနှစ်၂၀ဆိုတဲ့ အချိန်အတွင်းက စနစ်ရဲ့သားကောင်တွေ ဖြစ်သည်။ တချို့ကြတော့လည်း အခြေအနေတွေအရ မချစ်သော် လည်း အောင့်ခါနမ်းဆိုတဲ့ အနေအထားမှာ နေနေရသူတွေ ရှိနေသည်။ ဒီတော့ အခြေအနေပေးလာတဲ့ အချိန်မှာ သူတို့ကြားနေလာအောင်၊ ကိုယ့်ဖက်ကအင်အားတွေ ဖြစ်လာနိုင်အောင်လည်းကြိုတင်ပြင်ဆင် ထားရလိမ့်မည်။ လက်ရှိအခြေအနေကို မကျေမနပ်ဖြစ်ပြီး ၊ အပြောင်းအလဲကို မျှော်နေတဲ့ တပ်မတော်အရာ ရှိကြီးတွေ အစိုးရအရာရှိကြီးတွေ အများကြီး ရှိနေတယ် ဆိုတာကို ကြားနေရသည်။ တခါတလေ ဒီလူတွေ မီဒီယာပေါ် အထိတောင် တက်လာ၊ ရောက်လာတက်သည်။ သူတို့လို လူတွေ များများပေါ်လာအောင် သူတို့ လှုပ်သာရှားသာရှိလာအောင်လုပ်ပေးဖို့လိုသည်။ ကိုယ့်လှုပ်ရှားမှုအတွက် သူတို့ကို အသုံးချတက်ဖို့လည်း လိုသည်။
တကယ်တော့ ဖြစ်လာမှ ပြည်သူစစ်သား တို့စစ်သား အော်လို့မရနိုင်ပေ။ အဲဒီလို အချိန်မှာ သစ္စာ အရှိဆုံးတပ်ကိုသာ လူထုကိုဖြိုခွင်းဖို့ရွေးလွှတ်တာချည်းဖြစ်သည်။ ဒီမှာဆရာကြီးဒဂုန်တာရာပြောတဲ့ စကား တခုဟာ အရမ်းတန်ဖိုးရှိပါသည်။ “နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကိုမိတ်ဆွေဖြစ်အောင်လုပ်တာ” ဆို၍ ဖြစ်သည်။ ဒီစကားရဲ့အနှစ်သာရကို လိမ်မာပါးနပ်စွာနဲ့  အကောင်အထည်ဖေါ်နိုင်ဖို့ လိုအပ်သည်။ ဒီလို ဆို လို့ ရန်သူကို မတိုက်ရတော့ဘူးတော့ မဟုတ်ပေ။ တိုက်ပွဲတိုင်းမှာတော့ နောက်မဆုတ်တမ်း ရန်သူကို ပြတ် ပြတ်သားသားတိုက်ဖို့ရင်ဆိုဖို့ လိုပါသည်။ ဒါပေမဲ့တချိန်ထဲမှာလည်း အမြင်မှန်ရပြီး ဘက်ပြောင်းလာသော ရန်သူအပေါ်ကို သဘောထားကြီးဖို့လည်းလိုတယ်။ ခေတ်နဲ့စနစ်ကို ပြောင်းဖို့တော်လှန်ရေးလုပ်နေ ကြတာ ဖြစ်သည်။ ကလဲ့စားချေရေးအတွက်မဟုတ်ပေ။ လက်တဆုပ်စာ စစ်အုပ်စု က သူတို့အာဏာနဲ့ သူတို့ရဲ့ ဆွေစဉ်မျိုးဆက်အခွင့်အရေးတွေအတွက် တပ်မတော်နဲ့၊ တိုင်းပြည်ရဲ့ယန္တရားတွေကို ချုပ်ကိုင်ပြီး အသုံး ချနေတာဆိုတာကို ခွဲခြားသိမြင်ဖို့လိုသည်။ ဒီသူတွေကတော့ သူတို့စိုက်တာကို သူတို့ ရိတ်သိမ်းရမှာပဲ ဖြစ်သည်။
နအဖတွင် အတွင်းရော၊အပြင်ပန်းမှာရော ဖြေရှင်းဖို့ခက်နေတဲ့ ပဋိပက္ခပေါင်းစုံကို ရင်ဆိုင်နေရ သည့် အချိန်ဖြစ်နေသည်။ ဒါကြောင့်လည်း သူတို့ အတိုင်း အတာနဲ့ အပေါ်ယံ အပြောင်းအလဲတခု ကို ဖန်တီး လာသည်။ အဲဒီအချိန်မှာ လူထုကလည်း အပြောင်းအလဲ အတွက် စတင်ရုန်းကန်လှုပ်ရှားလာနေသည်။ အခုအချိန်က ဒီနှစ်ခု ထိပ်တိုက်တွေ့နေတဲ့ အချိန်ဖြစ်နေသည်။ ဒါကြောင့်မို့လည်း အနာဂတ်ဟာ တိုက်ပွဲပုံစံ မျိုးစုံနဲ့ ပြည့်လွှမ်းနေတော့မှာ ဖြစ်သည်။ ဒီတော့ တဦးတယောက်ခြင်းအနေနဲ့ရော၊ အဖွဲ့အစည်းးတခုခြင်း အနေနဲ့ရော၊ လှုပ်ရှားတခုလုံးကို လွှမ်းခြုံတဲ့အနေနဲ့ရော ဘယ်လောက်စနစ်တကျပြင်ဆင်ထားပြီးပြီ၊ တိုက်ပွဲ နဲ့လူထုကိုပေါင်းစပ်ပေးလိုက်ဖို့ ဘယ်လောက်အသင့်ဖြစ်နေပြီ၊ အောင်ပွဲကိုရယူဖို့  ဘယ်လောက် အသင့်ဖြစ် နေပြီ စတဲ့စတဲ့မေးခွန်းတွေကိုမေးလည်းမေး၊ အကောင်အထည်လည်းဖေါ်နိုင်အောင် ညီညွတ်ရေးကိုရှေ့ တန်းတင်ပြီး အပူတပြင်းလုပ်ဆောင်ကြရတော့မှာဖြစ်သည်။ အဘယ်ကြောင့်လဲဆိုသော် ပြည်သူလူထုကြီး က အသင့်အနေအထားနှင့် စောင့်မျှော်နေကြလို့ပဲ ဖြစ်သည်။
ကောင်းဇေ
Posted by
ခြားနားသူ
at
1:34 AM
0
comments
Labels: အမြင်သဘောထား
Tuesday, June 3, 2008
Wednesday, October 17, 2007
Saturday, October 6, 2007
လင်းလက်ကြယ်စင်၏ အမြင်
မျိုးဆက်သစ်တို့တိုက်ပွဲ
ဒီအရေးအခင်းက ဒီလိုနဲ့ပြီးသွားမှာလား။
ဒါတွေကို ထပ်ခါတလဲလဲဆွေးနွေးနေကြတိုင်း မရေရာတဲ့ အဖြေတွေနဲ့ အားလုံးက တစ်စုံတစ်ခုကို မျှော်လင့်နေကြတာ ကျွန်မတွေ့ရပါတယ် .. ။
ဒီတစ်ခါ ကျွန်မတို့ရှုံးရင် နောင်နှစ်ပေါင်းများစွာတိုင် ခေါင်းထပ်ဖော်နိုင်တော့မှာ မဟုတ်ပါဘူး။ ကျွန်မတို့ ဦးခိုက်ရှိခိုးတဲ့ သာသနာတော်ကြီးကို လူစိတ်တစ်စက်မှ မရှိဘဲ အာဏာတစ်ခုအတွက် ကမ်းကုန်အောင် ယုတ်မာဖျက်ဆီးခဲ့တာ ကျွန်မတို့ မြန်မာပြည်သူအားလုံးကို စစ်အာဏာရှင်က လူလို့တောင် သတ်မှတ်တယ် မထင်ဘူး .. ။ ဒီအရေးအခင်းကိုဖြစ်တော့ စင်္ကာပူက စင်္ကာပူလူမျိုးအချို့က ကျွန်မကို “မင်းတို့ဘာသာနဲ့ မင်းတို့လူမျိုးမှာ အဲလို ရက်စက်လို့ရတယ်တဲ့လား ။
အဲလိုလုပ်တတ်ကြတယ်လား”ဆိုပြီး မေးလာကြပါတယ် .. ။ ဘယ်လောက်ရှက်ဖို့ကောင်းလဲ ၊ ဘယ်လောက်ရင်နာဖို့ ကောင်းလဲ ၊ ဘယ်လောက် ယူကြုံးမရဖြစ်ဖို့ကောင်းလဲ .. ။
စစ်အာဏာရှင်နဲ့ လက်အောက်ငယ်သားတွေ လုပ်ရပ်က ကျွန်မတို့ဗမာလူမျိုးအားလုံးကို ကမ္ဘာပေါ်မှာ သနားစရာအကောင်းဆုံး ၊ မျက်နှာအငယ်ရဆုံး ပိုဖြစ်အောင် လုပ်လိုက်သလို အပြစ်မဲ့တဲ့ ပြည်သူတွေ ၊ သံဃာတော်တွေရဲ့ သွေးတွေ မြေပေါ်မှာ စီးဆင်းခဲ့ပြီ .. ။ ကျွန်မတို့ အမြဲတမ်း ဂုဏ်ယူလေ့ရှိတဲ့ ယဉ်ကျေးသိမ်မွေ့ပါတယ်ဆိုတဲ့ မြေပေါ်မှာ မတရားခြင်းတွေနဲ့ သွေးတွေ စီးဆင်းခဲ့ရပြီ .. ။
ကျွန်မတို့တွေ အနာဂတ်အတွက် တာဝန်ကို ဆက်လက် မထမ်းဆောင်ဘူးဆိုရင် ကျွန်မတို့အားလုံးက စစ်ဖိနပ်အောက်မှာ ပြားပြားဝပ်နေတဲ့ မြေမှုန့်လေးတွေ ဖြစ်လာမှာ မလွဲမသွေပါ (အခုလည်း အဲလိုပဲ ဖြစ်နေတာပါ) ။ ဘုရားကို မရှိခိုးရဘဲ စစ်သားတွေကို ရှိခိုးဦးထိပ်တင်ရမယ့် ပုံစံမျိုး ဖြစ်လာခဲ့ရင် ကျွန်မတို့တွေလောက် အသုံးမကျတဲ့ လူ ဒီကမ္ဘာပေါ်မှာ ရှိမှာ မဟုတ်တော့ပါဘူး .. ။
စစ်အာဏာရှင်စနစ်အောက်မှာ ပညာရေးတွေ စုတ်ချာပျက်ဆီးသွားတယ် .. ။ စီးပွားရေး စနစ်တွေ ပိုမို ကျပ်တည်းလာတယ် .. ။ လမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲတယ် .. ။ အခုနောက်ဆုံးလက်ရှိမှာတော့ ဦးထိပ်တင်ရှိခိုးရတဲ့ သာသနာတော်ကြီးကို ရစရာမရှိအောင် ဖျက်ဆီးခံလိုက်ရပြန်ပြီ .. ။ ကျွန်မတို့ နှလုံးသားထဲက ကျနေတဲ့ မျက်ရည်တွေကို လက်နက်ကိုင်လူတန်းစားက လူစိတ်ကင်းမဲ့စွာ စားသုံးနေကြပြီ။
ဒီစစ်အာဏာရှင်စနစ်ကို ကျွန်မတို့ မျိုးဆက်မှာပဲ အမြစ်ပါပြတ်အောင် ဖျက်သင့်ပါပြီရှင် .. ။ နောင် လူဖြစ်လာမယ့် မျိုးဆက်တွေကို ဒီဒုက္ခတွေ ဆက်လက်မခံစားစေချင်တော့တာ အမှန်ပါပဲ .. ။
“ဗမာ”ဆိုရင် ကမ္ဘာက လေးစားမှုတစ်ခုနဲ့ ဆက်ဆံတာမျိုး ရဖို့နေနေသာသာ ရှုံ့ချတဲ့ အကြည့်နဲ့ ကြည့်တာတွေချည်း များနေတဲ့အချိန်မှာ ဒီအရေးအခင်းနဲ့ ထပ်အရေးနိမ့်မယ်ဆို၇င် ကျွန်မတို့ခေါင်းတွေအားလုံး မြေကြီးထဲမှာ သွားထိုးထည့်ထားဖို့ပဲ ကောင်းပါတော့တယ် .. ။ ဗိုလ်ချုပ်တိုက်ပေးခဲ့တဲ့ လွတ်လပ်ရေးကို အစစ်အမှန်အတိုင်း မဖန်တီးနိုင်ဘူးဆိုရင် ကိုယ့်ပါးကိုယ် အချက်တစ်ရာလောက် ရိုက်သင့်ပါတယ် .. ။
ကျွန်မတို့က စစ်သားကိုမုန်းတယ်ချည်း အော်နေလို့ မဖြစ်ပါဘူး ။ ပါးစပ်ကလည်းပြော ၊ လက်ကလည်း တကယ် အလုပ်လုပ်ဖို့ လိုပါတယ် .. ။ လူတိုင်း လူတိုင်းမှာ အလင်းရောင်ရှိပါတယ် .. ။ မင်းလည်း တာဝန်ထမ်းဆောင်ရမယ် ၊ ငါလည်း နိုင်ငံတာဝန်ထမ်းဆောင်ရမယ် ၊ ခင်ဗျားတို့ ရှင်တို့ အားလုံးလည်း နိုင်ငံတာဝန်ကို ဆက်လက်ထမ်းဆောင်ရမယ် .. ။
ဘယ်တော့နိုင်ငံကောင်းမလဲဆိုပြီး ထိုင်စောင့်နေရင် ကျွန်မတို့ရဲ့ အမိမြေကြီးက ပိုပြီးကောင်းလာဖို့မရှိဘဲ ပိုစုတ်ချာသွားဖို့ပဲရှိပါတယ် .. ။ “ကြက်မ ဘယ်လောက်တွန်တွန် မိုးမလင်းပါဘူး” … ဒီလိုပဲ စစ်အာဏာရှင်မကောင်းဘူး ဘယ်လောက်အော်အော် စစ်အာဏာရှင်စနစ် မပျောက်သွားနိုင်ပါဘူး .. ။ တကယ်လက်တွေ့ လုပ်ကြဖို့ လိုပါတယ် .. ။
ကိုယ့်ကိုယ်ကိုယ် တော်အောင် ၊ ကိုယ်ရွေးချယ်တဲ့ အသက်မွေးဝမ်းကြောင်းပေါ်မှာ ထူးချွန်အောင် ကြိုးစားကြပါ .. ။ တစ်ဖက်ကလည်း နိုင်ငံအတွက် ပြန်ကြည့်ပါ .. ။ လုပ်နိုင်တဲ့အရာမှန်သမျှ ၊ ကျလာတဲ့ တာဝန်မှန်သမျှ ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ပါ .. ။ ဓါးဆွဲပြီး သွားဖို့ မလိုပါဘူး ။ ကျွန်မတို့ အပြင်ရောက် မြန်မာအားလုံးထဲမှာ တစ်ဝက်လောက် တအားထူးချွန်ထက်မြက်ကြတယ် ၊ နေရာတစ်ခုရလာမယ်ဆိုရင် ဗမာပြည်အတွက် ထိထိရောက်ရောက် အကူညီပေးနိုင်မှာပါ .. ။
စစ်အာဏာရှင်တည်မြဲနေတယ်ဆိုတာ ကျွန်မတို့အားလုံး အသုံးမကျတာရော ၊ ထိရောက်စွာ မလုပ်နိုင်တာရော ၊ အားနည်းမှုတွေ များနေတာရော …. ဒါတွေအားလုံးကြောင့်ပါ … ။
ကျွန်မတို့က ငိုနေလို့ မပြီးသေးပါဘူး .. ။ မျက်ရည်ကိုသုတ် ဆက်လက်တိုက်ပွဲဝင်ရအုန်းမှာပါ . ။ စိတ်ဓါတ်အင်အားတွေ ၊ လူအင်အားတွေ ပိုပြီး ခိုင်မာနေဖို့ လိုအပ်ပါတယ် .. ။
ပြင်းထန်တဲ့ ခံစားမှုတွေအောက်မှာ လူတွေက တုန်လှုပ်နေကြတာ မှန်ပါတယ် ။ စိတ်ကို ပြန်ငြိမ်သက်အောင် ထားရမှာပါ .. ။ လုပ်စရာတွေ ရှေ့မှာ အများကြီး ကျန်ပါသေးတယ် .. ။
အနည်းငယ် စိတ်ပြန်တည်ငြိမ်လာချိန်မှာ ဟိုတစ်ရက်က ကျွန်မနဲ့ ကိုကို ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ပြန်သုံးသပ်ဖြစ်တယ် .. ။ သူလည်း တအားခံစားရပြီး စိတ်တွေအရမ်းပူလောင်ခဲ့ရပါတယ် .. ။ သူကတောင် ကျွန်မထက်ပိုမယ်ထင်ပါတယ် .. သူက သတင်းအစုံကြည့်သူဆိုတော့ … ။ ကျွန်မက မခံစားနိုင်ရင် ဖွင့်မကြည့်တော့ဘူး .. ။
ကျွန်မတို့ စင်္ကာပူမှာ အကျိုးသက်ရောက်မှုတစ်ခု ဘာလုပ်နိုင်သလဲ .. ။ ကျွန်မတို့ ခံစားမှုတွေ ပြင်းထန်နေလို့ မေ့နေတဲ့ အရာတစ်ခုရှိပါတယ် .. ။ အဲဒါ ကျွန်မတို့ မတရားပေးဆောင်ထားရတဲ့ အခွန်တွေနဲ့ အသက်ဆက်နေကြတဲ့ စစ်အာဏာရှင်ကို တရားမျှတသော ဥပဒေအတိုင်း ဆောင်ရွက်ဖို့ပဲ .. ။ ကျွန်မတို့ပေးဆောင်နေရတဲ့ အခွန်တွေ ဘယ်ရောက်သွားလဲ စာရင်းမရှိတဲ့အတွက် တပ်အပ်တော့ မပြောနိုင်ဘူး .. ။ ဒါပေမယ့် ဒီလူတွေလက်ထဲရောက်တာတစ်ခုတော့ ကျိန်းသေပါတယ် … ။ အခွန်တွေ ဘယ်ရောက်သွားသွား၊ အဲဒါ ကျွန်မတို့ အလုပ် မဟုတ်ဘူး .. ။ ကျွန်မတို့အလုပ်က ဥပဒေအတိုင်း ဆက်လျှောက်ပြီး မတရားတဲ့အခွန်ကို မပေးဖို့ ကြိုးစားဖို့ပဲ ရှိတယ် .. ။
အရင်ကလည်း ဒီအခွန်ကိစ္စကို လူတွေ တက်ကြွကြပါတယ် အားပေးကြပါတယ် .. ။ အချို့တစ်လေတော့ လက်မှတ်မထိုးရဲသူတွေတောင် ရှိပါတယ် .. ။ အပြစ်မတင်ပါနဲ့ လူတိုင်းမှာ သူ့အကြောင်းနဲ့ သူရှိမှာပါ ..။ အခုအချိန်မှာ ပြည်သူတွေ သံဃာတော်တွေကတောင် သူတို့အသက်သွေးတွေကို မြေပေါ်မှာ အခြွေခံခဲ့ရပြီ .. ။ ကျွန်မတို့ အပြင်ရောက် မြန်မာတွေ အပြင်မှာ ဘာပဲလုပ်လုပ် ပြည်တွင်းက မြန်မာတွေလောက် အခြေအနေ မဆိုးရွားပါဘူး .. ။ ဒါကို သေသေချာချာ နားလည်သဘောပေါက်တယ်ဆိုရင် ကြောက်နေတဲ့လူတွေ ဘာကိုဆက်ကြောက်ချင်သေးလဲ … ။
Posted by
ခြားနားသူ
at
7:21 PM
0
comments
Labels: အမြင်သဘောထား
Friday, October 5, 2007
ဒေါက်တာလွဏ်းဆွေ၏အမြင်
(ခေတ်ပြိုင်ဂျာနယ်တွင် ဖော်ပြထားပါသည်)
မိုးနဲ့နသိုး အစိုးမရဆိုသလို နောက်ထပ် အစိုးမရတဲ့အထဲမှာ လူထုအုံကြွမှုဆိုတဲ့အရာလည်း ထိပ်ဆုံးက ပါမယ် ထင်မိရဲ့။ ဘာဖြစ်လို့လဲဆိုတော့ လူထုအုံကြွမှုဆိုတာမျိုးက ဖြစ်ဟဲ့ ဖြစ်ဟဲ့ဆိုပြီး ယူဂျီတွေလွှတ်ပြီး အတင်းလုပ် ယူခိုင်းလို့ မရသလို မဖြစ်နဲ့ မဖြစ်နဲ့ဆိုပြီး အာဏာယူထားသူတွေဘက်က အတင်းအဓမ္မ ကျားကန်တားဆီးလို့ လည်း ရနိုင်တဲ့အရာ မဟုတ်လို့ပါပဲ။ ခပ်ဆင်ဆင် ဥပမာပေးရမယ်ဆိုရင်တော့ ဆူးစူးပြီး ပြည်တည်နာဖြစ်တဲ့အခါ ပြည်ပေါက်သလိုမျိုးလို့ ပြောရမယ်ထင်ပါတယ်။ တိုင်းပြည်တပြည်အတွက် အာဏာကို မတရားတဲ့နည်းနဲ့ လုယူခံ ရတာဟာ လူ့ကိုယ်မှာ ဆူးစူးခံသလိုမျိုးပါပဲ။
သေးသေးစူးရင် အနည်းဆုံးတော့ နေရထိုင်ရတာ ကသိကအောက်ဖြစ်မယ်။ ကြီးကြီးစူးရင်တော့ နာတာကို ကြိတ် မှိတ်သည်းခံရင်ခံ၊ မခံနိုင်ရင်တော့ အော်ဟစ်ညည်းတွား နေရမှာပဲ။ ဆူးကြီးကြီးစူးမိပြီး ကံမကောင်းလို့ ပိုးဝင်ရင် တော့ အနာက ရင်းလာမယ်။ ပြည်တည်လာမယ်။ ခံစားရသူအနေနဲ့လည်း မြန်မြန်ပျောက်ချင်ဇောနဲ့ မရင့်မှည့်ခင် အနာကို ညှစ်မိတာမျိုးရှိမယ်။ မရင့်မှည့်ခင် ညှစ်မိတဲ့အခါကျတော့ ပြည်နည်းနည်း ထွက်ချင်ထွက်သွားမယ်။ ဒါပေ မယ့် နာကျင်မှုကို ပိုခံစားရတယ်။ အရှင်းလည်း သက်သာမသွားဘူး။ နာမြဲ နာဆဲပဲ။ ပိုလည်း ရင်းချင်ရင်းလာမယ်။ အဲဒါကြောင့် ပြည်တွေတဖြည်းဖြည်းစုပြီး ရင့်မှည့်လာတဲ့အခါကျမှပဲ အနာကိုညှစ်တော့မယ်လို့ စိတ်ကူးပြန်တယ်။ ဒါပေမယ့် ရင့်မှည့်တဲ့အခါကျတော့ သေသေချာချာ ညှစ်ထုတ်မယ်လို့ စဉ်းစားတုန်းမှာပဲ (ကိုယ်မထင်မှတ်တဲ့အ ချိန်မှာ တင်းအားတစုံတရာကြောင့်) ပြည်တွေ ဗွမ်းကနဲ ပေါက်ထွက်သွားတာမျိုး ဖြစ်တတ်ပါတယ်။
လူထုအုံကြွမှုဆိုတာက အဲသလိုမျိုး ခပ်ဆင်ဆင်ပါ။ ရင်မှည့်အောင် စောင့်ရတာမျိုးပါ။ ဒါပေမယ့် ရင့်မှည့် လာတဲ့ အခါကျရင်လည်း မထင်မှတ်တဲ့ အကြောင်းတရားနဲ့ ၀ုန်းဆို ပေါက်ကွဲကြီးထွားတတ်တာမျိုးပါ။ ရင်မှည့်စေတဲ့ အ ရင်းခံ အကြောင်းတရားတွေကတော့ အများကြီးပေါ့။ ၈၈-အရေးတော်ပုံတုန်းကဆိုရင် အာအိုင်တီကျောင်းသား ကိုဘုန်းမော်သေဆုံးတဲ့ အရေးအခင်းဟာ လူထုအုံကြွမှုကို တမဟုတ်ချင်းကြီးထွားစေတဲ့ တင်းမာမှုဖြစ်ခဲ့ပြီး အခု လောလောဆယ် ဖြစ်ပွားနေတဲ့ အရေးတော်ပုံမှာတော့ ပခုက္ကူသံဃာတော်တွေ ဓာတ်တိုင်မှာ ကြိုးတုတ်ပြီး အ ရိုက်ခံရတဲ့ အရေးအခင်းဟာ လူထုအုံကြွမှုကို တမဟုတ်ချင်း ကြီးထွားစေတဲ့ တင်းမာမှုဖြစ်ခဲ့တာကို တွေ့ရပါ တယ်။
၆၂ခုနှစ်မှာ ဗိုလ်နေ၀င်း အာဏာသိမ်းတယ်။ သိမ်းပြီးပြီးချင်းပဲ တိုင်းပြည်အတွက် ဆူးကြီးကြီး စူးပြီဆိုတာ လူ တိုင်းသိတာပဲ။ ဒါ မဖြစ်သင့်ဘူး၊ တိုင်းပြည်အတွက် မကောင်းဘူး၊ နိုင်ငံတော်အာဏာကို ဒီလိုဖြတ်လမ်းနည်းနဲ့ယူ တာ မတရားဘူးဆိုတာကို ပြည်သူအားလုံး သိခဲ့တာပါပဲ။ သိတဲ့အလျောက် တိုင်းပြည်အတွက် ပေးဆပ်ရဲ၊ စွန့် လွှတ်စွန့်စားရဲတဲ့ တက္ကသိုလ်ကျောင်းသားတွေက အာဏာသိမ်းပြီး မကြာခင်မှာ ဗိုလ်နေ၀င်းစစ်အုပ်စုကို စပြီးက လန်တာပါပဲ။ ဒါပေမယ့် လူထုပါမလာနိုင်သေးတဲ့ အချိန်ဖြစ်နေတာကြောင့် ကျောင်းသားတွေ ရက်ရက်စက်စက် အနှိပ်ကွပ်ခံ လိုက်ပြီး ကျောင်းသားသမဂ္ဂ အဆောက်အအုံလည်း မိုင်းခွဲဖြိုဖျက်ခံလိုက်ရတယ်။
စစ်အုပ်စုကိုဆန့်ကျင်တဲ့ အဲဒီ ဆဲဗင်းဂျူလိုင်အရေးအခင်း ပြီးတဲ့နောက် ၁၉၇၄ မေ-ဇွန်မှာ အလုပ်သမားအရေးအ ခင်း၊ ၁၉၇၄ ဒီဇင်ဘာမှာ ဦးသန့်ဈာပန အရေးအခင်း၊ ၁၉၇၅ ဇွန်လမှာ ရွှေတိဂုံအရေးအခင်း၊ ၁၉၇၆ မတ်လမှာ သခင်ကိုယ်တော်မှိုင်း ရာပြည့်အရေးအခင်း(မှိုင်းရာပြည့်)တွေ ဆက်ဖြစ်ခဲ့ပါတယ်။ အဲဒီအရေးအခင်းတွေမှာလည်း လူထုမပါဝင်နိုင်သေးတဲ့အတွက် ဗိုလ်နေ၀င်းစစ်အုပ်စု ပြုတ်မကျသွားဘဲ အလုပ်သမားတွေ၊ ကျောင်းသားတွေ ရက်ရက်စက်စက် ထပ်မံအနှိပ်ကွပ်ခံခဲ့ရတယ်။ ဘုန်းမော်အရေးအခင်း ဖြစ်တဲ့အချိန်မှာတော့ လူထုအုံကြွမှုဖြစ်စေ မယ့် အကြောင်းတရားတွေက တာစူနေပြီဖြစ်ပါတယ်။ ဘုန်းမော်အရေးအခင်း မတိုင်ခင်လေးမှာတင် ၇၅ကျပ် တန်၊ ၃၅ကျပ်တန်တွေ သိမ်းလိုက်တဲ့ ငွေစက္ကူအရေးအခင်းက ဖြစ်ခဲ့တယ်။ ၂၆နှစ်လုံးလုံး ခံစားလာရတဲ့ အထွေ ထွေ လူမှုအကျပ်အတည်းတွေ အဖိနှိပ်ခံခဲ့ရတာတွေရယ်၊ အဲဒီငွေစက္ကူအသိမ်းခံရတဲ့ အမျက်ဒေါသတွေရယ်၊ ကျောင်းသားကိုဘုန်းမော် သေဆုံးရတဲ့ ကြေကွဲမှုဒေါသတွေရယ်ပေါင်းစုံပြီး ၈၈လူထုအုံကြွမှုကြီး ပေါက်ကွဲဖြစ်ပေါ် လာတော့တာပါပဲ။ ၂၆နှစ်တာ ကာလတလျှောက်လုံး ကျောင်းသားတွေ အနာခံ လှုံ့ဆော်ပေးဆပ်ခဲ့တာကလည်း တော်လှန်ရေးရင့်မှည့်လာစေတဲ့ အဓိက အကြောင်းတရား ဖြစ်ပါတယ်။
အခုလောလောဆယ် ဖြစ်ပွားနေတဲ့ လူထုအုံကြွမှုမှာတော့ ၈၈ဖြစ်စဉ်နဲ့ တူတာမျိုးတွေ တွေ့ရသလို မတူ တာ တွေလည်း တွေ့ရပါတယ်။ လူထုအုံကြွမှုဖြစ်လုဖြစ်ခင် အကြောင်းတရားတွေက ပိုဆင်တယ်လို့ ပြောလို့ရမယ် ထင်တယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဒီပဲယင်းအရေးအခင်းအပြီး အထိန်းသိမ်းခံရစဉ်မှာ ၈၈-မျိုးဆက်ကျောင်းသားတွေနဲ့ လက်ရှိတက္ကသိုလ်ကျောင်းသား မျိုးဆက်သစ်တွေလက်တွဲပြီး အထွေထွေအကြပ်အ တည်းနဲ့ တွေ့ကြုံခံစားနေရတဲ့ ပြည်သူလူထုကို နိုင်ငံရေးတိုက်ပွဲထဲ ပါဝင်ရဲလာအောင် တဖြေးဖြေး စည်းရုံးလှုံ ဆော်နိုင်ခဲ့တယ်။ ပြည်သူတွေ ဒီမိုကရေစီအရေးထဲ တစတစ ပါဝင်လာပြီး အထွေထွေမကျေနပ်မှုတွေ ပိုပိုကြီး ထွားနေချိန်မှာပဲ နအဖစစ်အုပ်စုက လောင်စာဆီဈေးကို အဆမတန်မြှင့်လိုက်တဲ့အခါ ၈၈မတိုင်ခင်တုန်းက ငွေ စက္ကူအသိမ်းခံလိုက်ရတဲ့ ဒေါသမျိုး ပြည်သူတွေဆီက ပေါက်ကွဲထွက်လာပါတော့တယ်။
အဲဒီအချိန်မှာ ပြည်သူတွေ အကျပ်အတည်းဖြစ်တာကို စာနာနားလည်တဲ့ သံဃာတော်တွေက ပခုက္ကူမှာ ငြိမ်းချမ်း စွာ မေတ္တာပို့ စီတန်းလမ်းလျောက်တယ်။ အဲဒါကို နအဖလက်ကိုင်တုတ်တွေက အကြမ်းဖက်နှိမ်နင်းတယ်။ သံ ဃာတော်တွေကို ကြိုးကွင်းစွပ်ဖမ်းပြီး ဓာတ်တိုင်မှာ ကြိုးတုပ်ရိုက်တယ်။ အဲဒီသတင်းကို တတိုင်းပြည်လုံးက သံ ဃာတော်တွေ၊ ကျောင်းသားတွေ၊ ပြည်သူတွေလည်းကြားရော အခုလို တတိုင်းပြည်လုံးအတိုင်းအတာနဲ့ ဆန္ဒပြ သပိတ်မှောက်တဲ့ လူထုအုံကြွမှုကြီး ဖြစ်လာတော့တာပါပဲ။ ဒါပေမယ့် လူထုအုံကြွမှုကို ဦးတည်စေခဲ့တဲ့ အ ကြောင်းတရားတွေကလည်း ၈၈တုန်းကလို ဒုနဲ့ဒေးပါ။
န၀တ၊ နအဖစစ်အုပ်စုဟာ ဗိုလ်နေ၀င်းထက်ဆိုးတဲ့ စစ်အာဏရှင်စနစ်နဲ့ တိုင်းပြည်ကို ဆက်ပြီးဖိနှိပ်အုပ်ချုပ် တယ်။ ၉၀ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်မပေးဘဲ ဒီမိုကရေစီလိုလားတဲ့ ပြည်သူလူထုကြီးရဲ့ ဆန္ဒ တွေကို လျစ်လျူရှုတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်နဲ့ နှစ်ရှည်လများ ဖမ်းဆီး ထိန်းသိမ်းထားတယ်။ နိုင်ငံရေးလုပ်ဆောင်သူတွေကို အပြစ်မရှိအပြစ်ရှာပြီး ဖမ်းဆီးထောင်ချတယ်။ နိုဗယ်အရေး အခင်း၊ ၉၆-ကျောင်းသားအရေးအခင်း၊ ဒီပဲယင်းအရေးအခင်းတွေမှာ ကျောင်းသားတွေ၊ နိုင်ငံရေးပါတီဝင်တွေ၊ ပြည်သူတွေကို ရက်ရက်စက်စက် ဖိနှိပ်သတ်ဖြတ်တယ်။ ပြည်သူလူထုအတွင်းမှာလည်း အထွေထွေအကျပ်အ တည်းတွေကို တနေ့တခြား ကြီးထွားလာစေတယ်။ အဲဒါတွေဟာ ဒီကနေ့လူထုအုံကြွမှုကို ဖြစ်ပေါ်စေတဲ့ အရင်း ခံအကြောင်းတရားတွေပဲဖြစ်တယ်။
၈၈-လူထုအုံကြွမှုတုန်းကတော့ အရေးအခင်း အရှိန်မြင့်နေပြီး အီမသွားခင်မှာ အတိုက်အခံတွေစုပေါင်းပြီး ကြား ဖြတ်အစိုးရ (သို့) စင်ပြိုင်အစိုးရတရပ်ကို လက်ဦးမှုရအောင် မဖွဲ့စည်းဘဲ အာဏာစက်မရှိတော့တဲ့ မဆလအစိုးရ ဆီမှာ ကြားဖြတ်အစိုးရဖွဲ့ပေးဖို့ တောင်းဆိုရင်း အချိန်ကုန်သွားခဲ့တယ်။ ၀န်ကြီးချုပ်ဟောင်း ဦးနုက ပွဲအီနေတဲ့ အ ခြေအနေက လွန်မြောက်အောင် နိုင်ငံရေး step တခုကို မြှင့်လိုက်ပြန်တော့လည်း ဂိုဏ်းဂဏစိတ်တွေ ရှေ့တန်း တင်ပြီး တညီတညွတ်ထောက်ခံမှု မပြုခဲ့တဲ့အတွက် အောင်ပွဲမရဘဲ စစ်တပ်က အာဏာသိမ်းတာကို ခံလိုက်ရ တယ်။ တကယ်ဆိုရင် အဲဒီတုန်းက ဦးနုအစိုးရကိုပဲ ၀ိုင်းထောက်ခံထောက်ခံ၊ အတိုက်အခံတွေစုပေါင်းပြီး အစိုးရ ဖွဲ့တာကိုပဲလုပ်လုပ် တခုခုကို လက်ဦးမှုရှိရှိ တညီတညွတ်တည်း လုပ်နိုင်ခဲ့ရင် မဆလအစိုးရပြုတ်ကျပြီး အောင်ပွဲ ခံမှာ သေချာပေါက်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ မဆလအစိုးရ အာဏာစက်ပြိုလဲနေတဲ့အချိန်မှာ လက်ဦးမှုယူပြီး ကြေညာတဲ့ အစိုးရအဖွဲ့ကို ပြည်သူလူထုအားလုံးကရော နိုင်ငံတကာကပါ ၀ိုင်းထောက်ခံရင် စစ်တပ်က အာဏာ သိမ်းရဲမှာ မဟုတ်လို့ပါဘဲ။
အခုလည်း အဲဒီလိုအခြေအနေမျိုး ဆိုက်လာပြန်ပါပြီ။ သံဃာတွေလည်း ရက်ဆက်ဆန္ဒပြလို့ အဖမ်းခံရသူခံ ရ သေသူသေ၊ ကျောင်းသားပြည်သူတွေလည်း သံဃာတော်တွေနောက် တခဲနက်လိုက်ပါဆန္ဒပြလို့ ပန်းသူပန်း၊ သေသူသေ၊ အဖမ်းခံရသူခံရ ဖြစ်နေချိန်မှာ နိုင်ငံရေးအရ မန်းဒိတ်ရှိတဲ့ အန်အယ်လ်ဒီစီအီးစီတွေရော လွှတ်တော် ကိုယ်စားလှယ်တွေပါ ရှေ့ကထွက်ပြီး ဦးဆောင်မယ့်၊ ပွဲသိမ်းကွက်ကို ဖန်တီးမယ့် အရိပ်အယောင် လုံးဝမတွေ့ရ သေးတာ ၀မ်းနည်းစရာပါပဲ။ မန်းဒိတ်ရှိသူတွေထဲက ဘယ်သူရှေ့ထွက်လာပြီး ဦးဆောင်မလဲဆိုတာကို သံဃာ တော်တွေကရော ပြည်သူတွေကပါ လည်တဆန့်ဆန့်နဲ့ မျှော်နေကြပါပြီ။ အခုလို တခဲနက်အုံကြွနေတဲ့ အချိန်မှာမှ ပွဲသိမ်းကွက်ဖြစ်တဲ့ အစိုးရဖွဲ့ပြီး တိုက်တာကို မလုပ်ရင် သံဃာတွေ၊ ကျောင်းသားတွေ၊ လူထုတွေ အဖမ်းဆီးခံ၊ အရိုက်နှက်ခံ၊ အသက်အသေခံပြီး ၀န်းရံပေးဆပ်ခဲ့တာတွေ ရေစုန်မျောရမယ့်ကိန်း ဆိုက်ရချည်ရဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ အာဏာရှင်ဆိုတဲ့ နအဖက ပြေးကာမှပြေးရရော တွေ့ဆုံဆွေးနွေးရေးကို စိတ်ကူးမှာ မဟုတ်လို့ဘဲ။ အဲ လိုစိတ်မကူးလို့လည်း လူတွေကို မဆိုထားနဲ့ သံဃာတော်တွေကိုတောင် အခုလို လူမဆန်စွာ မိုက်မိုက်ရိုင်းရိုင်း ဖမ်းဆီး ရိုက်နှက်သတ်ဖြတ်နေတာပေါ့။
လက်ရှိအပြင်မှာရှိတဲ့ အန်အယ်လ်ဒီစီအီးစီတွေဟာ လူထုမပါသေးခင်တုန်းကတော့လည်း မပါလို့ဆိုပြီး အင်တာ ဗျူးတွေမှာ ပြောခဲ့တယ်။ အခုလို တခဲနက်ပါဝင်လာတဲ့ သေရေးရှင်ရေးအချိန် ကျပြန်တော့လည်း ကိုယ်နဲ့မဆိုင် သလို ငြိမ်သက်နေကြတာဟာ အံ့သြတုန်လှုပ်စရာပါပဲ။ လူထုကို ခေါင်းမဆောင်ချင်ဘဲ၊ ခေါင်းမဆောင်နိုင်ဘဲ ဘာ ဖြစ်လို့ ခေါင်းဆောင်တွေ တက်လုပ်နေကြပါလိမ့်လို့ပဲ မေးရတော့မယ်ထင်ပါရဲ့။
လောလောဆယ်မှာ အုံကြွနေတဲ့ လူထုကြီးကို အောင်ပွဲအထိရောက်အောင် ဦးဆောင်နိုင်မယ့် ဒေါ်အောင်ဆန်းစု ကြည်၊ ဦးဝင်းတင်နဲ့ ၈၈-မျိုးဆက် ကျောင်းသားခေါင်းဆောင် အများစုကလည်း အဖမ်းခံဘ၀မှာ၊ မန်းဒိတ်ရှိတဲ့သူ တွေကလည်း ဦးဆောင်မယ့် အခြေအနေမှာမရှိ ဆိုတဲ့အခါကျတော့ အပြင်မှာရှိတဲ့အထဲက ပွဲသိမ်းတိုက်ကွက်ကို တိုက်နိုင်မယ့် သူတွေဆိုလို့ရှိရင် ပြည်သူလူထုက လေးစားအားကိုးတဲ့ ကိုဌေးကြွယ်နဲ့ လက်ကျန် ၈၈-မျိုးဆက် တွေကိုပဲ မြင်မိတော့ရဲ့။ ဘာဖြစ်လို့လဲဆိုတော့ နအဖကို အစိုးရဖွဲ့ပြီးမတိုက်ဘဲ အာဏာက ဒီမိုကရေစီဘက် တော်သားတွေဘက်ကို အော်တိုမစ်တစ် ရောက်လာမှာမဟုတ်လို့ပါဘဲ။ ဒီအခြေအနေဟာ ဒီမိုကရေစီဘက်တော် သားတွေဘက်က လက်ဦးမှုရအောင် (၈၈တုန်းကလို မခံရအောင်) မလွဲမသွေ အစိုးရတရပ်ဖွဲ့ဖို့ လိုအပ်နေတဲ့အ ချိန်လို့ ထင်မြင်မိပြောကြားရင်း အနာခံပေးဆပ်နေကြတဲ့ ဆန္ဒပြသံဃာတော်တွေ၊ ကျောင်းသားတွေနဲ့ ပြည်သူလူ ထုကြီးကို အလေးပြု လိုက်ရပါတယ်။
မှတ်ချက် ။ ။ ကိုယ့်အားကိုယ်ကိုးပြီး နအဖကို တိုက်နိုင်တဲ့ထောင့်ကနေ အဓိကဖြစ်နိုင်ခြေကို စဉ်းစားကြည့် ခြင်းဖြစ်ပါတယ်။ တရုတ်က နအဖကို ဖိအားပေးမယ့်လမ်းနဲ့ ဂမ်ဘာရီလာတုန်း ဆန္ဒဖိပြပြီး နိုင်ငံတကာဖိအားနဲ့ အ ဖမ်းဆီးခံရသူတွေ လွတ်မြောက်ကာ တွေ့ဆုံဆွေးနွေးရေး ဖြစ်နိုင်ခြေလမ်းတွေလည်း ရှိပါတယ်။ အဲဒါတွေက သူ များကယ်မှ ဖြစ်လာမှာမို့ ဆယ်ရေးတရေး ကိုးရေးတရာ ဆိုသလိုပါပဲ။ အဲဒါတွေကိုပဲမျှော်ပြီး ဖြစ်မလာခဲ့ရင် လူထု အုံကြွမှုကြီး ကလည်း အရှိန်တန့်သွားရင် အားလုံးသေဖို့ပဲရှိလို့ ဒီဆောင်းပါးကို ရေးရခြင်းဖြစ်ပါတယ်)
Posted by
ခြားနားသူ
at
10:07 PM
0
comments
Labels: အမြင်သဘောထား
မေငြိမ်း၏ အမြင်
ကမ္ဘာမှာ ဗမာကျန်ဖို့
ပြီးခဲ့တဲ့ တစ်ပတ်လုံးလုံးမှာ ကျမ ဘာအလုပ်ကိုမှ မလုပ်နိုင်ဘဲ.. မလုပ်ဘဲ နေခဲ့ပါတယ်။ အချိန်တိုင်းမှာ မျှော်လင့်ချက် ရယ်.. ဆုတောင်း ရယ်.. ကိုယ်ချင်းစာ ခံစားရစိတ်နဲ့ မေတ္တာတရား ရယ်က ဖိစီးနေခဲ့ပြီး.. တော်သလင်း လပြည့်နေ့မှာတော့ သွေးစွန်းတဲ့ ဥပုသ်နေ့ အတွက် ပူဆွေးကြေကွဲခဲ့ရတာ ခုထိပါပဲ။ ကျမ တသက် အနှစ်လေးဆယ်ကျော်ကြီးမှာ ခုလောက် ပူဆွေးသောက ရောက်ရတာ၊ ၀မ်းနည်းကြေကွဲရတာ၊ ယူကျုံး မရ ဖြစ်ရတာ၊ ရှက်ကြောက် နာကျင်ရတာ၊ ထိတ်လန့် သိမ်ငယ်ရတာမျိုး မရှိခဲ့ဖူးပါဘူး။
၈၈တုန်းက ၀မ်းနည်းရတာ၊ ခံပြင်းဒေါသဖြစ်ရတာ၊ နာကျင်ကြေကွဲရတာတွေက တမျိုးပါ။ ခုတကြိမ်ကတော့ ပူပန်စိုးရွံ့ရတာဟာ တကယ့်ကို မိုးပြိုတာလိုပါပဲ။
တိတိကျကျပြောရရင် ကျမတို့ တိုင်းပြည်တွင်းမှာ အဘက်ဘက်က သိသိသာသာ ပြိုလဲ ပျက်စီးသွားခဲ့တာဟာ ၁၉၉၅ ခုနှစ်လောက်မှာ စတာပါပဲ။ အဲဒီနှစ်တွေက စလို့ ကျောင်း ပညာရေးကို တန်ဖိုးမရှိတဲ့ ဖြစ်ကတတ်ဆန်း ပညာရေးဖြစ်အောင် ဗိုလ်ခင်ညွန့်က စီမံကိန်း ချပြီးတော့ကို ဖျက်ဆီး ပစ်ခဲ့တာပါ။ ဒါကိုလည်း လူတိုင်းသိပြီးသားမို့ အရှည် မပြောတော့ ပါဘူး။ အဓိက ကတော့ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့အတွက် အရေးပါလှတဲ့ အဓိက မဏ္ဍိုင်ကို ဖြိုတာပါပဲ။ အဲဒီ အကျိုးဆက်ကြောင့်ပဲ နောက် ၁၀နှစ် အကြာ ၂၀၀၅ခုနှစ်မှာတော့ မြန်မာနို်င်ငံရဲ့ ပညာရေး အဆင့်အတန်းဟာ သုည ဖြစ်သွားခဲ့တာပါပဲ။ ပညာရေးအဆင့် နိမ့်ကျတာဟာ အညံ့များတဲ့ မျိုးဆက်ကို ပျိုးထောင်လိုက်တာနဲ့ အတူ တူ ပါပဲ။
အဲဒီ ၁၉၉၅မှာတုန်းကလည်း ကျမ မျက်ရည်ကျခဲ့ရတဲ့ တကြိမ် ရှိခဲ့ပါသေးတယ်။ ပုဂံက ရှေးဟောင်း ယဉ်ကျေးမှုရဲ့ တန်ဖိုးအမွေအနှစ်ဖြစ်တဲ့ ဘုရားပုထိုးတွေကို ဆေးသုတ်ပစ်.. ထီးတွေတင်ပစ်.. နံရံဆေးရေး ပန်းချီ တွေကို Plastic paint တွေ သုတ်ပစ်တဲ့ ကိစ္စပါ။ "ပုဂံဘုရားတွေကို န၀တက အဲလို လုပ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို သဘော ထားပါသလဲ"လို့ ဆရာကြီး ဒေါက်တာသန်းထွန်းကို ဘီဘီစီက အင်တာဗျူးလုပ်ပြီး နောက်တနေ့ပေါ့။ “ပုဂံကို ဘယ်သူ စ တည်ထောင်ခဲ့လဲ လို့ ခုထိ ပညာရှင်တွေ သေချာ မပြောနိုင်သေးဘူး။ ဒါပေမဲ့ ခုတော့ ပုဂံကို ဖျက်တာ ဘယ်သူလဲ ဆိုတာတော့ သေချာ သိပြီ ပေါ့ဗျာ..” တဲ့။ ဆရာကြီးက အဲလို ရဲရဲတောက် ဖြေခဲ့ တာ။ နောက်တော့ ဆရာပြောပြတဲ့ သမိုင်းဆိုင်ရာ အထောက်အထား ယဉ်ကျေးမှု အနုပညာတွေ အဖျက် ဆီး ခံရပုံတွေကို နားထောင်ပြီး ကျမ မျက်ရည် ပေါက်ပေါက် ကျခဲ့ရတာပါ။
ကျမတို့ ဗမာပြည်ကို ဗုဒ္ဓသာသနာ ရောက်လာတာဟာ ၁၁ရာစု - ပုဂံခေတ်။ အနော်ရထာမင်း လက်ထက်မှာ ရှင်အရဟံက ဆောင်ယူလာပေးခဲ့တာပါ။ အခု ရာစုနှစ် တိုင်ခဲ့ပြီ။ နှစ်ပေါင်း တထောင်နီးပါးမှာ မြန်မာပြည်ဟာ ကမ္ဘာမှာ ဗုဒ္ဓဘာသာ အထွန်းကားဆုံးနိုင်ငံ လို့ ပြောရမှာပါ။ အခုတော့ အဲဒီ တိုင်းပြည်မှာ အခုအချိန်မှာ ပညာရေးတွေ ကျန်းမာရေးတွေကအစ တစ်ခုတည်းသာ ကျန် တော့တဲ့ အားကိုးရာကိုပါ ပျက်သုဉ်းသွားအောင် အာဏာရှင် များက မီးကုန်ယမ်းကုန် ဖျက်ဆီးလိုက်ပါပြီ။ သူတို့ အလွန် ရိုသေပါတယ်လို့ ကြွေးကြော်ခဲ့တဲ့ ဘာသာရေးကိုတောင် ဒီလောက် ဖျက်ဆီးရင် တခြားသော ဘာသာရေး တွေကိုလည်း တိုက်ခိုက် ဖျက်ဆီးလာဦးမှာလည်း သေချာပါတယ်။ ဒါဟာ လူထုရဲ့ နှလုံးသားကို၊ ဘ၀ကို၊ ဂုဏ်သိက္ခာတွေကို၊ မာနတရား တွေကို၊ လူ့တန်ဖိုးတွေကို အဆုံးစွန်ထိ အစွမ်းကုန် ဖျက်ဆီးနေ တာ နဲ့ အတူတူပါပဲ။
ခုချိန်မှာ ကျမတို့ မြန်မာတွေဟာ နိုင်ငံတကာမှာ အင်မတန်မှ မျက်နှာငယ်နေကြရပါတယ်။ မိဘ မကောင်း သားသမီး ခေါင်း.. လို ဖြစ်နေတာမျိုးပါ။ ကျမတို့ နိုင်ငံကိုမှီပြီး ရပ်တည် ကြီးပွားနေတဲ့ အိမ်နီးချင်းနိုင်ငံ တွေက တောင် မြန်မာဆိုရင် နှိမ်ချင်၊ အနိုင်ကျင့်ချင်၊ ပြဿနာ ရှာချင် နေကြ တာပါ။
ကျမစဉ်းစားနေမိပါတယ်။ ဒီပွဲဟာ အထွေထွေ သပိတ်ဖြစ်မှ၊ စကားပြောဖြစ်ကြမှပဲ ပြတ်မှာပါ။ အဲဒီအတွက် အခရာ အကျဆုံးဖြစ်တဲ့ လူထုတရပ်လုံး သပိတ် ပါဝင် ဆင်နွှဲရေး တခုတည်းသာ အသက်ပါပဲ။ ရေများမှ ရေနိုင် မှာပါ။ တကယ်လို့များ ကျမတို့ ဒီတပွဲမှာ လည်း အရေးနိမ့်ခဲ့ပြီဆိုရင်တော့…. ဒီတပွဲအပြီးဟာ ရှစ်လေးလုံး အရေးတော်ပုံ အပြီး ကာလထက် အဆများစွာ ဆိုးတော့မှာပါ။ ကျမတို့ နိုင်ငံ လူမျိုးပါ ပျောက်သွားတော့မယ့် အရေးပါ။
၁၉၆၂ မှာ Seven July အရေးအခင်းနဲ့ သူ့ကို ဆန့်ကျင်တဲ့အတွက် ဦးနေ၀င်းက တက္ကသိုလ် ကျောင်းသားတွေကို ဖိနှိပ် နှိပ်ကွပ်ခဲ့တာ သူ့ရဲ့ နောက်ဆုံးချိန်ထိပါပဲ။ အဲလိုပဲ ၁၉၇၄ ဦးသန့် အရေးအခင်း၊ ၁၉၇၆ မှိုင်း ရာပြည့် ကိစ္စ၊ ကျောင်းသားတွေက တာဝန်ကျေခဲ့။ ဦးနေ၀င်းက အခဲမကျေဘဲ ရက်ရက်စက်စက် နှိမ်နင်းခဲ့ တာ ၈၈ ထိ။ နောက် သူ့အမွေခံ ခင်ညွန့် က ၈၈နောက်မှာ သူတို့ကို အုံနဲ့ ကျင်းနဲ့ ဆန့်ကျင်ခဲ့တဲ့ ပြည်သူလူထုနဲ့ ကျောင်းသားတွေအပေါ် နည်းမျိုးစုံနဲ့ နှိပ်ကွပ် ဖျက်ဆီး၊ တကယ့်ကို အငြိုးတကြီး။ နောက်တော့ ၁၉၆၆ မှာ တကြိမ်၊ ကျောင်းသား အရေးအခင်း.. အနှိမ်နင်းခံရ။ ၉၆နောက် မှာတော့ စစ်အစိုးရဟာ ကျောင်းသား ဆိုတာနဲ့ ပတ်သက်ရင် အခြေခံပညာကနေ တက္ကသိုလ်ထိကို ဖိနှိပ်ရုံမက ဒုက္ခ အမျိုးမျိုး ရှာကြံပေးတာမျိုး ထိအောင် လုပ်လာတာ အားလုံးအမြင်ပါ။ သူတို့ မူက ပညာတတ် မရှိရေး၊ ကျောင်းသားတွေ ဆင်းရဲဒုက္ခ ရောက်ရေး၊ စစ်တပ်ရှေ့မှောက် မှာ ဦးကျိုးရေးပါ။
ဒါကြောင့် ခု ၂၀၀၇ အရေးအခင်းကြီးသာ အဲလိုနဲ့ပဲ အဆုံးသတ်သွားဦးမယ် ဆိုရင်တော့.. ဒီ စစ်အစိုးရက သူ့ကို မလိုလားကြောင်း ပြခဲ့တဲ့ မြန်မာတပြည်လုံးကို ကုန်းကောက်စရာ မရှိတဲ့အထိ မွဲပြာကျအောင်၊ လူညွန့် တုံးသထက် တုံးသွားအောင်၊ သူတို့ကို ရှိခိုး ဦးချ နေရ အောင် လုပ်လာမှာ မလွဲမသွေပါ။ ဗုဒ္ဓဘာသာ နေရာမှာ စစ်တပ်ဘာသာကို အစားထိုး ခံယူလာကြ ရပါလိမ့်မယ်။ ပြီးတော့ စစ်တပ်ကို လိုလားသူတွေက အဆမတန် နေရာရပြီး လူလူချင်း ခွဲခြားဆက်ဆံခံရမှုတွေကြောင့် နောက်မျိုးဆက်တွေဟာ ကိုယ့်တိုင်းပြည်ထဲမှာ စစ်ကျွန် တွေ၊ စစ်အမျိုးအနွယ်ဝင်တွေရဲ့ ကျေးကျွန်တွေအဖြစ် အလွန်တရာမှ အောက်တန်းကျစွာနဲ့ နေသွား ကြရပါ တော့မယ်။
ဦးနေ၀င်း စဖျက်ခဲ့စဉ် ၁၉၆၂ ကတည်းက နိမ့်ကျပျက်စီးခဲ့တဲ့ ကျမတို့နိုင်ငံဟာ.. နောင် ဆိုရင်တော့ ဘယ်သူက မှ အရာ မလုပ်ရုံမက.. မြန်မာဟေ့ ဆိုရင် ဘုရားကိုတောင် ခေါင်းဖြတ်၊ သံဃာကို ခေါင်းဖြတ်၊ ကိုယ့် လူမျိုး အချင်းချင်းကိုတောင်မှ ဖျက်ဆီး သတ်ဖြတ် တတ်တဲ့ လူမျိုးပါလားလို့ သံသယအဖြစ်ခံ စောင့်အကြည့်ခံရ တော့မှာ မလွဲမသွေပါပဲ။ အဲလိုနဲ့ ကျမတို့ရဲ့ နောက်မျိုးဆက်တွေဟာ ကမ္ဘာအလယ်မှာ ကိုယ့်ကိုယ်ကို မြန်မာလို့ မပြောရဲ တော့ဘဲ တဖြည်းဖြည်းနဲ့ မြန်မာလူမျိုးဆိုတဲ့ အမည်က ပျောက်ကွယ်သွားတော့မှာ ဖြစ်ပါတယ်။
အဲလိုပဲ မြန်မာနိုင်ငံထဲမှာ နေရတဲ့သူတွေဆိုရင်လည်း ဆင်းရဲမွဲတေ၊ ပညာမတတ်၊ ယဉ်ကျေးမှု မသိ၊ အရှက် အကြောက် တရားဆိုတာကို မသိ၊ ဘာသာတရားမဲ့၊ ကိုယ်ချင်းစာ တရား ခေါင်းပါး၊ ရိုင်းစိုင်း၊ နောက်ဆုံးတော့ ကိုယ့်အပေါ် အလွန် ရက်စက် ယုတ်မာခဲ့တဲ့ ရန်သူတွေ ကို တွေ့လေရာမှာ ထိုင်ရှိခိုး ဦးချကြရတဲ့ အခြေအနေ ရောက်လာပါလိမ့်မယ်။ ဒီလိုနဲ့ ကျမတို့ နို်င်ငံသားတွေ ဟာ နိုင်ငံတကာနဲ့ အဆက်အသွယ်တွေ အဖြတ်တောက် ခံကြရပြီး ပုံမှန် လူသားတွေနဲ့ မတူတော့ဘဲ၊ နှစ်ရှည် အဖိနှိပ်ခံ အကျဉ်းသားများလို စိတ်ကျ ထုံထိုင်း ချိနဲ့ လူစဉ် မမီစွာနဲ့ သက်တမ်းစေ့လည်း နေကြရတော့မှာ မဟုတ်ပါဘူး၊။ အဲဒီအပြင် ဆင်းရဲ ကျပ်တည်း မခံနိုင်ကြ တဲ့အခါ ထွက်ပေါက်ဟာ စစ်တပ်ကို သစ္စာခံဖို့နဲ့ တရုတ် လွှမ်းမိုးမှုကို သိသိသာသာ လက်ခံလိုက်ဖို့သာ ရှိတာမို့၊ လူမျိုးရေး လက္ခဏာတွေ ပျက်သုဉ်း သွားတော့မှာလည်း အသေအချာပဲ ဖြစ်ပါတယ်။
ဆရာကြီးဒေါက်တာသန်းထွန်းစကားကို ငှားပြောရရင်တော့ ခုတပွဲမှာ မပြီးပြတ်ရင်တော့ဖြင့် မြန်မာ အစ တကောင်းက-လား.. သရေခေတ္တရာက-လား.. မသေချာခဲ့ပေမဲ့ မြန်မာ အပျက်၊ စစ်အစိုးရလက်ထက် လို့တော့ ဖြစ်သွားနိုင်ပါတယ်။ အဲသလိုပဲ ထေရ၀ါဒ ဗုဒ္ဓ သာသနာကို ၁၀၄၄ ခုနှစ်မှာ ရဟန်းမြတ် ရှင်အရဟံက သယ်ဆောင် ပေးလာတော်မူခဲ့ပြီး အနော်ရထာမင်းက စတင် ပြုစု ကိုးကွယ် ခဲ့ပါတယ်။ အဲဒီ သာသနာတော်ကြီးကို မြန်မာပြည်မှာ ပျောက်ပျက်သွားအောင် ဖျောက်ဖျက်ခဲ့ တဲ့ သမိုင်းဆိုရင်တော့ ၂၀၀၇ခုနှစ် စက်တင်ဘာလ -၂၅ရက်နေ့ က စပြီး သံဃာတွေကို သတ်ခဲ့၊ သာသနာတော်ကို သွေးစွန်းစေခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်တဲ့ စစ်အစိုးရနဲ့အတူ တာဝန်အရှိဆုံးထဲမှာပါတဲ့ သံဃာ့ မဟာသံဃာ့နာယက ဦးဆောင် ဆရာတော်တချို့ပဲ တရားခံတွေ ဖြစ်ပါတော့ မယ်။
ဒီနေရာမှာ ကျမကတော့ အန်တီစု ပြောဖူးတာလေးတစ်ခု သတိရနေပါတယ်။ မဆလပါတီ ၂၆နှစ်လုံးလုံး အုပ်ချုပ်ခွင့် ရခဲ့တာမှာ အုပ်ချုပ်ခွင့်ပေးခဲ့တဲ့ လူတွေမှာလည်း တာဝန်ရှိပါတယ် တဲ့။ ဟုတ်ပါတယ်..။ ခုလည်း နောက်ထပ် လူလိမ် လူယုတ်မာ မတရားအစိုးရ သက်တမ်း နှစ်၂၀ပြည့်ပါ တော့မယ်။ သူတို့ကို နောက်ထပ် သက်တမ်းတိုးစေဦးမယ် ဆိုရင်တော့၊ နောင်… နှစ်များစွာမှာ အမှောင်ခေတ် ဗမာပြည်ထဲက မျိုးဆက်သစ် တွေ က ကျမတို့ကို ပြစ်တင် ရှုတ်ချ စိတ်နာကြမှာ မလွဲမသွေပါပဲ..။ ဆိုရင်… ဒီ စနစ်ဆိုးကြီးကို ကျမတို့ ခေတ်မှာပဲ နည်းလမ်းမျိုးစုံ လက်နက်မျိုးစုံ သုံးပြီး ပြတ်အောင် ဖြတ်ပေးကြပါစို့လို့.. ကျမတို့ရဲ့ လူထုကြီး တရပ်လုံးကို လက်ဆင့်ကမ်း တိုက်တွန်း ပေးကြ စေချင်ပါတယ်..။
မေငြိမ်း
၎ အောက်တိုဘာ ၂၀၀၇။
Posted by
ခြားနားသူ
at
3:08 AM
0
comments
Labels: အမြင်သဘောထား
Wednesday, October 3, 2007
ငုရင်ပြင်၏ အမြင်
အဓမ္မသည် ဓမ္မ၏ရှေ့တွင် မုချ ဒူးထောက်ရမည်။
ယခုအချိန်သည် မိမိကိုယ်ကို ရွေးနှုတ်ရမည့် အချိန်အခါဖြစ်သည်။ စစ်အုပ်စုသည် နတ်နေကိုင်းချိုင်နေပြီ။ အာဏအတွက် ဘာသာတရားကိုပင် ရန်သူအဖြစ်ချေမှုန်းနေသည်။ သွေးတို့အိုင်ဖွဲ့နေသည့် ငွေကြာရံ ကျောင်းတိုက်မှ မြင်ကွင်းက စစ်အုပ်စုတွင် ဘာမဆို ချွတ်ချုံကျသွားပြီဖြစ်ကြောင်း မျက်ဝါးထင်ထင် မြင်တွေ့နေရ ခြင်းပင်ဖြစ်သည်။ ပိုမို၍ ကြေကွဲဖွယ်ကောင်းသည်က ထိုကျောင်းတိုက်မှ ဖမ်းဆီးရမိသမျှ သံဃာတော်များ အားလုံးအား တပါးမကျန် သတ်ဖြတ်ပစ်လိုက်သည်ဟူသော သတင်းဖြစ်သည်။
ထိုအမှုကို မည်သူတွေက ပြုရဲခဲ့ ကြတာလည်း။ ဘာ့ကြောင့် ပြုရဲခဲ့တာလည်း။ တိုင်းချစ်ပြည်ချစ် ဘာသာ ယဉ်ကျေးမှုကို ချစ်သူတိုင်း နှလုံးသွင်းရမည့် မေးခွန်းများဖြစ်လာသည်။ ကျနော်တို့ တိုင်းပြည်၏ များရာစုကြီး သည် ငယ်စဉ်တောင်ကျေးကလေးဘ၀ကတည်းက ဗုဒ္ဓံသရနံ ဂစ္ဆာမိ၊ ဓမ္မံသရနံ ဂစ္ဆာမိ၊ သံဃာသရနံ ဂစ္ဆာမိ ကို လက်ဆယ်ဖြာထိပ်မှာမိုး၍ ရှိခိုးပူဇော်ခဲ့ကြသူချည်းဖြစ်သည်။ ဗုဒ္ဓ၏ကိုယ်ပွားသည် သံဃာတော်များသာလျှင် ဖြစ်သည်။ သံဃာတော်များထံမှ ဗုဒ္ဓ၏ တရားဒေသနာများအား ကြားနာရသည်။ သံဃာတော်များသည် ဗုဒ္ဓ၏ တရားတော်နှင့် အညီ ယဉ်ကျေးမှုကို ပဲ့ပြင်သည်။ သံဃာတော်များအား စော်ကားခြင်းသည် ဗုဒ္ဓအား စော်ကားခြင်းဖြစ်သည်။ သံဃာတော်များအား စော်ကားခြင်းသည် ယဉ်ကျေးမှုအား စော်ကားခြင်းဖြစ်သည်။ သံဃာတော်များအား စော်ကားခြင်းသည် တိုင်းပြည်ကို စော်ကားခြင်းဖြစ်သည်။
စစ်အုပ်စုမှ ရှိသမျှအားလုံးကို စော်ကားနေချေပြီ။ မတရားသည့် အမိန့်အာဏာကို ဖီဆန်ရမည့်။ အမိန့်ပေးသဖြင့် သတ်ရပါသည်ဆိုသော စကားမှာ မည်သည့် အဓိပ္ပါယ်မှ မရှိတော့။ တိုင်းပြည်လူထုနှင့် ဘာသာတရားအား ထင်သလိုစော်ကားနေသည်ကို ရေဘူးပေါက်တာမလိုချင်ဘူး ဆိုသည်နှင့်ကာ၍ မရ။ လက်တွေ့ပါသည် ဆောင်ရွက်ချက်များဖြင့်သာ မိမိကိုယ်ကို ရွေးနှုတ်ရပေတော့မည်။
ဓမ္မနှင့် အဓမ္မတို့၏တိုက်ပွဲတွင် ယဉ်ကျေးမှုရှိသူတိုင်း ဓမ္မနှင့် အတူရပ်ခံကြသည်။
လူသည် ယဉ်ကျေးသော သတ္တ၀ါဖြစ်သည်။ လူ့သမိုင်းသည် မယဉ်ကျေးရာမှ ယဉ်ကျေးရာသို့ အဟုန်ဖြင့် ချီတက် ခဲ့သော ဖြစ်စဉ်ဖြစ်သည်။ သမိုင်းစဉ်တွင် အဓမ္မ၀ါဒီများက အလုံးစုံ ချုပ်ကိုင်ရန် အရိုင်းစိုင်းဆုံးနည်းများဖြင့် ကြိုးစာကြသည်။ အဦးအစတွင် အခိုက်အတန့် အနိုင်ရသည်။ သို့သော် အဓမ္မသည် အဆုံးတွင် ပျက်သုံးရသည်။ အဘယ့်ကြောင့်နည်း။ ယဉ်ကျေးသည့် လူ့ဘောင်ဘ၀ကို တည်တန့်လိုသော မယဉ်ကျေးသည့် လူဘောင်ဘ၀ကို ငြင်းပါယ်သော အင်အားစုများသည် ဘက်ပေါင်းစုံမှ ထွက်ပေါ်လာကာ ဓမ္မ၏ အင်အားစုများအဖြစ် တစုတစည်း တည်းသော စုဖွဲ့မှုဖြင့် ခုခံတိုက်ပွဲဆင်သောကြောင့်ဖြစ်သည်။ ဘက်ပေါင်းစုံမှ ပေါ်ထွက်လာသော ဓမ္မ၏ အင်အား စုများသည် ယဉ်ကျေးမှု၏မုချလက္ခဏာအရ ကြီးထွားလာရမည်။ အဓမ္မ၏ အင်အားစုများသည် ယဉ်ကျေးမှု၏ မုချလက္ခဏာအရ အားနည်း အထီကျန်သွားပေမည်။ အဓမ္မသည် ဖြစ်တည်စုဖွဲ့သည်ဆိုကတည်းက အရေးနိမ့်ပြီး သားဖြစ်သည်။
အဓမ္မသည် ဓမ္မ၏ရှေ့တွင် မုချ ဒူးထောက်ရပေမည်။
ငုရင်ပြင်
Posted by
ခြားနားသူ
at
9:06 AM
0
comments
Labels: အမြင်သဘောထား
Tuesday, October 2, 2007
ရဲဘော်ဖိုးသံချောင်း၏အမြင်
ဘွာမကူတမ်း
ဒီနေ့ နအဖကျူးလွန်နေတဲ့ အပြစ်တွေဟာ ကမ္ဘာမှာ မော်ကွန်းထိုးရမယ့်၊ မြန်မာသမိုင်းမှာ မှတ်တမ်းတင်ရမယ့် ရက်စက်ယုတ်မာမှုကြီးဖြစ်ပါတယ်။ သာမန်လူသတ်မှုမဟုတ်ပါဘူး။ ဒါကြောင့် ဒီသံဃာတော်နဲ့ လူအမြောက်အများကို သတ်ဖြတ်မှုမှာ သမိုင်းတရားခံဟာ ဘယ်သူဖြစ်တယ်ဆိုတာကို ရှာဖွေမှတ်တမ်း တင်ဖို့ လည်းလိုပါတယ်။ ဒီတခါအရေးတော်ပုံ ဘယ်လိုပဲအဆုံးသတ်သည်ဖြစ်ပစေ ကျန်ရစ်သူတွေဟာ ဒီတာဝန်ကြီး ထမ်းဆောင်ကြရပါမယ်။
မှန်ပါတယ်။ နအဖထဲမှာ ဒီလိုအရေးကြီးတဲ့ ဆုံးဖြတ်ချက်တခုကို နံပတ် ၁ ဗိုလ်သန်းရွှေရဲ့ သဘောတူညီချက် မပါပဲ မချမှတ်နိုင်ပါဘူး။ ဒါပေမဲ့ တခြားတယောက်က အကြံပေး၊ ဗိုလ်သန်းရွှေက အတည်ပြုဆိုတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သေချာတာက နအဖဟာ ဒီကိစ္စဘယ်သူ့ အကြံဥာဏ်၊ ဘယ်သူ့လက်ချက်ဖြစ်တယ်ရယ်လို့ အမှန်အတိုင်း ဘယ်တော့မှပြောမှာမဟုတ်ပါဘူး။ ဒါဟာ ၁၉၆၂ ခုနှစ်၊ ၇ ရက်ဇူလိုင် အရေးအခင်းကစလို့ ကနေ့အထိ စစ်အုပ်စုတလျှောက်လုံး လုပ်ခဲ့တဲ့ အစဉ်အလာ၊ လုပ်ထုံးလုပ်နည်းပါ။
ဗိုလ်နေ၀င်းနဲ့ ဗိုလ်အောင်ကြီးတို့ အပြန်အလှန်ပုံချတာကို ဗမာပြည် ပြည်သူတွေမမေ့ပါဘူး။ နေပြည်တော် ပြောင်းတဲ့ကိစ္စ၊ ဒီစက်တင်ဘာလူသတ်ပွဲ စတာတွေကို သူတို့ချင်းကွဲကြတဲ့အခါ၊ အထူးအဖြင့် အဓိကတရားခံ ဖြစ်သူ ကံနိမ့်လာပြီထင်တဲ့အခါမှာ ကျန်တဲ့လူတွေထဲက ဖော်တာတွေ ဖြစ်လာနိုင်ပါတယ်။
နောက်တချက် သတိထားသင့်တာက စစ်အုပ်စုဟာ သူတို့ရဲ့ဆက်ခံသူတွေကို ဒီလိုလူသတ်ပွဲတွေထဲမှာ လေ့ကျင့်မွေးမြူ ဆံကာတင် စစ်ယူလေ့ရှိတယ် ဆိုတဲ့အချက်ပါ။ ရှစ်လေးလုံးနဲ့ ဒီပဲယင်းအရေးအခင်းတို့မှာ လက်စွမ်းပြခဲ့တဲ ဗိုလ်စိုးဝင်းကို မှတ်မိကြမယ်ထင်ပါတယ်။ ဒါဟာ ထိပ်ပိုင်းမှာသာမကဘူး အောက်ခြေ တပ်သားအထိ အဲဒီလို ရာထူးတွေ အခွင့်အရေးတွေပြပြီး လူလွန်မသားတွေသာ ကျူးလွန်တဲ့ပြစ်မှုတွေကို ကျူးလွန်ခိုင်းကြတယ်။ ဒါကြောင့်မို့ နအဖကဖန်တီးလာတဲ့ ဒီရက်စက်မှုမှာ ဖြစ်နိုင်ရင် သူတို့အားလုံးရဲ့ တဦးချင်းအခန်းတွေကို ကျူးလွန်ခိုင်းကြတယ်။ ဒါကြောင့်မို့ နအဖက ဖန်တီးလာတဲ့ ဒီရက်စက်မှုမှာ ဖြစ်နိုင်ရင် သူတို့အားလုံးရဲ့ တဦးချင်းအခန်းတွေကို လေ့လာမှတ်တမ်းတင်တင့်ပါတယ်။
တဖက်မှာကျတော့လည်း စစ်အုပ်စုဟာ သူတို့အကျဉ်းအကြပ်ကျပြီဆိုရင် တယောက်ယောက်ကို ဓားစာခံအဖြစ် ပုစွန်ခေါင်းပုံချပြီး တရားခံ ဖန်တီးတတ်တယ်ဆိုတာလည်း သိတိထားဖို့လိုပါတယ်။ အခုကိုပဲ ဘယ်တပ်မကကောင်းတယ်၊ ဘယ်တပ်မက မကောင်းဘူး၊ ဘယ်တပ်မှူးက ကောင်းတယ်၊ ဘယ်တပ်မှူးက မကောင်းဘူး စတဲ့ ကောလဟာလတွေ ထုတ်လွှင့်ပြီးလူတွေနားယောင် မျက်စိလည်အောင်လုပ်နေကြတယ် မဟုတ်လား။
သမိုင်းကို ပြန်ကြည့်လိုက်ရင် စစ်အစိုးရတွေဟာ သူတို့ ဒီလိုယုတ်ယုတ်မာမာ တရားမရှိ၊ ဓားမရှိလုပ်တိုင်း ဘယ်တော့မှ ပွင့်ပွင့်လင်းလင်း မပြောပါဘူး။ ပြည်တွင်းပြည်ပကို အသိပေးတာလည်း လုပ်လေ့မရှိပါဘူး။ ဒါဟာ န၀တ - နအဖ တို့လက်ထက်မှာ ပိုဆိုးလာတယ်။ ဒီပဲယင်းကိစ္စပဲပြန်ကြည့်ပါ။ အမှန်မပြောယုံမက ပါးစပ်က ရေငုံထားပြီး သူတို့ပိုင်း မီဒီယာတွေကနေ ဘယ်သူမှ မယုံတဲ့၊ သူတို့ကိုယ်တိုင်လည်း မယုံကြည်တဲ့ သတင်းတွေ၊ အချက်အလက်တွေကို လျှောက်ထုတ်ပြန်တော့တာပါ။
ဒါပေမယ့် မမေ့ပါနဲ့။ ဗမာပြည် ပြည်သူတွေဟာ မင်းဆိုး၊ စနစ်ဆိုးတွေကို ရေတို - ရေရှည် တိုက်ခိုက်တွန်းလှန်ခဲ့ တွန်းလှန်နိုင်ကြောင်း သက်သေပြခဲ့ပါပြီ။ တိုက်ပွဲသဏ္ဍာန် အမျိုးမျိုးပြောင်းပြီးလည်း တိုက်တတ်ပါတယ်။
ရှေ့တကွေ့ပါ။
ရဲဘော်ဖိုးသံချောင်း
Posted by
ခြားနားသူ
at
9:15 PM
0
comments
Labels: အမြင်သဘောထား
ရွှေဘိုသား - အညတြပြည်သူတဦး၏ အမြင်
လေးစားအပ်ပါသော မြန်မာနိုင်ငံ၏ဒီမိုကရေစီရရှိရေးအတွက် လက်နက်ကိုင်၊ လက်နက်မဲ့ နည်းမျိုးစုံဖြင့် တိုက်ပွဲ ၀င်နေကြသည့် ပြည်တွင်းပြည်ပမှ အဖွဲ့အစည်းများ၊ ခေါင်းဆောင်များခင်ဗျား ......
မြန်မာနိုင်ငံ၏ကောင်းကျိုးချမ်းသာကိုလိုလားသော မြန်မာပြည်သူလူထု၏ကိုယ်စား အညတရ မြန်မာနိုင်ငံသား တဦးအနေဖြင့် အနည်းငယ်အကြံပြု ပြောကြားလိုပါသည်။ ယခုအချိန်တွင် မြန်မာနိုင်ငံအတွင်းတွင် ဒီမိုကရေစီ ရရှိရေး၊ နိုင်ငံသားတိုင်း သာတူညီမျှအခွင့်အရေးရရှိရေး၊ စစ်အစိုးရ၏အုပ်ချုပ်ရေးဆုံးခန်းတိုင်စေရေးအတွက် နောက်ဆုံးနည်းလမ်းအဖြစ် လူထုတိုက်ပွဲအသွင်ဖြင့် လူထုနှင့်သံဃာပူးပေါင်းကာ စတင်တိုက်ပွဲဝင် နေကြပြီ ဖြစ်ပါသည်။၊ ယခင့်ယခင်ကာလများဆီက လူထုတိုက်ပွဲဖြစ်မြောက် အောင် ပုံဖော်တော့မည်ဟု လွတ်မြောက် နယ်မြေရှိ NCUB, NLD(LA), FDB ကဲ့သို့သော ဦးဆောင်အဖွဲ့အစည်း များက တရားဝင်ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်ကို ကြားသိဖတ်ရှုခဲ့ရပါသည်ခင်ဗျား။
ထိုသို့ ကြေညာချက်များ၊ သတင်းထုတ်ပြန်ချက်များကို ဖတ်ရှုကြည့်ခဲ့ရာတွင် လူထုတိုက်ပွဲ ဖြစ်ပေါ်ဖို့သည် ပြည်တွင်းက လူထုအပေါ်တွင် အဓိကမူတည်သည်ဟူသော အာဘော်မျိုးကို ဖတ်ရှုခဲ့ရပါသည်။ ယခုအချိန်တွင် မြန်မာပြည်တွင်းက လူထုသည် သံဃာတော်များ၏ဦးဆောင်မှုအောက်မှနေကာ လူထုတိုက်ပွဲအသွင်မျိုး တိုက်ပွဲ ၀င်ခဲ့သည်မှာ ရက်သတ္တတပတ်မျှ ကြာမြင့်ခဲ့ပြီဖြစ်သည်ကို လူကြီးမင်းတို့အသိပင်ဖြစ်ပါသည်။ ထိုအတော အတွင်း ကျဆုံးခဲ့ရသည့် ပြည်သူနှင့်သံဃာများစွာရှိနေသလို၊ လက်ရှိအဖမ်းဆီးခံ၊ အနှိပ်စက်ခံနေရသည့် ပြည်သူ လူထုနှင့် သံဃာများလည်း များစွာရှိနေပြီဖြစ်ပါသည်။
ထို့ကြောင့် ယခုအချိန်သည် ပြည်တွင်း၏အင်အားကိုသာမက ပြည်ပမှ လူကြီးမင်းတို့ကပါ ၀ိုင်းဝန်းပါဝင် လုပ်ဆောင်ကြရမည့် ကာလဟု ယူဆမိပါသည်။ ထို့အတွက်ကြောင့် လွတ်မြောက်နယ်မြေမှ အဖွဲ့အစည်းများ၊ ခေါင်းဆောင်များ၊ လက်နက်ကိုင်၊ လက်နက်မဲ့ တိုက်ပွဲဝင်နေကြသူများအနေနှင့် ပြည်တွင်းကလူထုကြီး၏ သတ္တိကို လေးစားသောအားဖြင့်လည်းကောင်း၊ အားပြုခြင်းအားဖြင့်လည်းကောင်း၊ ပြည်ပလွတ်မြောက်နယ်မြေ များမှနေ၍ နည်းလမ်းမျိုးစုံအသုံးပြုကာ ပြည်တွင်းကိုအထောက်အပံ့ပေးရန်အချိန်တန်ပြီဟု ယူဆမိပါသည်။ မြန်မာပြည်သူအားလုံး၏ဘုံရန်သူ သာသနာဖျက်မင်းဆိုးမင်းယုတ် နအဖစစ်အစိုးရအား ဘက်ပေါင်းစုံမှ ဖိအားပေးလုပ်ဆောင်သင့်ပြီဟု လည်းထင်မှတ်မိပါသည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွင် ဦးစီးဦးဆောင်လုပ်ဆောင်နိုင်သူအများစုမှာ နအဖမှ ဖမ်းဆီး ထားသူများမှလွဲလျင် ပြည်ပတွင်သာရောက်ရှိနေကြပါသည်။ လူကြီးမင်းတို့အနေဖြင့် လူထုလိုက်ပါမှုကို တကူးတက စည်းရုံးစရာမလိုပဲ ယခုရရှိနေပြီဖြစ်သဖြင့် လွတ်မြောက်နယ်မြေအသီးသီးမှ ယခုမြန်မာနိုင်ငံ၏ အခြေအနေနှင့်ကိုက်ညီသော နည်းဗျူဟာများချမှတ်ကာ စနစ်တကျ ဦးဆောင်မှုပေးစေလိုပါသည်။ နိုင်ငံရေး ဆိုသည်မှာ လူထုလိုက်ပါလာအောင် စနစ်တကျစည်းရုံးလုပ်ဆောင်နိုင်လျှင် အောင်ပွဲရသည်ချည်း ဖြစ်သည်ကို လူကြီးမင်းတို့ သိရှိပြီးဖြစ်ပါလိမ့်မည်။
လွတ်မြောက်နယ်မြေရှိ ခေါင်းဆောင်များကဦးဆောင်မှုပေးလျှင် ပြည်တွင်းကပြည်သူလူထုသည်လိုက်ပါဖို့ အဆင်သင့်ဖြစ်နေကြသည့် အနေအထားကို ရောက်ရှိမြင်တွေ့နေရပြီ ဖြစ်ပါသည်။ ထို့ကြောင့် လွတ်မြောက်နယ်မြေအသီးသီးရှိ ခေါင်းဆောင်များက ဦးဆောင်ဦးရွက်ပြုပြီး ခေါင်းဆောင်မှုလိုအပ်နေသည့် ပြည်တွင်းမှမြန်မာပြည်သူလူထုကို လမ်းညွှန်ပေးစေလိုပါသည်။
ခေါင်းဆောင်များအနေနှင့် ကြေညာချက်များထုတ်ပြန်ရုံ၊ သံရုံးများရှေ့တွင်ဆန္ဒပြနေရုံမျှနဲ့ကျေနပ်မနေကြစေလိုပဲ မြန်မာနိုင်ငံဒီမိုကရေစီရရှိရေး၊ ပြည်သူလူထုလိုလားသော ပြည်ထောင်စုစစ်စစ်တည်ထောင်ရေးကို ပြည်တွင်းမှ မြန်မာပြည်သူလူထုနှင့်ပူးပေါင်းလုပ်ဆောင်သင့်သည့်အချိန် ကျရောက်နေပြီဖြစ်ကြောင်း သတိထားမိစေလိုပါသည်။
၂၀၀၇၊ စက်တင်ဘာတိုက်ပွဲအတွင်းကျဆုံးသွားခဲ့ရသော သံဃာတော်များနှင့် ပြည်သူလူထုအာဇာနည်များကို လေးစားအသိအမှတ်ပြုသောအားဖြင့်သော်လည်းကောင်း၊ ပေါ်ပေါက်လာသော နိုင်ငံရေးအခြေအနေ အခွင့်ကောင်းကို အမိအရဆုပ်ကိုင်သင့်သည်ကို သတိပြုစေချင်သောကြောင့်လည်းကောင်း၊ ဤအိတ်ဖွင့်ပေးစာ ကို ရေးသားရခြင်းဖြစ်ပါတယ်။
Posted by
ခြားနားသူ
at
4:22 AM
0
comments
Labels: အမြင်သဘောထား
Sunday, September 30, 2007
ကိုရင်ဒေါင်း၏ အမြင်
| အခွင့်အခါကောင်းတခုအတွက် အချိန်မီပြင်ကြစို့ |
| ကိုရင်ဒေါင်း |
ပဋိပက္ခဆိုတာ အခြေခံအကျိုးစီးပွားချင်း ဆန့်ကျင်ခြားနားနေတဲ့ ဘက်နှစ်ဘက်ရဲ့တိုက်ပွဲပဲ။ ဒီ နေ့ နအဖ စစ်အုပ်စုနဲ့ မြန်မာပြည်သူ တရပ်လုံးအကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခဟာလဲ အရင်းခံအ ကျိုး စီးပွားဖြစ်တဲ့ နိုင်ငံရေး အာဏာကို ဗဟိုပြုပြီးဖြစ်နေတဲ့ တမျိုးသားလုံးဆိုင်ရာ ပြဿနာကြီးပဲ။
လက်ရှိကာလမှာ စစ်အုပ်စုဟာ သူ့အာဏာအကျိုးစီးပွားကို အာမခံကာကွယ်မယ့် ဖွဲစည်းအုပ် ချုပ်ပုံ အခြေခံဥပဒေဆိုတာကို စိတ်ကြိုက် တဖက်သတ်ရေးဆွဲပြီး တရားဝင်အတည်ပြုနိုင်အောင် အသေအလဲ ကြိုးပမ်းနေတယ်။ စစ်အုပ်စုအာဏာစက်နဲ့ ဖွဲ့စည်းထားတဲ့ ကြံ့ဖွံ့၊ မီးသတ်၊ ကြက်ခြေနီ၊ အမျိုးသမီးအဖွဲ့ စတာတွေကို အသုံးချပြီး အတည်ပြုနိုင်အောင် ပြင်ဆင်နေတယ်။ ခါတော်မီ ကိုယ် ကျိုးရှာ အချောင်သမားတွေကို အတိုက်အခံနဲ့ နအဖ စစ်အုပ်စုကြားက တတိယအင်အားစုအဖြစ် ပုံ ဖော်နိုင်အောင်၊ ကောက်ကျစ်စွာ လုပ်ကြံနေတယ်။
ပြည်သူလူထုဘက်ကကြည့်ရင်လဲ စစ်အုပ်စုရဲ့ အခြေခံဥပဒေ တရားဝင်အတည်ဖြစ်သွားရင် ဒုက္ခသံသရာ ဆက်ရှည်ရတော့မယ်၊ ကိုယ့်ကိုကိုယ်သတ်သေတဲ့ဘ၀မျိုး ရောက်တော့မယ် ဆိုတာ ကိုသိနေတယ်။ ဒီတော့ “တို့ကို ရာသက်ပန်ဖိနှိပ်မယ့် စစ်အုပ်စုအခြေခံဥပဒေကိုတော့ လက်မခံနိုင် ဘူးဟေ့၊ တို့လိုချင်တာ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်နဲ့ ဒီမိုကရေစီနည်းကျရေးဆွဲတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမျိုးသာ ဖြစ်တယ်ဟေ့” လို့ ကိုယ့် သဘောထားဆန္ဒကို ဒုတယအကြိမ် ထပ်မံဖော် ထုတ်ပြသရမယ့် အခြေအနေဖြစ်လာတယ်။
ဆိုလိုတာက နအဖရဲ့ အခြေခံဥပဒေဆိုတာကို ပြတ်ပြတ်သားသားပယ်ချမယ့်၊ တပြည်လုံး လက္ခဏာဆောင်တဲ့ လူထုတိုက်ပွဲကြီးတရပ်အတွက် ပြင်ဆင်ကြဖို့ အခြေအနေကတောင်းဆိုနေပြီ ဆိုတာပါပဲ။ အဲဒီလူထုတိုက်ပွဲကြီးကို ပြင်ဆင်မှုရှိရှိ မဖော်ထုတ်နိုင်ရင်တော့ နအဖ စစ်အုပ်စုအလို ကျ အပြောင်းအလဲဟာ မုချဖြစ်ပေါ်လာပြီး စစ်အုပ်စုအုပ်စိုးမှုဟာလဲ သက်ဆိုးရှည်ဦးတော့မှာ ဖြစ် တယ်။ ဒါဟာ လူတိုင်းလိုလို သိမြင်နေတဲ့အချက်ပဲ။
ဒါပေမဲ့ လူထုတိုက်ပွဲဆိုတာ ကိုယ်လုပ်ချင်တိုင်းလုပ်လို့ ရတာမျိုးတော့မဟုတ်ဘူး။ အဓိကအား ဖြစ်တဲ့ လူထုကြီးတရပ်လုံးက လက်ရှိအခြေအနေကို မလိုလားပဲမပြောင်းလဲရင် မဖြစ်တော့ဘူး ဆိုတဲ့ နိုးကြားမှုရှိမရှိ ဆိုတဲ့အချက်။ အပြောင်းအလဲအတွက် တိုက်ပွဲဝင်ရာမှာလဲ ဘယ်သူ့မှ အားကိုး လို့မဖြစ်၊ ဥစ္စာရင်လို ဥစ္စာရင်ခဲလုပ်မှ ဖြစ်မယ်ဆိုတဲ့ ယုံကြည်မှုရှိမရှိဆိုတဲ့အချက်။ လူထုကတရားဝင် ရွေးချယ်လိုက်တဲ့ NLD ရဲ့ခေါင်းဆောင်မှု ဘယ်လောက်ရဲရင့်၊ ကြံ့ခိုင်သလဲ။ လူထုရှေ့ကထွက်ပြီး ထောင်ကျမှာမကြောက်၊ အသက်စွန့်ရမှာမကြောက်၊ ဘယ်လောက်ပြတ်ပြတ် သားသား ခေါင်း ဆောင်နိုင်စွမ်းရှိသလဲ ဆိုတဲ့အချက်။ NLD ရဲ့ခေါင်းဆောင်မှုကို တက်တက်ကြွကြွ ၀န်းရံအားဖြည့် မယ့် အတိုက်အခံနိုင်ငံရေးအင်အားစု (၀ဲ-ယာ၊ လက်နက်ကိုင် - လက်နက်မကိုင်၊ ဥပဒေတွင်း-ဥပဒေပ) တွေရဲ့ ဘုံလုပ်ငန်းစဉ်ပေါ် အခြေပြုထားတဲ့ညီညွတ်မှု အားကောင်းမကောင်း ဆိုတဲ့အ ချက်။ အဲဒီ အခြေခံလေးချက်တော့ ပြည့်စုံရမယ်လို့မြင်တယ်။
လူထုကြီးကတော့ စစ်အာဏာရှင်စနစ်အောက်မှာ နှစ်ရှည်လများ ဒုက္ခပင်လယ်ဝေခဲ့ရတဲ့ အ တွက် အဲဒီဘ၀ကလွတ်မြောက်ချင်တာ ဘာမှသံသယရှိစရာမလိုဘူး။ ဒါကို ၈၈ ကတည်းက လက်တွေ့ကျကျ ဖော်ပြပြီးဖြစ်တယ်။ နိုင်ငံရေးအင်အားစုတွေရဲ့ ကျဲကွဲတဲ့ခေါင်းဆောင်မှုကြောင့် အောင်ပွဲဟာနီးလျက်နဲ့ ဝေးသွားရ တာလဲ ဖြစ်တယ်။
လူထုကြီးဟာ ဆိုးဝါးတဲ့လက်ရှိ အခြေအနေဆိုးကို၊ ဖြစ်နိုင်ရင် နောက်တနေ့အထိတောင် ရွှေ့ဆိုင်းမထားချင်ဘူး၊ နေ့ချင်းကိုပြောင်းလဲပစ်ချင်တဲ့ ဆန္ဒရှိနေတာအမှန်ပဲ။ ဒါပေမဲ့ အပေါ်ယံ အချင်းအရာအရကြည့်ရင် လူထုကြီးဟာ ပွဲကြည့်ပရိသတ်လို မြင်နေရတယ်။ ဒါကို တချို့နိုင်ငံရေး သုခမိန်များက အကြောက်ကြီးပြီး ခေါက်ရိုးကျိုးနေတဲ့ လူထုကြီးလို့ စော်ကားကြတယ်။ ကျူပ်က တော့ အဲဒီလိုမမြင်ဘူး၊ လူထုကြီး ပွဲကြည့်ပရိသတ်အနေအထားမျိုး ဖြစ်နေရတာဟာ သူတို့ရွေး ချယ်လိုက်တဲ့ နိုင်ငံရေးပါတီ (NLD) ရဲ့ (အတွေးအခေါ်၊ နိုင်ငံရေး နဲ့လက်တွေ့) ခေါင်းဆောင်မှု၊ NLD ကိုဝန်းရံမယ့် အတိုက်အခံအင်အားစုများရဲ စုစည်းညီညွတ်မူနဲ့ နီးနီးကပ်ကပ် ဆက်စပ်နေ တယ်လို့ ယူဆတယ်။
တကယ်လို့သာလက်ရှိ NLD ဗဟိုခေါင်းဆောင်များဟာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင် စတဲ့ခေါင်းဆောင်တွေလို ထောင်ကျမှာမကြောက်၊ သေမှာမကြောက်ဘဲ လူထုထဲဆင်း လှုံ့ဆော်စည်းရုံးမယ်။ တဗိုလ်ကျ တဗိုလ်တက်စနစ်နဲ့ မတရားတဲ့အမိန့်အာဏာဟူသမျ ဖီဆန်ကြ ဆိုတဲ့အတွေးအခေါ်လမ်းညွှန်ကို လက် တွေ့နဲ့ ပေါင်းစပ်မယ်။ NLD ကိုဝန်းရံမယ်၊ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေကလဲ ဘုံအကျိုးစီးပွား အခြေခံပေါ်မှာ လက်တွေ့ကျကျ ညီညွတ်မယ်ဆိုရင် လူထုကြီးဟာ ပွဲကြည့်ပရိသတ်အနေအထားကနေ တိုက်ပွဲဝင်သူတွေအဖြစ် ပြောင်းလဲလာမှာ သေချာတယ်။
လက်ရှိ NLD ခေါင်းဆောင်မှုက လူထုဆန္ဒအကျိုးစီးပွားကို ထင်ဟပ်ပြရာမှာ သဘောတရား အရရော၊ လက်တွေ့အရပါ လူထုကြီးရဲ့ ယုံကြည်အားထားမှုကို ခိုင်ခိုင်မာမာရအောင် မလုပ်နိုင်ကြ ဘူး။ နအဖ စစ်အုပ်စုကို တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့နည်းနဲ့ ပြဿနာကို အဖြေရှာဖို့တောင်းဆို တယ်၊ ကြေညာချက်တွေထုတ်တယ်။ မီဒီယာတွေနဲ့ဗျူးတယ်။ အခမ်းအနားတွေကျင်းပကြ၊ မိန့်ခွန်း တွေပြောကြတယ်။ နအဖ စစ်အုပ်စုကတော့ ဂရုမစိုက်ဘူး။ သူလုပ်စရာရှိတာ၊ ပြင်စရာရှိတာတွေကို တခုပြီးတခု ပြင်ဆင်လုပ်ဆောင်တယ်။ NLD ကတော့ နအဖ လုပ်ရပ်နဲ့ပတ်သက်လို့ ကြိုဆိုလိုက် ကန့်ကွက်လိုက်နဲ့ပဲ အချိန်တွေကုန်လာရတယ်။ မပြေးသော်လဲ ကန်ရှိရာဆိုသလို အမေရိကန် အကူအညီနဲ့ပဲ ဒီမိုကရေစီရတော့မလိုလို၊ တရုတ်ကိုနားဝင်အောင် ဖြောင်းဖျနိုင်ရင်ပဲ အလုပ် ဖြစ်တော့မလိုလို၊ အာစီယံနဲ့ ကုလသမဂ္ဂအစွမ်းနဲ့ပဲ အပြောင်းအလဲဖြစ်တော့မလိုလို စတဲ့ မလိုလို တွေနဲ့ပဲ အိပ်မက်မက်နေခဲ့ကြတယ်။ လူထုကြီးကိုလဲ အဲဒီလိုထင်ယောင်မှား အတွေးအခေါ်တွေပဲ ပေးနေခဲ့တယ်။ ပြည်ပရောက် ဒီမိုကရေစီ အင်အားစုအများစုဟာလဲ ထိုနည်းလည်းကောင်းလို့ပဲ ဆိုရမှာပဲ။ ဒါဟာ ခေါင်းဆောင်မှုနေရာ ယူထားတဲ့ နိုင်ငံရေးအင်အားစုများရဲ့ မိမိကိုယ်ကိုယုံကြည် မှုနည်းတဲ့၊ မိခင်လူထုအပေါ် ယုံကြည်မှုနဲတဲ့ အတွေးအခေါ်ရဲ့ ဖော်ပြချက်တွေလို့ပဲ ယူဆတယ်။
လူထုကြီးလိုလားတာက ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်တို့လို ထောင်ကျမှာ မကြောက်၊ သေရမှာမကြောက်၊ ကိုယ်ကျိုးစွန့်ဝံ့တဲ့၊ လူထုထဲဆင်းပြီး လူထုကိုရဲရဲလှုံ့ဆော်စည်းရုံးတဲ့ ခေါင်းဆောင်မှုမျိုးဖြစ် တယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့ လူထုတွင်းဆင်းပြီး လူထုကို ရဲရဲလှုံ့ဆော်စည်းရုံးနိုင်စဉ်က အခြေအနေကို ပြန်တွေးကြည့်။ နအဖ စစ်အုပ်စုက အမျိုးမျိုးဖိနှိပ် ခြိမ်းခြောက်နေတဲ့ကြားက လူထုကြီးရဲ့ တက်ကြွတဲ့အုံကြွလိုက်ပါမှုကို ပြန်စဉ်းစားကြည့်။ လူထု ကြီးရဲ့ဉာဏ်အမြော်အမြင်နဲ့ သတ္တိကိုတွေ့ရလိမ့်မယ်။
ဆိုလိုတာက ဒီနေ့အဓိကရင်ဆိုင်နေရတာက လူထုကြီးငြိမ်နေတဲ့ ပြဿနာမဟုတ်ဘူး။ လူထုကြီးကို ရှေ့ကဦးဆောင်နေတဲ့၊ အဓိကတာဝန်ရှိတဲ့ NLD အပါအ၀င် နိုင်ငံရေးအင်အားစုများ ရဲ့ ခေါင်းဆောင်နိုင်စွမ်း ပြဿနာဖြစ်တယ်။ လူထုကြီးကတော့ ခေါင်းဆောင်မှုမပြတ်သားရင်၊ နိုင်ငံ ရေးအင်အားစုများ မညီမညွတ် တယောက်တပေါက်ဖြစ်နေရင် ဘာအောင်ပွဲမှ မရနိုင်ဘူးဆိုတာ သူတို့ကိုယ်ပိုင်ဘ၀ အတွေ့အကြုံများအရ နောကြေနေပြီ။ ပုဇွန်လုံးရမလားဆိုတဲ့ မျော်လင့်ချက်နဲ့ ပုဇွန်တွင်းထဲလက်နှိုက်ရာက ပုဇွန်လုံးရဖို့နေနေသာသာ လက်တောင်မနည်း ဆွဲနုတ်ရတဲ့အဖြစ်မျိုး တွေ့ကြုံရပေါင်းများတော့ လူထုကြီးက သိပ်သတိထားတယ်/
ဒီနေ့ ကျုပ်တို့တိုင်းပြည်ရဲ့ အထွေထွေပြဿနာမှန်သမျကို အရင်းအမြစ်ကနေ ကိုင်လှုပ်ပြောင်း လဲပစ်နိုင်တဲ့ တန်ခိုးရှင်ကတော့ ရဲရင့်ပြတ်သားပြီး၊ တဗိုလ်ကျတဗိုလ်တက်စနစ်နဲ့ ကြံ့ခိုင်စည်းလုံးတဲ့ ခေါင်းဆောင်မှုရှိတဲ့ အထွေထွေ လူထုတိုက်ပွဲကြီးပဲ။
အဲဒီလိုတိုက်ပွဲကြီးမျိုးကသာ တပ်မတော်နဲ့စစ်အုပ်စုကို ပြတ်ပြတ်ထင်ထင် ခြားနားပစ်နိုင်တယ်။ တပ်မတော်ထဲမှာ အခြေအနေအကြောင်းအမျိုးမျိုးကြောင့် ငုပ်နေကြရတဲ့ တိုင်းချစ်ပြည်ချစ် တပ်မှူး ကြီးငယ်၊ အကြပ် တပ်သားတွေအတွက် အခွင့်သာမှုတွေလမ်းပွင့်လာပြီး လူထုကြီးနဲ့အတူ ဗြောင် ရပ်တည်လာနိုင်မယ်။ မချစ်သော်လည်း အောင့်ကာနမ်းနေရတဲ့ အပစ်ရပ်အဖွဲ့တွေဟာ နအဖစစ် အုပ်စုနဲ့ ပြောင်လမ်းခွဲပြီး လူထုကြီးနဲ့အတူ ရပ်တည်လာနိုင်မယ်။ ဒီလိုပြောတော့ တပ်မတော်တွင်း က တိုင်းချစ်ပြည်ချစ်အင်အားစုတွေ၊ အပစ်ရပ်အဖွဲ့တွေအပေါ် အကောင်းမြင်လွန်းတယ်၊ မျော်လင့် ချက်ထားလွန်းတယ်လို့ ပြောချင်ပြောကြမယ်။
ကျုပ်ကတော့ ရဲရင့်ပြတ်သားတဲ့၊ စုစည်းညီညွတ်တဲ့ ခေါင်းဆောင်မှုနဲ့သာ လူထုတိုက်ပွဲကြီးကို ခေါင်း ဆောင်နိုင်ရင် တပ်မတော်တွင်းက ပြည်သူ့ဘက်တော်သားတွေ၊ အပစ်ရပ်အဖွဲ့တွေအပေါ် မျော်လင့်ချက်ဟာ လက်တွေ့ ဖြစ်လာမယ်လို့ကို ယုံကြည်တယ်။
လက်ရှိတပ်မတော်တွင်းအခြေအနေဟာ ၈၈ နဲ့ ၈၈ မတိုင်ခင်ကအခြေအနေနဲ့ မတူတော့ဘူး။ နအဖ စစ်အုပ်စုအုပ်စိုးမှုအောက်မှာ တတိုင်းပြည်လုံး တနေ့တခြားကြုံတွေ့လာရတဲ့ အထွေထွေ အကြပ်အတည်းရဲ့ ဂယက်တွေကိုတပ်တွင်းမှာလဲ ရိုက်ခတ်နေတာဖြစ်တယ်။ စစ်အုပ်စုလက်တဆုပ် စာနဲ့ သူ့လက်ဝေခံတွေသာ ကြီးပွားချမ်းသာပြီး သူတို့ (တပ်မတော်သားများစုကြီး) အပါအ၀င် ပြည်သူတရပ်လုံး ဒုက္ခရောက်နေရတယ် ဆိုတာလဲ ကိုယ်တွေ့ကြုံနေရတာဖြစ်တယ်။ လက်ရှိဖြစ်ပေါ် နေတဲ့ ဥပဒေတွင်းလှုပ်ရှားမှု (သေးငယ်သည့်တိုင်) များကလဲ သူတို့ကို နိုင်ငံရေးအသိပညာ ပေးနေတယ်။ ၉၀ ပြည့်ရွေးကောက်ပွဲကတည်းက သူတို့ရဲ့ စစ်အာဏာရှင်စနစ် မလိုလားမှုကို ဖော်ပြခဲ့တဲ့ တပ်တွင်းအင်အားစုတွေဟာ ဒီနေ့လဲ လူထုအုံကြွမှုကြီးသာပေါ်ရင် အဲဒီအခွင့်အလမ်း ကို အသုံးချပြီး သူတို့ဆန္ဒကို ဖော်ထုတ်ပြသကြဦးမှာပဲ။ ၈၈-၉၀ အတွေ့အကြုံတွေကို သင်ခန်းစာ ယူပြီး ပိုမိုကောင်းမွန်တဲ့၊ နည်းနာတွေနဲ့ လူထုကြီးဘက်က ရပ်တည်နိုင်အောင် လုံးပန်းကြဦးမှာပဲ။ ဒါပေမဲ့ လူထုတိုက်ပွဲနဲ့ ကင်းပြီး သူတို့ချည်းတော့ ဘာမှဖြစ်မြောက်အောင်လုပ်နိုင်မှာ မဟုတ်ဘူး။
အပစ်ရပ်အဖွဲ့တွေဟာလဲ၊ သူတို့အကြပ်အတည်းက အသက်ရှုပေါက်ရဖို့ နအဖစစ်အုပ်စုနဲ့ အပစ်ရပ်ခဲ့ကြ တာဖြစ်တယ်။ အပစ်ရပ်ကာလအတွင်း နိုင်ငံရေးအရ အဖျက်ဆီးခံရတဲ့ အနေအထား တချို့ရှိပေမဲ့၊ အများတကာ့ အများစုကြီးကတော့ နအဖဆီမှာ အကြွင်းမဲ့ဒူးထောက်ရမယ့် အဖြစ်မျိုးကို မလိုလားကြဘူး။ လက်နက် မစွန့်လိုကြဘူး။ လက်နက်အပြီးအပိုင်စွန့်တာနဲ့ သူတို့ဘ၀ပျက်ပြီဆိုတာ သိကြတယ်။ ဒါကြောင့် သူတို့လဲ လူထုတိုက်ပွဲကြီးကို မျှော်နေကြတာပဲ။ လူထုတိုက်ပွဲကြီးသာ အချိန်မီပေါ်လာရင် အဲဒါကို အခွင့်ကောင်းယူပြီး၊ သူတို့အကျိုးစီးပွား (သူတို့လူမျိုး အကျိုးစီးပွား) အတွက် လူထုတိုက်ပွဲကြီးနဲ့ ပူးပေါင်းလာကြမှာပဲ။ ဒါကြောင့်လဲ အများစုက လက်နက်မစွန့်ရရေးကို နည်းအမျိုးမျိုးနဲ့ အချိန်ဆွဲနေတာဖြစ်တယ်။ နအဖ စစ်အုပ်စုကတော့ ဖြစ်ပေါ်လာမယ့် လူထုအုံကြွမှု မတိုင်မီ အပစ်ရပ်အဖွဲ့တွေကို အမြန်လက်နက်ဖြုတ်ချင်တယ်။ အကြောင်းကတော့ လူထုအုံကြွမှုနဲ့ အပစ်ရပ် အဖွဲ့အစည်းတွေရဲ့လှုပ်ရှားမှု ပေါင်းစည်းသွားမှာကိုကြောက်လို့ပဲ။
ချုပ်လိုက်ရင် အပြောင်းအလဲကတော့ ဖြစ်ကိုဖြစ်တော့မှာပဲ။ နအဖစစ်အုပ်စုအလိုကျ အပြောင်း အလဲလား၊ ပြည်သူလူထုအလိုကျ အပြောင်းအလဲလားဆိုတာတော့ ရှေ့ဆောင်နိုင်ငံရေးပါတီ NLD ဟာ ရဲရင့်ပြတ်သားတဲ့၊ လူထုနဲ့တသားတည်းရှိတဲ့ ခေါင်းဆောင်မှုပေးနိုင်မပေးနိုင်၊ ဒီမိုကရေစီ အင်အားစုများရဲ့ စည်းလုံးညီညွတ်မှုရှိမရှိ အပေါ်တည်တာပဲ။
ရှေ့ဆောင်ပါတီ NLD က ရဲရင့်ပြတ်သားတဲ့ ခေါင်းဆောင်မှုကိုပေးနိုင်ရင်၊ အတိုက်အခံ ဒီမို ကရေစီ အင်အားစုမှန်သမျ သွေးစည်းညီညွတ်ရင် လူထုကြီးကလဲ ပွဲကြည့်ပရိသတ်ကနေ တိုက်ပွဲ ၀င်အင်အားစုကြီးဖြစ်လာမှာပဲ။ တပ်မတော်တွင်းက ပြည်သူ့ဘက်တော်သားတွေ၊ အပစ်ရပ်အဖွဲ့တွေ ကလဲ အဲဒီတိုက်ပွဲမှာ ပါဝင်လာမှာပဲ။ အဲဒီလိုပဲကျုပ်ယုံကြည်တယ်။
ဒါပေမဲ့ အချိန်ဆွဲလို့တော့မရဘူး။ နအဖရဲ့ဖွဲစည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲအမှီ အခုကတည်း က ပြင်သင့်တာ ပြင်ကြဖို့လိုမယ်။
အခွင့်အခါကောင်းတခုဟာ အချိန်မီမဆုပ်ကိုင်နိုင်ရင် လက်လွှတ်ဆုံးရှုံးရမြဲဆိုတာ အများသိမို့ အားလုံး သတိရှိကြလိမ့်မယ်လို့ထင်ပါတယ်။
Posted by
ခြားနားသူ
at
3:10 AM
0
comments
Labels: အမြင်သဘောထား


