ဖေါ်ပြမယ့်စာတွေဟာ ကောက်နှုတ်ချက်တွေဖြစ်ပါတယ်။ နောက်လဆို ရွှေဝါရောင် လှုပ်ရှားမှု ၁ နှစ်ပြည့်ပြီ။ နောက်လ သူ့အချိန်မှာ ကျနော်ရှိမယ်မသေချာလို့ ကြိုတင်လိုက်တာပါ။ မနှစ် ဖြစ်ကာစကလည်း ဒီအယူအဆတွေ တင်ခဲ့ပြီးဖြစ်ပါတယ်။ ရွှေဝါရောင်လှုပ်ရှားမှုကို ခြုံငုံသုံးသပ်တဲ့အခါ အဆင်ပြေအောင်လို့ပါ။ အထောက်အကူဖြစ်စေချင်လို့။ ရှေ့ဆက်တိုက်ပွဲအတွက် အဆင်ပြေမယ်ထင်လို့ပါ။
ရွှေဝါရောင်လှုပ်ရှားမှု၏ အဓိပ္ပါယ်တချို့
- ဗမာပြည်သူတွေဟာ ကြောက်ရွံ့တဲ့ပြည်သူ၊ ခေါင်းငုံတဲ့ပြည်သူဆိုပြီး တံဆိပ်ကပ်ပေးတဲ့ အတွေး အခေါ်ကို ဒီလှုပ်ရှားမှုက လက်တွေ့အရ အပြတ်သားဆုံး ချေမှုန်းပစ်လိုက်တယ်။
- လှုပ်ရှားမှုကြီးဟာ အသေးကလေးတွေကနေ စလာတာဖြစ်တယ်။
- ကုန်ဈေးနှုန်းကျဆင်းရေးအတွက် အိမ်ရှင်မများအပါအ၀င် ကျောင်းသားတွေ လမ်းပေါ်ထွက်တဲ့ တိုက်ပွဲကလေးတွေကနေ စလိုက်တယ်။
- နည်းလမ်းပေါင်းစုံနဲ့ ကျောင်းသားပြည်သူတွေ အချိန်စောစွာကတည်းက တိုက်ပွဲဝင်လာခဲ့တဲ့ တိုက်ပွဲရဲ့ အဆက်ဖြစ်တယ်။
- ရန် / ငါ စည်းကြောင်းကို ပိုပြီး ထင်ရှားပြတ်သားအောင် စည်းခြားပေးလိုက်တယ်။
- စစ်အုပ်စုကို မုန်းတီးတဲ့အ၀န်းအ၀ိုင်းပိုမိုကြီးလာတယ်။
- ဗမာပြည် ဗုဒ္ဓဘာသာသမိုင်းမှာ အခုလိုမျိုး သံဃာကို ရက်ရက်စက်စက်သတ်ဖြတ်တဲ့ဖြစ်ရပ် မရှိခဲ့ဘူး။ (လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ၀န်းကျင်လောက်က အိန္ဒိယမှာရှိတဲ့ နာလန္ဒာ သာသနာ့ တက္ကသိုလ်ကို အီရန်တွေလာရောက်ပြီး သံဃာတွေကို သတ်ဖြတ်တာတော့ရှိဖူး)
- အဓမ္မ၀ါဒီ၊ ဓမ္မန္တရယ်များအဖြစ် စစ်အုပ်စုဟာ ထင်ရှားပေါ်လွင်လာတယ်။
- ဒီလှုပ်ရှားမှုဟာ အကောင်းဆုံးစည်းရုံးရေးသမားဖြစ်တယ်။ (ဗမာပြည်မှာ ဘာလွတ်လပ်ခွင့်မှမရှိလို့ ပြည်သူတွေ တိုးတတ်နိုးကြားဖို့၊ လူထုကို လမ်းညွှန်ပေးဖို့ အခွင့်အလမ်းမရှိ၊ ဒီလှုပ်ရှားမှုကြီးက နိုင်ငံရေးဆိုတာ ဘာမှန်းမသိတဲ့သူတွေကိုတောင် စစ်အစိုးရကို အကြီးအကျယ် မုန်းပြီး စစ်အစိုးရ ဆန့်ကျင်ရေးစိတ်တွေဖြစ်ပေါ်စေတယ်။
- လှုပ်ရှားမှုဟာ တပြည်လုံးအနှံ့ဖြစ်သွားခဲ့တယ်။
- ဇာတိရပ်ရွာပြန်တဲ့ သံဃာတွေဟာ ကျေးလက်စည်းရုံးရေးမှူးတွေဖြစ်လာတယ်။
- စစ်တပ်အတွင်း အတိုင်းအတာတခုအထိ အကွဲအပြဲရှိခဲ့တယ်။
- စေ့စပ်ဆွေးနွေးပွဲ အစပေါ်လာအောင် ဖိအားပေးလိုက်နိုင်တယ်။
- ပြည်တွင်းအင်အားသာလျင် အဓိကဖြစ်တယ်ဆိုတာ ပေါ်လွင်လာတယ်။
- သံဃာလှုပ်ရှားမှုဟာ အသွင်ထူးတဲ့ အသစ်တီထွင်မှုပုံစံဖြစ်တယ်။
- အခြားလှုပ်ရှားမှုတွေမှာလို သပိတ်စခန်းမထားဘူး
- သပိတ်စခန်းမထားလို့ ရန်သူ့ရဲ့ ၀ိုင်းပတ်ပိတ်ဆို့မှုကို မခံရဘူး။ ဒါပေမယ့် …
- ကျောင်းတိုင်းမှာ ကျောင်းထိုင်ဆရာတော်၊ တိုက်အုပ်၊ တိုက်ကြပ်တွေစတဲ့ ငယ်ကြောက်တွေရဲ့ အနီးကပ် ကွပ်ကဲမှုရှိတယ်။ အခုလှုပ်ရှားမှုမှာလည်း သပိတ်သမားက သံဃာနာယကကို မစည်းရုံး နိုင်တော့ အခက်အခဲတွေ့ရတယ်လို့ထင်တယ်။
- သပိတ်စခန်းမရှိတော့ နောက်အစီအစဉ်ကို ခေါင်းဆောင်တွေမတိုင်ပင်နိုင်ဘူး။ ခေါင်းဆောင်မှု ကွဲကြဲနေတယ်။
- လှုပ်ရှားမှုအတွင်း တိုက်ပွဲအချိန်နဲ့ နေရာကို ကြိုတင်ကြေညာပြီး လုပ်ခဲ့တယ်။ (ကိုယ့်အင်အားစု တွေကို ကြိုတင်အချိန်းဆိုပေးလိုက်နိုင်တဲ့ကောင်းကွက်ရှိသလို ရန်သူကကြိုသိနေလို့ ဖြိုခွင်းဖို့ သူ့ဘက်က အစီအစဉ်တွေ အပိုင်အနိုင်လုပ်ထားနိုင်ခဲ့တယ်)
- တပ်ပေါင်းစုလက္ခဏာနဲ့ ညီညွတ်ရေးလက္ခဏာကို တစုံတရာ ဖော်ထုတ်နိုင်ခဲ့တယ်။
- စစ်အစိုးရဟာ လူအဆန်တဲ့အစိုးရဖြစ်ကြောင်း ကမ္ဘာ့ပြည်သူတွေကို အတိအလင်း ပြသလိုက်နိုင် တယ်။
- စစ်အစိုးရရဲ့ လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်မှုဟာ သူ့သေမိန့်ကို သူကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သလိုဖြစ်သွားတယ်။
တိုးချဲ့စဉ်းစားရန်အချက်များ
- ဒီလှုပ်ရှားမှုက နိုင်ငံရေးဆိုတာ ဘာမှန်းမသိတဲ့သူကိုတောင် စစ်အစိုးရကို အကြီးအကျယ် မုန်းတီးစေပြီး စစ်အစိုးရဆန့်ကျင်ရေးစိတ်တွေ တချီတည်းနဲ့ ရိုက်သွင်းပေးလိုက်တယ်။ ဇာတိရပ်ရွာ ပြန်တဲ့ သံဃာတွေဟာ ကျေးလက်စည်းရုံးရေးမှူးတွေ ဖြစ်လာတယ်။ ဒါကြောင့် ဒီနေ့လို အချိန်မျိုးဟာ စည်းရုံးရေးအ၀န်းအ၀ိုင်းကို တိုးချဲ့ဖို့ အကောင်းဆုံး အချိန်ဖြစ်တယ်။
- ဒီလှုပ်ရှားမှုအတွင်းမှာ စစ်တပ်အတွင်း အကွဲအပြဲတွေအကြောင်း အမျိုးမျိုးကြားနေရတယ်။ တချို့ကတော့ ကောလဟာလပဲ။ ဘာပဲဖြစ်ဖြစ် စစ်တပ်အတွင်းမှာ အတိုင်းအတာတခုအထိ သဘောထားကွဲခဲ့တာ ရှိခဲ့တာတော့သေချာတယ်။ စစ်တပ်အတွင်း ပဋိပက္ခဟာ လူထုလှုပ်ရှားမှု ဖြစ်ပေါ်လာချိန်မှာ ပိုမိုဖြစ်ပေါ်ကြီးထွားတတ်တယ်ဆိုတာ မှန်တယ်။ ဒီလိုအချိန်မှာ စစ်တပ် ပြုပြင်ရေးကို ပိုမို အရှိန်မြင့်လုပ်ဖို့လိုတယ်။
- စကားပြောပွဲအတွင်း စစ်အစိုးရက ဖိနှိပ်မှုတွေရပ်ဆိုင်းခြင်းမပြုတဲ့အလျောက် ပြည်သူတွေ ဘက်ကလည်း ဖိနှိပ်မှုကို တွန်းလှန်တဲ့လှုပ်ရှားမှုတွေ ဖော်နိုင်မှသာလျင် စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေး ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖိအားပေးနိုင်လိမ့်မယ်။
- တွေ့ဆုံဆွေးနွေးရေးနည်းလမ်းနဲ့ သွားဖို့ကြိုးပမ်းနေသလို တဖက်မှာလည်း လမ်းကြောင်းတခုတည်း အပေါ်မှာ ပုံအောထားတာမျိုးမဖြစ်သင့်
- ရန်သူက လူထုကို လက်နက်နဲ့အကြမ်းဖက်လိုက်တာဖြစ်တယ်။ ပြည်သူလူထုကို လက်နက်နဲ့ အကြမ်းဖက်ဖိနှိပ်လာရင် လက်နက်နဲ့ခုခံတုံ့ပြန်တာ တရားတယ်ဆိုတဲ့အတွေးအခေါ်ကို “နှိုး” ပေးရမယ်။
- အင်အားသေးချင်သေးပစေ မြေအောက်လက်နက်ကိုင် စည်းရုံးရေးစဖို့လိုပြီ။ စစ်အာဏာရှင်စနစ် ပြုတ်ကျဖို့ နောက်ထပ်ရင်ဆိုင်ရမယ့် ဖိအားက လက်နက်ပဲ။ လက်နက်အားကိုးတဲ့ရန်သူကို ရင်ဆိုင်ဖို့ ရန်သူ့စစ်တပ် ပြည်သူ့ဘက်ပါဝင်လာတဲ့နည်းအပါအ၀င် ပြည်သူ့လက်နက်ကိုင်အင်အား ထူထောင်ဖို့ အစပြုရမယ်။
- လူထုတိုက်ပွဲမှာ ပိုမိုကြွယ်ဝတဲ့ နည်းပရိယာယ်တွေ ထုတ်ဖော်ဖို့လိုတယ်။
- မီဒီယာတွေကနေအသံပေးနေမှုနှင့် မလိုအပ်တဲ့အရဲစွန့်မှုများကို ရှောင်ကြဉ်ကြမှ ရေရှည်တိုက်ပွဲ အတွက် အကျိုးရှိစေမှာ ဖြစ်တယ်။
- ဒီမိုကရေစီရေး ကြိုးပမ်းမှုပြုကြတဲ့ အဖွဲ့အစည်းတိုင်းဟာ ပြင်းထန်တဲ့တိုက်ပွဲအပြီး ချွေးသိပ်အနားယူ နေလို့မဖြစ်၊ ဆက်တိုက်လှုံ့ဆော်မှုတွေလုပ်ပြီး တိုက်ပွဲအဆက်မပြတ်သွားအောင် တောက်လျောက် အားကြိုးမာန်တက် ကြိုးပမ်းသွားကြရမှာဖြစ်တယ်။
- ခေါင်းဆောင်ပိုင်းရဲ့ အသင့်အနေအထားဖြစ်မှုသာမက ခေါင်းဆောင်ပိုင်းရဲ့ တညီတညွတ်တည်း ဖြစ်မှုလည်း လိုအပ်တယ်။ အဲဒီလိုဖြစ်ဖို့ အဓိကကျတဲ့ အချက်ကတော့ အတွေးအခေါ်အရ စုစည်းညီညွတ်ဖို့ပါပဲ။
Rest of your post
နအဖ မိစ္ဆာတပ်တွေ ဘုရားကိုခေါင်းဖြတ်သတ်ကြသည်
Saturday, August 23, 2008
၂၀၀၇၊ စက်တင်ဘာ ရွှေဝါရောင်လှုပ်ရှားမှု
Posted by
ခြားနားသူ
at
9:32 PM
0
comments
Labels: စာမှတ်စု
Friday, August 22, 2008
မြမဉ္ဇူ ရုပ်ပုံ
.jpg)
ကျွန်တော် သူမကို မြမဉ္ဇူ အဖြစ် စတင်သိရှိခြင်းမဟုတ်။ သပိတ်မှောက်ကျောင်းသူ မအမာ အဖြစ်သာ စတင်မြင်ဖူးခဲ့ရခြင်း ဖြစ်သည်။ ၁၉၃၆ ကျောင်းသားသပိတ်တွင် နယ်မှ ကျွန်တော်တို့ ပထမဆုံး နိုင်ငံလုံးဆိုင်ရာ ညီလာခံသို့ တက်ရောက်စဉ်က သူမကို စတင်မြင်ဖူးသည်။ ဂျူဗလီဟောတွင် ကျင်းပသည်။
ယင်းညီလာခံကြီးမှ ပထမဦးဆုံးသော ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂကို မွေးဖွားပေး လိုက်သည်။ ယင်းညီလာခံတွင် အဆိုတင်သွင်းသော အင်းလျားဆောင်သူ မအမာကို တွေ့ရသည်။ စကားပြောကောင်းသည်ဟု ခံစားလိုက်သည်။
ထို့နောက် ကျွန်တော် ရန်ကုန်တက္ကသိုလ်သို့ ရောက်ရှိသွားစဉ် 'ဒေါသ' ဟူသော ၀တ္ထုတို ကလေးကို တက္ကသိုလ်ကျောင်းတိုက် မဂ္ဂဇင်းတွင်လားမသိ ဖတ်လိုက်မိသည်။ ရေးသူက မြမဉ္ဇူ၊ ဂျာမန်ဝတ္ထု၊ ၀တ္ထုရေးဆရာ ဟာမိ၏ Fury ၀တ္ထုကို ဘာသာပြန်ထားသော ၀တ္ထု။ ကျွန်တော် 'ဒေါသ' ကို ကြိုက်သွားသည်။ ထို့နောက် မြမဉ္ဇူ ၀တ္ထုများကို မဖတ်မိ။ ကျွန်တော်ပဲ မဖတ်မိသလား၊ မြမဉ္ဇူပဲ ဆက်မရေးသလား မသိတော့။
ထို့နောက် စစ်မဖြစ်မီကာလက ကြီးပွါးရေးစာအုပ်တိုက်မှ 'မောရစ်ကောလစ်' ၏ 'အမှုအခင်း များ' စာအုပ်ဘာသာပြန်ကို ဖတ်ရသည်။ ထို့နောက် စစ်ပြီးစတွင် '၀ါဆီလုစကား' ၏ 'သက်တန့်ရောင်' ၀တ္ထုဘာသာပြန်ကို ဖတ်ရသည်။ ယင်း သက်တန့်ရောင် ၀တ္ထုအမှာရေးသူက 'သခင်သန်းထွန်း' ။ သူကလည်း စာအရေးကောင်း၊ အဖွဲ့အနွဲ့ကောင်း။
၁၉၅၀ ဒီဇင်ဘာလက မန္တလေးသို့ ရောက်သွားသည်။ စာရေးဆရာ မိတ်ဆက်ပွဲ ဖြစ်သည်။ ၀န်ကြီးချုပ် သခင်နုက အထက်မြန်မာပြည် စာရေးဆရာနှင့် အောက်မြန်မာပြည် စာရေးဆရာ မိတ်ဆက်ပွဲ လုပ်ပေးသည်။ ထိုအခါက ဒေါ်အမာကို တွေ့ရသည်။
ကျွန်တော်က အသက် ၃၀ အရွယ်၊ ဒေါ်အမာက ကျွန်တော်ထက် ၄ နှစ်ခန့် ကြီးသည်။ မိတ်ဆက်ပွဲ ဖြစ်သဖြင့် ဟိုဧည့်ခံပွဲသွားရ၊ သည်ဧည့်ခံပွဲသွားရသဖြင့်၊ ဒေါ်အမာနှင့် ကောင်းစွာပင် စကား မပြောဖြစ်။
၁၉၃၉ ကျွန်တော် မန္တလေးရောက်စဉ် ကိုဗဟိန်းက ဒေါ်အမာဆီ ခေါ်မသွား။ မတွေ့လိုက်။ ရွှေပြည်ဦးဘတင်ထံသို့ ကိုဗဟိန်းက ခေါ်သွားသည်။ ရွှေပြည်ဦးဘတင်နှင့်အတူ ဦးထင်ကို တွေ့ရသည်။ နောက်မှ ဦးထင်သည် ဒေါ်အမာ၏ ဖခင်မှန်း သိရသည်။ ရွှေပြည်ဦးဘတင်က ကျွန်တော်တို့ ရှမ်းပြည်သွားမည်ဆို၍ ရှမ်းပြည်တွင် ရေကို အထူးဂရုစိုက်သောက်ရန် မှာကြားနေသည်။ ဦးဘတင်မှာ ယခု ရသဒါရိုက်တာ ကိုဝင်းဖေ၏ ဖခင်ဖြစ်ကြောင်း နောက်မှ သိရသည်။ နောက်တော့ မန္တလေးရောက် လျှင် ဦးလှအိမ်မှာ တည်းခိုသည်။ သတင်းစာဖက်တွင် ရောက်နေပြီ။ ထိုအခါ ဒေါ်အမာသည် လူထုဒေါ်အမာ ဖြစ်နေပါပြီ။
(ခ)
စာပေဘ၀ ဆိုသည်က ပြောရအခက်သား။ အကဲဖြတ်ရခက်သည်။ မိမိတို့၏ ပုဂ္ဂလိကဘ၀နှင့် ဆက်စပ်နေသည်။ ကိုလှနှင့် အကြောင်းပါသောအခါ သတင်းစာဆရာမ ဖြစ်သွားဟန်တူသည်။ ကိုလှနှင့် ကျွန်တော်တို့က ခင်ကြသည်။ ကျောင်းသားဘ၀ ကတည်းက သိကျွမ်းသည်။ ကျွန်တော်ထက် အတော်လည်းကြီးသည်။ စစ်ဖြစ်ခါနီးက ကိုလှ တာဝန်ယူ ထုတ်နေသော ကြီးပွါးရေးမဂ္ဂဇင်းတိုက်သို့ ၀တ္ထုတိုကလေးတပုဒ် ရေးပေးခဲ့သည်။ ထိုအခါက ကျွန်တော် ကျိုက်လတ် သို့ ရောက်နေသည်။
ဝတ္ထုရေးဆရာ မောပါဆွန်း၏ 'မွန်းလိုက်' အမည်ရှိ ၀တ္ထုတိုကလေးကို မှီးကာရေးလိုက်သည်။ 'အလှဂုဏ်' ဟု အမည်တပ်သည်။ ကြီးပွါးရေးမဂ္ဂဇင်းမှာ ထိုဝတ္ထုပါလာသည်။ ကိုလှက ကျွန်တော်ဖတ်ရန် စာအုပ်များစွာ ပို့လိုက်သည်။ ၁၉၄၆ က ကျွန်တော် တာရာထုတ်ဝေသောအခါ ဒေါ်အမာထံက စာရောက်လာသည်။ ကျွန်တော်၏ တာရာမဂ္ဂဇင်းအတွက် ကိုယ်စားလှယ် လုပ်ရန်ဖြစ်သည်။ သို့သော် ကျွန်တော်က လူထုတိုက်အတွက် ကိုယ်စားလှယ်မပေးဖြစ်ပဲ အခြားတိုက်သို့ ပေးဖြစ်သွားသည်။ ကျွန်တော် အားနာနေသည်။ ကျွန်တော်က လုပ်ငန်းကောင်းစွာ မလုပ်တတ်၍ အရင်လာ၍ ပြောသူကို ပေးလိုက်ဟန်တူသည်။ ကျွန်တော်က မန္တလေး အရောက် နည်းသည်။ ထို့ကြောင့် ဒေါ်အမာနှင့် အထိအတွေ့ နည်းသည်။ မန္တလေးရောက်လျှင်လည်း လူထုတိုက်တွင် ကိုလှနှင့်သာ စကားပြောဖြစ်သည်။ ကိုလှနှင့် စကားကောင်းနေစဉ် ဒေါ်အမာက ၀င်ပြောတတ်သည်။
ဒေါ်အမာရေးသော သခင်ကိုယ်တော်မှိုင်း၊ ပြည်သူချစ်သော အနုပညာသည် စာအုပ်များ ထွက်လျှင် ကျွန်တော့်ထံ ပို့တတ်သည်။ ကျွန်တော် ဖတ်ရသည်။ ဒေါ်အမာက အစုအဆောင်းကောင်း။ မန္တလေးမှ အနုပညာရှင် ဇာတ်ဆရာများအကြောင်း၊ စေ့စေ့ငှငှရေးသည်ကို ဖတ်ကြည့်ဖြစ်သည်။ ကျွန်တော်သည် ဇာတ်သဘင် ၀ါသနာပါသဖြင့် ဖတ်ဖြစ်သည်။ ဒေါ်အမာသည် ဇာတ်သဘင်လောက၊ ဂီတလောကနှင့် အကျွမ်းဝင် နားလည်သည်။
သခင်ကိုယ်တော်မှိုင်းစာအုပ်ဆိုလျှင် အထူကြီး။ ကျကျနနလေ့လာကာ အတ္ထုပ္ပတ္တိကို ရေးသည်။ ကျွန်တော်က ရသစာပေကို ဒေါ်အမာထံမှ မျှော်လင့်သည်။ မြမဉ္ဇူ၏ စာပေအရေးအသား အဖွဲ့အနွဲ့ကို သိနေသဖြင့် မြမဉ္ဇူကဲ့သို့ ၀တ္ထုများကို ဘာသာပြန်စေချင်သည်။ သို့သော် ပြန်သည်ကို မတွေ့ရ။ မြမဉ္ဇူက ပြန်လည်ရှင်သန် ထမြောက်ခြင်း မရှိ။ လူထုဒေါ်အမာဟူသော သတင်းစာဆရာ၊ အတ္ထုပ္ပတ္တိ ဆရာ သဘောမျိုးကိုသာ တွေ့နေရသည်။ စိတ်ထဲက သိတ်မကျေနပ်။
(ဂ)
သတင်းစာဆရာနှင့် စာရေးဆရာ (၀ါ)ရသစာရေးဆရာ ကတော့ သိပ်မတူ။ သတင်းစာဆရာ ဆိုသည်ကတော့ သတင်းကို အခြေပြု၍ ရေးဖွဲ့ရသည်။ သတင်းဆိုသည်ကတော့ တကယ်ဖြစ်ပျက် နေသည့် အရာတို့ကို မှတ်တမ်းတင်ရသည်။ ရသ စာရေးဆရာ ကတော့ တကယ့်အဖြစ်အပျက်ကို အခြေပြုကာ ဇာတ်လမ်း ဇာတ်ကွက်တို့ဖြင့် ခြယ်သရသည်။
ကျွန်တော်က မြမဉ္ဇူ ဖြစ်စေလိုသည်။ သူမ၏ အတွေ့အကြုံနှင့်ဆိုလျှင် သူမဖြတ်သန်းခဲ့သော၊ သူမ ဖြတ်သန်းနေသော သမိုင်းအတွေ့အကြုံနှင့်ဆိုလျှင်၊ မြမဉ္ဇူအဖွဲ့အနွဲ့နှင့်ဆိုလျှင် ၀တ္ထုရှည်ရေးဖွဲ့နိုင် မည်ဟု ထင်ထားခဲ့သည်။ သို့သော် သတင်းစာဆရာ အခန်းကလည်း သူ့အခန်းနှင့်သူ ရှိသည်ကို ကျွန် တော် နားလည်သည်။ ယခုလည်း မဂ္ဂဇင်းများတွင် သူမ၏ အတွေ့အကြုံများကို အခြေခံကာ ဝေဖန်အ ကဲဖြတ်သော စာများကိုလည်း ဖတ်နေရ၍ မြမဉ္ဇူကို မတွေ့ရသော်လည်း လူထုဒေါ်အမာအဖြစ် တွေ့နေရ၍ တမျိုး ကျေနပ်နေရသည်။
မနှစ်က အမရပူရ ဂန္ဓာရုံကျောင်းတိုက်အနီး တောင်လေးလုံးကျောင်းတိုက်အသွား မန္တလေး ဘူတာမှ ဆင်းလျင် ဒေါ်အမာ့အိမ်သို့ ၀င်ရသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ဆီဆေး ကားချပ်ကြီး ရှေ့တွင် ကျွန်တော်တို့ကို ဧည့်ခံသည်။ ခဏတဖြုတ်တော့ စကားပြောသည်။ မန္တလေးက ကဗျာဆရာနှင့် စာရေးဆရာများလည်း ခေါ်ထား၍ စုံစုံလင်လင်။ မြမဉ္ဇူအကြောင်း ပြောရင်း မြမဉ္ဇူနာမည်နှင့် ရေးသော ၀တ္ထုများ စုထုတ်မည်ဟု ကြားရ၍ ၀မ်းသာမိသည်။ စကားပြောကြရင်း တာရာနာမည်နှင့် စပ်ထားသော အဆိုတော် စာရေးဆရာအကြောင်း ရောက်သွားသည်။ 'မိန်းကလေးလား၊ ယောက်ျားလေးလား မသိဘူး' ဟု ကျွန်တော်က ပြောလိုက်ရာ ဒေါ်အမာက ပြုံး၍ 'ရှင်က မိန်းကလေးဖြစ်စေချင်တာလား' ဟု ကျွန်တော့်ကို စလိုက်သည်။
(ဃ)
မြမဉ္ဇူ၏ ၀တ္ထု၊ ဘာသာပြန်စသော စာများကို မဖတ်ရသော်လည်း ယနေ့ ထွက်နေသော မဂ္ဂဇင်းများတွင် ဒေါ်အမာ၏ ဆောင်ပါးများကို ဖတ်နေရသည်။ ပထမမျိုးဆက်၊ ဒုတိယမျိုးဆက်များကို ဖြတ်သန်းသွားပြီး တတိယမျိုးဆက် ကိုဖြတ်သန်းနေဆဲ။ ယနေ့ ခေတ်ပေါ် အခြေအနေကို သူမ ခံစားသည့်အတိုင်း ရေးသားထားသည်။ စစ်မဖြစ်မီခေတ်နှင့် ယနေ့ခေတ်ကို နှိုင်းယှဉ်၍ ဖော်ပြထားသဖြင့် အသိတိုးရသည်။ အသိဆိုသည်မှာ နှိုင်းယှဉ်ချက်များဖြင့်သာ မှန်ကန်သော အသိကို တွေ့နိုင်သည်။
ချိုသည်ဟု အရသာကိုခံလျှင် သာမန်ထက် မချိုသောရသခံစားချက် များသာဖြစ်သည်။ သာမန်ထက်ချိုလျှင် ယခုအချိုသည် ပေါ့သွားပေမည်။ သူမ၏ အယူအဆများ၊ သူမ၏ ခံစားချက်များကို ယနေ့ တတိယမျိုးဆက်များ ပို၍ ဖတ်သင့်သည်။ သို့မှသာလျှင် သူတို့၏အမြင် သူတို့၏လှုပ်ရှားမှု မည်သည့်နေရာ ရောက်ရှိနေပြီကို ပို၍ သိနိုင်သောကြောင့် ဖြစ်သည်။
ကျွန်တော်က အမျိုးသားနေ့ မျိုးဆက်ဖြစ်ခြင်းဖြစ်၍ သူမ၏အယူအဆ၊ သူမ၏ ခံစားချက်ကို ဖတ်ချင်နေမိသည်။
၁၉၃၆ ကျောင်းသားသပိတ်မှ စတင်တွေ့ထိခဲ့ရသော သပိတ်မှောက်ကျောင်းသူ မအမာကို ယနေ့ ဈေးကွက်စီးပွါးရေးစနစ် ဟုခေါ်သော ခေတ်တခေတ်တွင်လည်း စူးရှထက်မြက်စွာ၊ ရွှင်လန်းစွာ၊ ဝေဖန်စွာ ဖြတ်သန်းနေသည်ကို တွေ့မြင်ရပေသည်။
ဒဂုန်တာရာ
၁၉၉၅ ဖေဖော်ဝါရီ ၁၀။
စာပေဂျာနယ် အတွဲ (၃)၊ အမှတ်၃၊ ၁၉၉၅ နိုဝင်ဘာလထုတ်မှ ကူးယူဖော်ပြသည်။
Posted by
ခြားနားသူ
at
12:41 AM
0
comments
Labels: စာမှတ်စု
Thursday, August 21, 2008
ကျောင်းသားဝတ္တရား
အင်္ဂလိပ်စာရေးဆရာကြီး ရှိတ်စပီးယားက ကမ္ဘာ့အလုံးစုံသည် ဇာတ်ခုံမျှသာတည်းဟု မိန့်မြွက်ဖူး၏။ ထိုကမ္ဘာ့ဇာတ်ခုံတွင် လူအမျိုးမျိုး၊ အရွယ်အမျိုးမျိုး၊ အတန်းအစားအမျိုးမျိုးတို့သည် ကိုယ့်အခဏ်းကို ကိုယ်ကိုင်၍ ဇာတ်နိုင်အောင်ခင်းသွားကြရလေသည်။ သို့ဖြစ်ရာ လူတိုင်းလူတိုင်းမှာ သိကြားတတ်သော အချိန်အရွယ်မှစ၍ သေသည်ထိအောင် မိမိ၏ အလုပ်ဝတ္တရားအဖြစ်ရှိ၏။ ထိုဝတ္တရားကို ကြေပြွန်မှာသာလျင် လောက၌ လူဖြစ်ကျိုး နပ်ပေမည်။ ကမ္ဘာ၏နောက်ခေတ်အမွေခံဖြစ်သော ကျနော်တို့ကျောင်းသားတို့မှာလည်း အထူးသဖြင့် အသက် ၁၆ နှစ်၊ ၁၇ နှစ် အထက်ဖြစ်သော ကျောင်းသားများမှာလည်း အဆိုပါဝတ္တရားဥပဒေမှ မကင်းလွတ်ကြချေ။ ယင်းသို့ဖြစ်လျင် ကျောင်းသားဝတ္တရားသည်အဘယ်နည်း။
အမြင်ကျယ်ကျယ် ကြည့်လေ့ရှိသောသူတို့သည် ကျောင်းသားဆိုသည်မှာ တန်းစာကျက်၍ စာမေးပွဲအောင်မြင်ရုံမျှဟူသောအများအယူအဆ၏ တိမ်ခြင်း၏အဖြစ်ကို သိရှိကြလေပြီ။ ထိုအယူအဆကား ခေတ်အောက်ကျသည့်
အယူအဆမျှသာဖြစ်ပေသည်။
ပညာရေးကို ကျွမ်းကျင်သော ကမ္ဘာ့ပညာရှိတို့သည် လောကရေး၊ ဓမ္မရေး ပြဿနာအရပ်ရပ်ကို စီစစ်ဝေဖန်ဖြေရှင်းတတ်သော ပညာရပ်မှ စာအုပ်ပေစာကို အံ၍ရသော အမှတ်သညာ၊ နှစ်ရပ်ကိုခွဲခြား၍ ထားလေသည်။ စာမေးပွဲကို အောင်မြင်သူသည် လောကစစ်ပွဲတွင်လည်း အောင်မြင်နိုင်သည့် အရည်အချင်းရှိသည်ဟု မုတ်ချဆတ်ဆတ်မဆိုနိုင်ချေ။ ဤသို့လျှင် စာမေးပွဲ၏ အကြောင်းသနစ်ကို ဖော်ထုတ်လာကြ၏။ An examination of examinations စာမေးပွဲများ၏ အကျိုးအပြစ်စစ်ဆေးချက်ဆိုသော စာအုပ်တွင် ဤအချက်ကို ရှင်းလင်းပြသထားပေ၏။ စာမေးပွဲတခု၏ အဖြေလွှာစာရွက်များကို စာစစ်သူအမျိုးမျိုးအား စစ်ဆေးစေရာ အဖြေတခုတည်းကိုပင် အမှတ်ပေးပုံခြင်းမတူသည်ကို တွေ့ရပေသည်။ တဖန် စာစစ်သူတဦးတည်း ၎င်းတနှစ်ခန့်က ဖျတ်ပေးခဲ့သောအဖြေကို နောက်ထပ်စစ်ဆေးသည့်အခါ ပထမအမှတ်ပေးပုံနှင့် နောက်တခါအမှတ်ပေးပုံခြင်းမှာ ကွာခြားသည်ကိုတွေ့ရလေသည်။ ကမ္ဘာကျော်ပြဇာတ်ရေး ဆရာ ဘားနတ်ရှောကလည်း တရံသောအခါက အတန်းထဲတွင် ထိပ်ကျသောကျောင်းသားသည် လောကတွင် အောက်ဆုံးထစ်ရောက်တတ်သည်ဟု မိန့်ဆိုဖူး၏။
ဤတွင် ကမ္ဘာကျော်စာရေးဆရာကြီး၏ အရေးအသားကို ၎င်းရေးသားထားသဖြင့် ယုံကြည်ရမည်ဟု မဆိုလို။ သို့ရာတွင် ၎င်းကား အကြောင်းမဲ့မရေးသားရာ။ ယင်းသို့ဖြစ်ရကား ကျွန်ုပ်တို့သည် ကမ္ဘာ့ရာဇ၀င်တွင် သာဓက အထောက်အထားများကို ကြည့်မည်ဆိုလျှင် ကမ္ဘာ့ထိပ်တန်းကျရောက်သော ပုဂ္ဂိုလ်တို့သည် စာမေးပွဲများတွင် ထိပ်တန်းကျသူချည်းမဟုတ်ပေ။ ဥပမာအနည်းငယ်ထုတ်ပြရသော် ယခုခေတ် ကမ္ဘာ့ထိပ်တန်းသမားများတွင် ဟစ်တလာနှင့် မူဆိုလိုနီတို့သည် ကျောင်းမျှပင် ကောင်းစွာမနေခဲ့ရပေ။ မဟတ္တမဂန္ဒီသည်လည်း ကောလိပ်ကျောင်းတွင် ရောက်ဖူးရုံမျှရှိ၍ ကျောင်းသားအဖြစ်နေစဉ်အခါက ထူးထူးချွန်ချွန်မရှိချေ။ ပန်ဒစ်ဂျဝါဟာလာနေရူးသည်လည်း အင်္ဂလန်ပြည်ရှိ နာမည်ကျော်ကျောင်းနှင့် တက္ကသိုလ်တို့မှ အောင်မြင်ခဲ့လင့်ကစား ကျောင်းသားအဖြစ်ဖြင့် များစွာမထူးချွန်လှ ဘီအေ ဂုဏ်ထူးတန်းတွင် ဒုတိယတန်းမျှသာ ရလေသည်။ သို့ရာတွင် ထိုအခါက ၎င်းအထက်ပထမရခဲ့သော သူတဦးမှာ ရန်ကုန်တွင်ပါမောက္ခတဦးအဖြစ်ဖြင့် ၎င်းကဲ့သို့ ကျော်ကြားခြင်းမရှိပေ။ အင်္ဂလိပ်စာရေးဆရာကြီးများဖြစ်ကြသော ဂိုးလ်စမစ်၊ ဆာဝေါလတာစကော့ စသောပုဂ္ဂိုလ်တို့မှာလည်း ကျောင်းနေစဉ်က ထူးချွန်ခြင်းမရှိ၊ ဆာဝါလတာမကော့မှာမူ လူ့ငနွားဟုပင် ဆရာ၏ အခေါ်ခံရလေသည်။ ဤကားဥဒါဟရုဏ်ကို အကျဉ်းမျှသရုပ်ပေါ်အောင် ပြလိုက်ခြင်းပေတည်း။ ဤသို့ဖြစ်ရခြင်း၏ အကြောင်းကိုစစ်လျှင် လူသားတဥိးတယောက်၏ တန်ဖိုးကို မည်မျှရှိသည်ဟု ချိန်ဆရန် တထစ်ချသတ်မှတ်ထားသော နည်းမရှိသောကြောင့် ဖြစ်ပေသည်။
စင်စစ်သော်ကား ကျောင်းတွင်တခါမျှမနေဖူး၍ စာတလုံးမျှမသင်ဖူးသူပင် ပညာရှိဖြစ်နိုင်၏။ ဤကား ဖြစ်နိုင်သည့် အကြောင်းကို အလွန်ဆိုခြင်းဖြစ်ပေသည်။ ယခုကမ္ဘာပေါ်မှာရှိသည့် စာအုပ်အားလုံးသည် အရင်းစစ်လိုက်လျှင် လောက၏အကြောင်းကို အမျိုးမျိုးမှတ်သားချက်များသာ ဖြစ်ပေသည်။ ထိုမှတ်သားချက်များကို ရေးသူများ၏အာဘော် ၎င်းတို့၏ရေးရာဒေသ၊ ရေးသည့်အချိန်ကာလ စသည်တို့ကိုကြည့်၍ ဝေဖန်ပြီးလျှင်၊ လောကအလုပ်ဝတ္တရားတွင် သုံးစွဲတတ်မှသာ စာတတ်အမှန်ဖြစ်ပေသည်။ အကယ်၍ စာမတတ်သူသည် လောက အမှတ်အသားကောင်းမွန်၍ နေရာချတတ်ပါလျှင် စာတတ်နေရန်မလိုချေ။ ထို့ကြောင့်ပင် မူဆိုလိုနီက ၎င်း၏အထ္ထုပ္ပတ္တိတွင် ကျွန်ုပ်ဖတ်ခဲ့ရသော အကြီးဆုံးစာအုပ်ကား ကျွန်ုပ်နေခဲ့နေဆဲသော လောကကြီးပင်တည်းဟု ရေးထား၏။ ထိုကဲ့သို့ စာအုပ်ပေစာမှ ကျော်လွန်သောပညာကို အဘယ်သို့ရအံ့နည်း။
ထိုပညာစစ်ကိုရရန် လွတ်လပ်စွာတွေးတောပြောဆို ဆွေးနွေးလုပ်ကိုင်လိုသော စိတ်ဓာတ်ကိုမွေးရန် လို၏။ ဤအချက်ကို ပညာရေးကျွမ်းကျင်သူ ပုဂ္ဂိုလ်များက Academic Freedom ပညာသင်ကြားရေး လွတ်လပ်ခွင့်ဟု ခေါ်ဝေါကြ၏။ ဤအချက်ကား ကမ္ဘာ့ရာဇ၀င်ကို တမျိုးတမည်ပြောင်းလွဲစေသည့် ရီနေဆန့်နှင့် ရီဖော်မေးရှင်းခေါ် ခေတ်သစ်ဝါဒ၊ လောကဓာတ်ပညာ ပြန့်ပွားရေးအကြောင်းတရပ်တည်း။ ဤအချက်ကား ကျွန်ုပ်တို့၏ ဂေါတမဘုရားသခင် ဟောကြားသော ကလမသုတ္တန် သဘောတရားပင်တည်း။
ထိုလွတ်လပ်စွာ တွေးတောပြောဆိုဆွေးနွေးလုပ်ကိုင်လိုသော စိတ်ရှိရမည်ဆိုရာတွင် ကျွန်ုပ်တို့သည် မိမိထင်ရာ တွေးတောပြောဆိုလုပ်ကိုင်ခြင်းမဟုတ်ပေ။ လောကရှိ လူအပေါင်းတို့သည် ရေတွင်းထဲရှိ ဖားသူငယ်ကဲ့သို့နေ၍ မဖြစ်ပေ။ တဦးနှင့်တဦး ကူးလူးဆက်ဆံရလေသည်။ ယခုခေတ်အခါတွင် ဤသို့ကူးလူးဆက်ဆံခြင်းမှာ ပိုမို၍ နယ်ကျယ်လာလေသည်။ ယခု အတိုင်းတိုင်းအပြည်ပြည် ကြုံတွေ့နေရသော ရှားပါးရေးခေတ်သည် ထိုဥပဒေကို ကျော်လွန်၍ ကိုယ့်ဘက် ကိုယ့်သဘောကိုမြင်သော ၀ါဒကြောင့်ဖြစ်သော ကမ္ဘာစစ်ကြီး၏ ပဲ့တင်သံဖြစ်လေသည်။ ထိုသို့ဖြစ်ရာ လူတိုင်း၊ လူတိုင်း တဦးနှင့် တဦး အပေါင်းအသင်းသမဂ္ဂရှိမှသာ အမျိုးမျိုးသော အယူအဆ အမှတ်အသားတို့ကို တွေ့မြင်သိရှိရ၍ ပိုမိုအမြင်ကျယ်လာနိုင်လေသည်။ သို့အမြင်ကျယ်မှ တဦးမှ တဦး အနာခံတတ်ခြင်း၊ စောင်မကူညီတတ်ခြင်း၊ အပြောအဆို အနေအထိုင်ပြုပြင်လာခြင်း စသဖြင့် လောကလူလုပ်တတ်သည့် အရည်အချင်းများ ရရှိနိုင်လေသည်။
ထိုကြောင့် ထို့သို့ကူးလူးဆက်ဆံအမြင်သန်အောင် ကျောင်းများ၊ တက္ကသိုလ်များတွင် ကျောင်းအိပ်၊ ကျောင်းစား ထားခြင်း၊ အသင်းအပင်းများထောင်ခြင်း စသည်တို့ပြုကြရလေသည်။ သို့ရာတွင် အပေါင်းအသင်း အမဂ္ဂအတွက် ပြုလုပ်ရာတွင် လွတ်လပ်စွာမပြောရ မဆိုရ မလုပ်ရ မဆွေးနွေးရလျှင် မျက်စီပိတ်ထားသည်နှင့် တူပြန်သည်။ သို့ဖြစ်ရာ ၂ ဘက်၊ ၂ ချက်စုံမှ ပညာရေးအစစ်မည်လေသည်။
တဖန် ယနေ့ဖြစ်သောကျောင်းသားများသည် နက်ဖြန်ပြည်ကြီးသားများဖြစ်ကြ၏ဟု ဆိုရိုးစကားရှိ၏။ သို့ဖြစ်ရာ ပြည်ကြီးသားတို့၏ အင်္ဂါလက္ခဏာတို့နှင့်ညီအောင် အုပ်ချုပ်နည်း၊ မိမိအခွင့်အရေးအတွက် တိုက်ခိုက်နည်း၊ စကားပြောနည်း၊ စည်းကမ်းသေ၀ပ်နည်း၊ ကိုယ်လက်ကျန်းမာရေးစသည်ဖြင့် နည်းမျိုးစုံအောင် အသင်းအပင်းများ၊ ရဲတပ်များ၊ ကစားနည်းများကို ထွင်ကြရ၏။ ထိုမျှမက ယခုအခါ တနိုင်ငံနှင့် တနိုင်ငံမှာ ခွဲစပ်၍ မဖြစ်နိုင်။
တရုပ်ပြည်၊ စပိန်ပြည်၊ ပါလက်စတိုင်းပြည်တွင် အဖြစ်အပျက်များသည် ဤတိုင်းပြည်ကို၎င်း၊ ကမ္ဘာ့ယဉ်ကျေးမှုကို၎င်း၊ လူသတ္တ၀ါတို့အား၎င်း မည်သို့မည်ပုံ ထိုခိုက်မည်ဟု သိနိုင်အောင် ကမ္ဘာ့အခြေကိုလည်း မိမိရရသိနိုင်ရန်လို၏။ ဤသည်တို့ကား အကြမ်မျှ ကျောင်းသားတို့လုပ်ရမည့် ၀တ္တရားများဖြစ်ကြ၏။ ထို့ကြောင့် ကမ္ဘာရှိ ကျောင်းသားအပေါင်းတို့သည် လှုပ်လှုပ်ရွရွဖြစ်၍ စစ်မက်တားမြစ်ရေး၊ အလုပ်လက်မဲ့ပပျောက်ရေး၊ အကြောင်းစနစ်ကို ရှာဖွေနေကြ၏။ အခြေမထူးလှသော စပိန်ပြည်နှင့် တရုပ်ပြည်တို့တွင် ကျောင်းသားတို့မှာ ကိုယ်ထိုလက်ရောက် တိုက်ခိုက်နေကြရ၏။ ထို့ကြောင့် အချိန်အခါအလျောက်လည်း ကျောင်းသား၏၀တ္တရားလည်း ကွဲလာ၏။
ဤပြဆိုခဲ့ပြီးသော ကျောင်းသားဝတ္တရားအားလုံးကို သိမြင်သည်နှင့်အညီ နောင်ခေတ်ဗမာပြည်ကို ဖန်တီးမည့် ကျောင်းသားများသည် ယခုလူများကဲ့သို့ မညီမညွတ် မလုပ်တတ်၊ မကိုင်တတ်၊ မဖြစ်ရအောင် ကျွန်ုပ်တို့သည် ယခုအခါ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအသင်းကြီးကို အထင်အရှားတည်ထောင်ထား၏။ ထိုအသင်းကို ၀င်ရောက်အားပေးရန်မှာ ကျောင်းသားတိုင်း တိုင်းပြည်ချစ်စိတ်ရှိသူတိုင်းတို့၏ တာဝန်ဝတ္တရား ပင်တည်း။
မောင်အောင်ဆန်း
မန္တလေးသူရိယ (အမျိုးသားနေ့ အထူးစာစောင်)
၁၂၉၉၊ တန်ဆောင်မုန်းလပြည့်ကျောင် ၁၀ ရက်
Posted by
ခြားနားသူ
at
9:46 PM
0
comments
Labels: စာမှတ်စု
သားတို့သမီးတို့ စာဖတ်ကြ
လူငယ်တွေကို အမေပြောချင်တဲ့စကားက-
မင်းတို့ စာဖတ်ကြ ဆိုတာပါပဲ။
လူမှန်ရင် စာမဖတ်လို့ မဖြစ်ပါဘူး။ တကယ်ပါပဲ။
စာမဖတ်တဲ့လူဟာ လူပီပီ မဖြစ်ပါဘူး။
စာဖတ်မှ အဆင့်မီမီ တွေးခေါ်တတ်တယ်။
မှန်ကန်အောင် ဆုံးဖြတ်တတ်တယ်။
ဘာစာဖတ်ရမှာလဲလို့မေးရင်-
ပထမတော့ ဘာစာမဆို ဖတ်ပါ။
ဖတ်ရင်းဖတ်ရင်း၊ ဘယ်စာကအကောင်း၊ ဘယ်စာကအညံ့ဆိုတာ မင်းတို့ သိလာလိမ့် မယ်။ အဲဒီတော့ ရွေးပြီး ဖတ်တတ်ပြီပေါ့။
၁၉၇၂ ခုနှစ်က ကမ္ဘာကုလသမဂ္ဂက ဒီနှစ်ကို နိုင်ငံတကာ စာအုပ်နှစ်လို့ သတ်မှတ် လိုက်တယ်။ ဒါကြောင့် အမေတို့ မန္တလေးက အဲဒီနှစ်က မန္တလေးမှာ စာအုပ်ပြပွဲတခု မြို့တော်ခန်းမမှာ ပြုလုပ်ခဲ့တယ်။ ပြပွဲက ဒီဇင်ဘာလ (၆)ရက် က (၉)ရက် အထိပြဘို့ စီစဉ်တာ။ လူစည်အားကြီးလို့ (၂)ရက် တိုးပြရသေးတယ်။ ပြပွဲ (၆)ရက်မှာ ရဟန်းရှင်လူ ပရိသတ်ပေါင်း ၁၂၀,၀၀၀ ကျော် လေ့လာကြည့်ရှုကြတယ်။
ပြီးတော့ နိုင်ငံတကာ စာအုပ်နှစ် အထိမ်းအမှတ် စာတမ်းဖတ်ပွဲကိုလည်း အနောက်ကျုံးလမ်း ဓမ္မဗိမာန်မှာ ဒီဇင်ဘာ (၆)ရပ် ညကစပြီး (၁၀)ရက်အထိ၊ (၅)ညတိတိ စာတမ်းတွေ တင်ကြတယ်။ အဲဒီ စာတမ်းတွေကို "လူ့မိတ်ဆွေ စာအုပ်" ဆိုပြီး အမေတို့က စာအုပ် ရိုက်ခဲ့ကြတယ်။
တင်ကြတဲ့ စာတမ်းတွေကတော့-
၁။ ဆရာတော် ရွှေကိုင်းသားက အာကာသ ဖတ်စာအုပ်ကြီးထဲက သေးသေးတင် တလုံးလို့ ခေါ်ရမယ့် ဥက္ကာခေါ်တဲ့ ကြယ်ပျံများ။
၂။ လူထုဒေါ်အမာက ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီး။
၃။ မောင်စွမ်းရည်၊ မောင်သာနိုးတို့က ကနေ့မြန်မာစာပေရှုခင်း။
၎။ ဦးမောင်မောင်က စာကြည့်တိုက်များ ပြည်သူကို အကျိုးပြုပုံ။
၅။ လူထုဦးလှက လူ့မိတ်ဆွေစာအုပ်။
၆။ တိုးလှက ကုန်းဘောင်ခေတ် ပိဋိကတ်တိုက်များ
၇။ ဒေါက်တာသန်းထွန်းက ဖတ်စာအုပ်သမိုင်း။
၈။ ကျော်မင်းကျော်၊ မောင်သစ်လွင်(လူထု)တို့က စစ်ပြီးခေတ်စာအုပ်လောက။
၉။ ဦးချမ်းမြက မြန်မာစာနယ်ဇင်းသမိုင်း။
၁၀။ ဦးတင်လွင်က ပါဠိ-မြန်မာနိဿယကျမ်းများ။
၁၁။ သန်းထွန်းက နိုင်ငံတကာစာအုပ်နှစ်ပြပွဲမှတ်တမ်း။
၁၂။ လူထုဦးလှက ဆရာဦးဖေမောင်တင်။
၁၃။ လူထုဒေါ်အမာက ကျောက်စာဝန်ဟောင်းဦးမြ တို့ ဖြစ်ကြတယ်။
ဦးဖေမောင်တင်ရဲ့ အမှာစကား၊ ဆရာကြီးရွှေဥဒေါင်းက ကျွန်ပ်ရဲ့ တသက်တာမှတ်တမ်း အကြောင်း ပြောကြားချက်တွေကိုလည်း ဒီစာအုပ်မှာ ပါဝင်တယ်။
အမေက ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီးဆိုပြီး အခါအခွင့်သင့်တဲ့အခါ အမေတို့ဆီမှာ တကယ်ရှိတဲ့ မင်းတုန်းမင်းကြီး ပိဋိကတ်သုံးပုံကို ကျောက်ထက်အက္ခရာတင်ထားတဲ့ ကျောက်စာ (၇၃၀)ချပ် အကြောင်းကို ရေးသားတင်သွင်းပြီး ကမ္ဘာသိကြွားလိုက်တာပါ။
ဒီစိတ်ကူးကို ပျံလွန်တော်မူတဲ့ ဆရာတော် ရွှေကိုင်းသားက ပေးရှာတာပါ။
ကဲ..... သားတို့ သမီးတို့ လူဖြစ်အောင် စာဖတ်ကြ။
လူထုဒေါ်အမာ
{ဗြူတီမဂ္ဂဇင်း၊ စက်တင်ဘာ၊ ၂၀၀၀ မှ ကူးယူဖော်ပြပါတယ်။}
Rest of your post
Posted by
ခြားနားသူ
at
2:14 AM
0
comments
Labels: စာမှတ်စု
ဘဟိန်း (သို့မဟုတ်) ကဗျာ

( ၁ )
ယခုခေတ် ဗမာပြည်၌ကွန်မြူနစ်တို့သည် ရုပ်ဝါဒကိုမျိုးစေ့ကြဲ၍ နေကြပေပြီ။ ရုပ်ဝါဒဆိုသည်မှာ စိတ်ဝါဒ မဟုတ် စိတ်ကူး စိတ်သန်းမဟုတ်။ အကောင်အထည်ကိုမာကြောကြမ်းတမ်းကြီး လက်တွေ့ကိုင်စမ်းမိသော ရုပ်ဝါဒ။ သည်လို လူအများက ယေဘုယျ မှတ်ထင်ကြပေသည်။ ရုပ်ဝါဒကို ယုံကြည်ကိုးကွယ်သူ၊ ကွန်မြူ နစ်ပါတီ၏ ခေါင်းဆောင် သခင်ဗဟိန်းအား ကဗျာဟု ရေးလိုက်ခြင်းသည် တကယ်ဆိုတော့ အနုကဗျာနှင့် ရုပ်ဝါဒ နိုင်ငံရေးသမားဟာ မနီးစပ်ပါကလားဟုထင်မှတ်ကြပေလိမ့်မည်။ သည်လို မှတ်ထင်လျှင် ဘဟိန်း ကို နိုင်ငံရေးသမားအဖြစ် တွေ့မြင်၍ လူအဖြစ် မသိသေးသောကြောင့် ဖြစ်တန်ရာပေသည်။ ကဗျာ …. ။ ဟုတ်သလား။
၁၉၃၈ ….
သရက်ထည် ပန်းပွင့်ရိုက် အနားကွပ် ခန်းဆီးပြာသည် ပိန်လိုက် ဖေါင်းလိုက်နှင့် ရွက်တိုက်လျက်ရှိသည်။ အပြင်ဘက်တွင်ကား မှောင်၍ နေသည်။ တချက် တချက် တက္ကသိုလ် ရိပ်သာလမ်းမှ အဓိပတိလမ်းသို့ ကွေ့ကာ မောင်းဝင်လာသော မော်တော်ကား ရှေ့မီးရောင် သည် ၀င်းကနဲ လက်လိုက်ရာ တက္ကသိုလ်သမဂ္ဂ အသင်းတိုက်ရှေ့ရှိ ဇော်မွှားပန်း၊ ဗုဒ္ဓံသရဏံပန်းများကို လျှပ်စစ်ပြက်လိုက်သလို ရိပ်ကနဲ တွေ့မြင်လိုက် ရပေသည်။
လူများချိန် (၈)နာရီခန့် ဖြစ်သဖြင့် သမဂ္ဂပျော်ပွဲစားရုံသည် ဇွန်းသံ၊ ပန်းကန်သံ၊ စကားပြောသံတို့ဖြင့် ညံ၍ နေ၏။ မြို့ထဲတွင် လည်ပတ်ရာမှ နောက်ကျသော ကျောင်းသားများသည် သမဂ္ဂတွင် ၀င်၍ ညစာ စားလေ့ ရှိကြ၏။ ပျော်ပွဲစားရုံ၏ ဒေါင့်ရှိ စားပွဲရှည်တွင်ကား သမဂ္ဂခေါင်းဆောင် ကျောင်းသားတစုသည် ၀ိုင်းဖွဲ့ကာ စကားပြောသူကပြော၊ အစား စားသူကစားလျက် ရှိကြသည်။
သည်အထဲမှ ကျောင်းသားတဦးသည် ၀ိုင်းဖွဲ့စကားပြောထဲတွင် မပါဝင်ဘဲ စီးကရက်ကို တွင်တွင်ဖွာလျက် စားပွဲစွန်းရှိ ဓာတ်စက်ကို ဓါတ်ပြား တချပ်ပြီးတချပ်လဲကာ ဖွင့်လျက်ရှိသည်။
သူသည် အသားဖြူဖြူ၊ ဆံပင်ကောက်ကောက်၊ ဖျင်အင်္ကျီ လက်ရှည်၊ ဘန်ကောက်လုံချည် မြင်းချေးရောင် အစိမ်းကို ၀တ်ဆင်ထားသည်။ မျက်နှာမှာ ပဒုမ္မာကြာပန်းကဲ့သို့ လန်းရွင်သည်။ သူ၏ ချစ်ဖွယ်ကောင်းသော အပြုံးကလေးများသည် နီရဲသော ပါးပြင်နှင့် နှုတ်ခမ်းပေါ်တွင် ထာဝစဉ် နားလျက်ရှိသည်။ ကြက်သရေဖြင့် လျှမ်းသောအပြုံး၊ မေတ္တာ၏ အထိမ်းအမှတ် အပြုံး။
ကျွန်တော်သည် ရုပ်ရှင်ကြည့်ရာမှအပြန် နောက်ကျနေသဖြင့် ကျောင်းထမင်းစားရုံသို့မသွားတော့ဘဲ သမဂ္ဂ ပျော်ပွဲ စားရုံတွင်ပင် ညစာကို မှာစားလျက်ရှိသည်။
သူတို့ဝိုင်းထဲမှ ကိုဗဆွေ (ယခု ဆိုရှယ်လစ်ပါတီ အထွေထွေအတွင်းရေးမှူး)က ကျွန်တော့်ကို ကိုဘဟိန်း နှင့် အသိဖွဲ့ပေးလေသည်။ ကိုဗဆွေကား စစ်ကိုင်းကျောင်းဆောင်တွင် ကျွန်တော်နှင့် အခန်းခြင်းကပ်နေ၍ တယောက်ကို တယောက် ဆဲမနာ၊ ဆိုမနာ ခင်မင်သူ ဖြစ်သည်။
`ဒါ ကိုယ်တို့စစ်ကိုင်းကျောင်းဆောင်ကလေ။ ဒဂုန် မဂ္ဂဇင်းမှာစာတွေ ဘာတွေ ရေးတာပေါ့ကွ´ဟု ကိုဗဆွေ က မိတ်ဖွဲ့ပေးသောအခါ ကိုဘဟိန်းသည် ဓါတ်စက်မှသော့ကိုလှည့်ရင်း သူ၏ကြာပွင့်ချပ်ကလေးထဲမှ ၀တ်ဆံကို ဖွင့်လှပ်လိုက်သော ကဗျာဆန်သည့် အပြုံးဖြင့် တုံ့ပြန်ကာ …
`သြ … ဟုတ်လား။ ရတုပိုဒ်စုံတွေ ဘာတွေ ဒဂုန်မှာဖတ်ဖူးပါတယ်။ မန္တလေးမှာ နေကထဲက တွေ့ဖူး ပါတယ်´
ကိုဘဟိန်းသည် လူဖတ်နည်းလှသော ကျွန်တော်၏ရတုပိုဒ်စုံများကို ဖတ်ဖူးသဖြင့်အံ့သြ၍သွား၏။ သူသည် ကဗျာကို မြတ်နိုးသူ တယောက်ဖြစ်သည်။
`ကျွန်တော်တော့ မေရှင်ကို အတော်ကြိုက်တယ်။ ခင်ဗျားကော ဘယ့်နှယ့်လဲ´ဟု ပြောကာ သူသည် `ချစ်၍ခေါ်ရာ၊ ချစ်၍ခေါ်သည်´ကို ဒုတိယအကြိမ် ထပ်၍ ဖွင့်ပြန်၏။ ပြီးလျှင် `သော်တာငွေမင်း´ကို ဖွင့်၏။ သူသည် ဂီတကို ချစ်သည်။ သူနှင့် ကျွန်တော်သည် ခဏနှင့်ပင် စကားလက်ဆုံကျလျက်ရှိကြသည်။ ကာလပေါ် ဗမာဂီတ အခြေအနေကို သူသည် ဝေဖန်လျက်ရှိသည်။
`တချို့က အင်္ဂလိပ်တီးလုံးသွား သီချင်းတွေကို မကြားနိုင်ကြဘူး။ နားပိတ်ထားချင်သတဲ့ဗျ။ သာယာတဲ့ တေးသံကို ဘာပြုလို့ လက်မခံနိုင်ရသလဲ။ ဂီတဆိုတာ လူတမျိုးတည်း ကန့်သတ်ထားတာ မဟုတ်ဘူး။ ကျွန်တော့်အဖို့တော့ သာယာလှပတဲ့ တေးဂီတဆိုရင် နိုင်ငံခြား ဂျပန်ပဲဖြစ်ဖြစ်၊ ကုလားပဲဖြစ်ဖြစ်၊ ဣတာလျံ ပဲဖြစ်ဖြစ် နားထောင်တာပဲ။ တချို့က အင်္ဂလိပ်သံဆိုရင် အသံသေး အသံကြောင်ဆိုပြီး နားမထောင်နိုင်ကြ တာ အံ့သြဆရာပဲ´ စသည်ဖြင့် သူက ပြောလေသည်။
တဘက်စားပွဲစွန်းတွင် သမဂ္ဂအမှုဆောင်တစုနှင့် နိုင်ငံရေးအကြောင်း ငြင်းခုံစကားကောင်းလျက်ရှိသော ကိုဗဆွေက ဂီတနှင့်ပတ်သက်၍ ဆွေးနွေးလျက်ရှိသော ကိုဘဟိန်းနှင့်ကျွန်တော်တို့ဘက်သို့ လှည့်ကာ `အေး … မင်းတို့နှစ်ယောက်ကတော့ ကိုက်မှာပဲ။ ဘဟိန်းကလဲ ၀တ္ထုရေးချင်၊ ကဗျာစပ်ချင်၊ ဂီတ လိုက်စား ချင်နဲ့တော့။ မင်းတို့ နှစ်ယောက်က စိတ်ကူးယဉ် သမားတွေကိုး´ဟု ပြောကာ ရယ်မော၍ နေသည်။
`လူဆိုတာ အလှအပကို မက်တာပဲ။ ကဗျာဂီတရဲ့ အလှအပကို မကြည်နူးဘဲမနေနိုင်ဘူး။ လူဟာမင်းပြော တဲ့ စိတ်ကူးယဉ်ပဲ ဆိုပါတော့။ ကဗျာဂီတကို နားလည်မွေ့လျော်တာဟာ ယဉ်ကျေးလာတာကွ´ဟု ရယ်မော ရင်း ကိုဘဟိန်းက ပြန်ပြောလေသည်။
ကိုဗဆွေပြောသလိုပင် သူနှင့်ကျွန်တော်သည် မကြာမီပင် ခင်မင်ရင်းနှီးကာ ကျောင်းတွင် တတွဲထဲတွဲလျက် ရှိပေသည်။ သူသည် မန္တလေး ကောလိပ်မှလာစ ဘီအေ ပဋ္ဌမနှစ်။ ကျွန်တော်ကားကျောင်းရောက်စ ဥပစာ ပဋ္ဌမနှစ် ဖြစ်ပေသည်။
( ၂ )
အကယ်၍ ကိုဘဟိန်းသည်နိုင်ငံရေးသမား မဖြစ်လျှင် ဧကန်စာရေးဆရာတယောက် ဖြစ်မည်ဟုကျွန်တော် ထင်သည်။
သူသည် စာပေကိုလည်း အင်မတန် ၀ါသနာပါသည်။ ကားလ်မတ်စ်၏ကွန်မြူနစ်စာပေ ပရိယတ္တိကိုသာ မဟုတ် အနုစာပေကိုလည်း ဖတ်သူဖြစ်သည်။ ရုရှားစာရေးဆရာကြီး ဂေါ်ကီကို သူအတော်ကြိုက်သည်။
တခါက သူသည် နွေရာသီ ကျောင်းပိတ်ရက်အတွင်း၌ တက္ကသိုလ်သမဂ္ဂတွင်ရှိစဉ် ဂေါ်ကီ၏ ၀တ္ထုတိုတပုဒ် ကို ဗမာလို ဆီလျော်အောင် ဘာသာပြန်ဖူးသည်။ သူသည် ကျွန်တော့်ရှေ့တွင်ပင် ၀တ္ထုတိုကို ရေးပေသည်။
သူ၏၀တ္ထုသည် ထိုအခါက နာမည်ထွက်စပြုလျက်ရှိသော လက်ရွေးစဉ်မဂ္ဂဇင်းတွင် ပါစေသည် (လက်ရွေး စဉ် မဂ္ဂဇင်းကို စတင်တည်ထောင်သူအယ်ဒီတာမှာ ဂျာနယ်ကျော်တွင် မကြာခဏ ရေးလေ့ရှိသော ကွယ်လွန်သူ အဆန်းဆရာကြီးဖြစ်သည်။) ကိုဘဟိန်း ရေးသော ) ၀တ္ထုတို၏ အမည်မှာ `လေလွင့်သူ´ ဖြစ်၍ ပစ္စည်းမဲ့အချင်းချင်း ဆင်းရဲသောဘ၀အကွေ့၌ တွေ့ဆုံကာ ရင်းနှီးခင်မင်ပုံ သဘာဝကို ပြထား သော ငတ်မွတ်ခြင်းဘွဲ့ တပုဒ်ဖြစ်သည်။
ဒဂုန်မဂ္ဂဇင်းတွင်ပါဝင်သော သူ၏ `ဘ၀ခရီး´ အမည်ရှိ ၀တ္ထုတိုကားဝတ္ထုတိုဂုဏ်နှင့် ကြွယ်ဝပြည့်စုံလှ သည်။ ကုလား ဗမာ အဓိကရုဏ်းကို နောက်ကားခံကာ ဆင်းရဲမွဲတေသော ပန်းချီဆရာသူငယ်ချင်း နှစ်ယောက်၏ မေတ္တာနှင့်ငတ်မွတ်ခြင်း အကြောင်းကို ပေါင်းစပ်ကာ ရေးသားထားသည်။ သည်အထဲတွင် အရင်းရှင်စနစ်၏ စာရိတ္တကိုလည်း သိမ်မွေ့စွာ ထည့်သွင်းထားသေးသည်။
ထွန်းအေးစာအုပ် ဖြန့်ချိရးဋ္ဌာနမှထုတ်ဝေသော `ဓနရှင် လောက´ ကား ဗမာစာနယ်ဇင်းလောကတွင် ထင်ရှားသည်။`ဓနရှင် လောက´သည် ကွန်မြူနစ်ဝါဒကို မျိုးစေ့ချပေးသော သစ်စေ့ကောင်းတစေ့ ဖြစ်သည်။ ရှင်းလင်းပြတ်သား၍ လှသည်။ ဤစာအုပ်တွင် ကိုဘဟိန်းသည် အရေးအသား၌ နိုင်နင်း ကျွမ်းကျင်ကြောင်း ဖေါ်ကြွားထားပေ၏။ သုသည် စာရေးကောင်းသူတယောက် ဖြစ်သည်။
အင်္ဂလိပ် ပြေးခါနီး သူထောင်မကျခင်က ချားလ်ဒစ်ကင်း၏ နာမည်ကျော် `မျှော်တလင့်လင့်´ ၀တ္ထုကြီးကို `လူ့အလို´ အမည်ဖြင့် ရေးဖူးသည်။ သို့သော် တိုင်းပြည်ပျက်ခိုက်နှင့် ကြုံသဖြင့် စာမျက်နှာ(၆၀)ကျော်သာ ပုံနှိပ်ပြီးစီးရသေးသည်။ အကယ်၍ သည်ဝတ္ထုသာ ထွက်လာလျှင် ဗမာ စာပေလောကတွင် ကျော်စော ထင်ရှားဦးမည့် ၀တ္ထုကောင်းတပုဒ် ဖြစ်ပေမည်။ သူသည် နိုင်ငံရေးကိစ္စများဖြင့် အလုပ်ရှုပ်နေရာ တဖေါင် ရိုက်နေစဉ် နောက်တဖေါင် ဆက်စီနိုင်ရန် ပန်းဆိုးတန်းရှိ ထွန်းအေး စာအုပ်ဖြန့်ချိရေးဋ္ဌာန အလုပ်ခန်းတွင် ထိုင်ကာ ရေးပေးသော ၀တ္ထုဖြစ်သည်။ သူ့မှာ ၀တ္ထုရေးဆရာကြီး တယောက်ဖြစ်နိုင်သော လက္ခဏာတွေ အများကြီးရှိသည်။ သို့သော် ဗမာပြည်ကို လွတ်လပ်ချင်သောစိတ်၊ ဆိုရှယ်လစ်နိုင်ငံတော် တည်ထောင်လို သော စိတ်က ပြင်းထန်လွန်းလှသဖြင့်သာ ကျောင်းသားဘ၀ ကတည်းကပင် ထောင်ကျဆင်းရဲ အနစ်နာ ခံကာ နိုင်ငံရေးသမား ဖြစ်လာရခြင်း ဖြစ်ပေသည်။
`ဇမ္ဗူကျွန်းလုံး` သီချင်းခံကို ဂီတ၌အတန် ၀ါရင့်သူများသာ ရပေသည်။ ကိုဘဟိန်းသည် ဇမ္ဗူကျွန်းလုံး သီချင်းခံကို အစအဆုံး ပင် ဆိုနိုင်သည်မှာ အံ့သြဖွယ် ကောင်းပေသည်။ ဇမ္ဗူကျွန်းလုံးသည် ဂီတ၀ိသော ဓနိကျမ်း၌ တမျက်နှာကျော် ရှည်လျားသည်။
အေ၀မ်း ဓာတ်ပြားများကို သူသည် နှစ်သက်သည်။ ပြည်လှဘေ ဆိုသော `နတ်ရှင်နောင်´ သီချင်းကို တူရိယာ တီးမှုတ်သူ တွေ့တိုင်း တီးခိုင်းလေ့ရှိသည်။ နတ်ရှင်နောင်ထဲမှ `ပေါ်နွေလလျင်´ရတုကို မရတရဖြင့် ညည်းသည်။ ဒိုရာသန်းအေး၏ `လှေကလေး´ ကိုလည်း သူအတော် သဘောကျသည်။
တက္ကသိုလ် ရာဇ၀င်ကထိက ဦးဘညွှန့် သီဆိုဓာတ်ပြားသွင်းသော ဆုထူးရွယ် သီချင်းကို သူသည် ဓာတ်ပြားမထွက်ခင်ကတည်း က ရနေသည်။ ဦးဘညွှန့်မှာ ကိုဘဟိန်းနှင့်ခင်ရာ ဦးဘညွှန့် တယောလေးနှင့် ဆိုလေ့ရှိသည်ကို နားဖြင့် မှတ်ကြားကာ ရနေဟန် တူလေသည်။ ကိုဘဟိန်းကား အခြားနိုင်ငံရေးသမားများလို မဟုတ်။ နိုင်ငံရေးသမားများနှင့်သာမဟုတ်၊ အနုပညာသမားတွေနှင့်လည်း ခင်မင်ပေါင်းသင်းသူ ဖြစ်ပေသည်။
ကိုဘဟိန်းသည် လူအဖြစ် ကုန်လုံပြည့်စုံသူ တယောက်ဖြစ်သည်။ လူတွင် ချစ်စိတ်ကြိုက်စိတ် ရှိသည်။ ဆန့်ကျင်ဘက် လိင်ကို ကြိုက်တတ်သည်။ ကိုဘဟိန်းသည်လည်း ချစ်စိတ် ကြိုက်စိတ် ရှိသည်။ တက္ကသိုလ်တွင် ရှိစဉ်က လှပသည့် ကျောင်းသူတဦးကို ကော်ရစ်ဒါ အကွေ့တွင် စကားလိုက်ပြောသည်ဆိုသော သတင်းထူးသည် တက္ကသိုလ်နယ်တွင် ပျံ့နှံ့သွား၏။ ကိုဘဟိန်းသည် လူဖြစ်သည်။ သူတယောက်တည်းသာမဟုတ် ပုတုဇဉ် အားလုံးသည် ဥမ္မာတကော မဟုတ်လား။
ဘီအေ အထက်တန်းတွင်ရှိသော ၁၉၃၉ ခုနှစ်က သူသည် သထုံကျောင်းဆောင်တွင် မနေဘဲ မြေနီကုန်းရှိ ပြည်လမ်းမကြီးမှ အရှေ့ဘက်သို့ ချိုးဝင်ရသော မြေနုလမ်းတွင် နေကာ နေ့ကျောင်းသားအဖြစ် ကျောင်းတက်လျက်ရှိသည်။ သူနှင့်အတူ ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်) နှင့် သူ၏ညီ မောင်သန်းနိုင်တို့ နေသည်။ ကျွန်တော်သည် အတန်းအားချိန်တွင် သူ၏နေအိမ်သို့ မကြာခဏ သွားလည်လေ့ ရှိသည်။သူ၏ အိမ်တွင် ဓါတ်စက်တလုံး ရှိ၏။
ကိုဘဟိန်းတွင် လူတွေကို ချစ်ခင်တတ်သော မေတ္တာဓါတ် ကြွယ်ဝသည်။ အထူးသဖြင့် သူသည် ကလေးများကို အင်မတန် ချစ်ခင်တတ်သည်။ တနေ့ ကျောင်းအားချိန်တွင် မြေနုလမ်းအိမ်သို့ သွားလည်ရာ သူသည်(၄)နှစ်သား အရွယ် ကလေးလေးကို ဒူးနှစ်ဖက်ကြား တွင် ပွေ့ဖက်ကာ`သည်ဆောင်းဟေမန်´ ဓါတ်ပြားကို ဖွင့်လျက်ရှိသည်ကို တွေ့ရသည်။ ကလေးလေး၏ နှပ်ချေးများကို သူကိုယ်တိုင် လက်ဖြင့် သုတ်သင်ပေးသည်။ သူသည် သည်ကလေးလေးကို အင်မတန် အလိုလိုက်သည်။
ကျွန်တော်က မသင်္ကာ၍ ကိုထွန်းရှိန်ဘက်သို့လှည့်ကာ `ဘယ့်နှယ့်လဲ ကိုထွန်းရှိန် သူ့မှာ နှမချော၊ အဒေါ်ချောမှ ရှိရဲ့လား´ဟု ကလေးကို မေးငေါ့ပြရင်း ရယ်မောကာ မေးလိုက်၏။ ကိုဗဟိန်းကား ဓါတ်စက်မှ သော့ကိုသာ အတွင်လှည့်နေသည်။
ကိုထွန်းရှိန်သည် အိမ်ဘက် လမ်းရှေ့ဆီသို့ ငေးကြည့်ကာ `မသိတော့လားဗျာ´ ဟု ခပ်ပြုံးပြုံး ဖြေလေသည်။
သူ၏ အိမ်ရှေ့တွင်ကား ဆရာဖြစ်သင် ကောလိပ်ကျောင်းသူ မခင်ကြီး ရှိသည်။ ကိုဘဟိန်းသည် မခင်ကြီးအား ချစ်သူဘ၀ ကတည်းကပင် အတော်ချစ်၏။ ၁၉၃၉ ခုနှစ် သီတင်းကျွတ် ကျောင်းပိတ်ရက် အတွင်းက သူနှင့်ကျွန်တော် ရှမ်းပြည်သို့ မန္တလေးမှ ဖြတ်သန်း သွားခဲ့၏။ ထိုစဉ်က မန္တလေးသို့ မင်းလတ် သင်္ဘေဖြင့် ဆန်တက်လျက်ရှိရာ သင်္ဘောပေါ်တွင် ကိုဘဟိန်းသည် မခင်ကြီးအကြောင်းကို တတွတ်တွတ် ပြောလျက်ရှိ၏။ မခင်ကြီးထံသို့ တနေ့ တစောင်ကျ စာထည့်၏။ သင်္ဘေဆိပ်ကမ်းမြို့ တမြို့သို့ ဆိုက်ကပ်လျှင် ကျွန်တော်က စာတက်၍ ထည့်ရ၏။ ကျွန်တော့် အမေထံသို့ စာထည့်ရန် ရန်ကုန်က ၀ယ်လာခဲ့သော ဒစ်ကင်ဆန် စာရေးစက္ကူကပ် အပြာနုမှာ သူ့ မခင်ကြီး ထံသို့ စာရေးသဖြင့် ရှမ်းပြည် နမ်းမတူ ရောက်အောင် မခံဘဲ အကုန်ချောတော့၏။
( ၃ )
ကိုဘဟိန်းကို သူ့မိဘများက ကြေးမှုံသဖွယ် အရိပ်တကြည့်ကြည့်နေအောင် ချစ်၏။ သူ ရန်ကုန် တက္ကသိုလ်သို့ လာသောအခါ မိဘများက သူ၏ သေတ္တာကို ချိပ်လုံချည်၊ မန္တလေးပိုးလုံချည်၊ ပိုးအင်္ကျီများဖြင့် ကြပ်နေအောင် သိပ်ပေးခဲ့၏။ ကိုဘဟိန်းမှာ သပ်သပ်ရပ်ရပ် နေတတ်၏။
ရှမ်းပြည်အသွားတွင် ကျွန်တော်သည် လက်ဆည်ကန်ရှိ ကိုဘဟိန်း၏ မိဘများအိမ်တွင် ရက်သတ္တ တပတ်ခန့် တည်းခိုရ လေသည်။ ထိုအခါ သူ၏ ဖခင် ဦးမှင်က သူ့ကို စကားမပြော။ မခေါ်ဘဲ နေသောအခိုက် ဖြစ်၏။ သို့သော် ရှမ်းပြည်တွင် လည်ပတ်သောအခါ အချမ်းလုံအောင်ဆို၍ သားအတွက် ရှူးဖိနပ်ကို ကိုယ်တိုင် ဆေးသုတ်ပေးရှာ၏။ ဤမျှ သားကို ယုယ၏။
တည ကျွန်တော်တို့ ရှိစဉ် သခင်အောင်ဆန်းသည် မန္တလေးသို့ နိုင်ငံရေးကိစ္စနှင့် လာခိုက်ဖြစ်၍ ကိုဘဟိန်းထံသို့ အလည် လာ၏။ ကိုဘဟိန်း အပြင်သို့ ထွက်နေသဖြင့် သခင်အောင်ဆန်းသည် ဦးမှင်နှင့် စကားပြောလျက် ရှိ၏။ ကိုဘဟိန်းအကြောင်း ရောက်သွားသောအခါ ဖခင် ဦးမှင်က `သူ့ကို ကျုပ်တို့က ဘယ်လောက် အရိပ်တကြည့်ကြည့်နဲ့ ချစ်ရပေမယ့် သူက မိဘကို နိုင်ငံရေးလောက် ချစ်တာ မဟုတ်ဘူး´ ဟု ပြောလေသည်။
သခင်အောင်ဆန်း နှုတ်ဆက်၍ ပြန်သွားသောအခါ ဦးမှင်သည် ကျွန်တော့်ဘက်သို့ လှည့်၍ `ကိုအောင်ဆန်းနဲ့ ဘဟိန်းဟာ အတူတူပဲ။ သူတို့က နိုင်ငံရေးကို မိဘထက် အပုံကြီး ချစ်တယ်´ ဟု ပြောလေသည်။
မိခင်နှင့် အစ်မများကလည်း သူ့ကို`ကိုဟိန်း-ကိုဟိန်း´ နှင့် ပါးစပ်ဖျားလေးတွင်၊ ကိုဘဟိန်းသည် သူ့မိခင်၏ ပေါင်ကို ခေါင်းအုံးကာ မိခင်၏ ယုယစွာ ဆံပင်သပ်ပေးခြင်းကို ကျေနပ်စွာ ခံလျက်ရှိသည်။ အစ်မလုပ်သူများက ဘေးတွင် ထိုင်စကားပြောလျက်ရှိကြ၏။
မိဘများက သူ့ကို ဘယ်လောက်ပင်ချစ်ချစ် သူသည် နိုင်ငံရေးအတွက် အတွယ်အတာများကို စွန့်ပယ်ကာ မိဘ၏ အေးချမ်း ရိပ်ငြိမ်သော အရိပ်တွင် မနေနိုင်ဘဲ ကြမ်းတမ်းခက်ထရော်၍ မာကြောလှသော အကျဉ်းထောင် နံရံလေးဘက် အတွင်း၌သာ ဆင်းရဲခြင်း ဒုက္ဒ ကို တွေ့ကြုံရလေသည်။
သူသည် အ၀တ်အစားကို သပ်သပ်ယပ်ယပ် ၀တ်ဆင်တတ်၏။ သန့်ရှင်းစွာ နေတတ်၏။ ဘန်ကောက်လုံချည် အပြာကို ကြိုက်၏။ ဂီတကို ချစ်၏။ သူ့ကို အဝေးက ကြည့်လိုက်လျင် ပေါ်လွင်၍ ကြက်သရေဖြင့် ရွမ်းရွမ်းမြသော သူ၏အပြုံးသည် ကြာပန်းမှ ၀တ်ဆံကို ဖွင့်လှပ် တင့်ကြွားလိုက်သလို မြင်လိုက်ရ၏။ သူ၏ ရုပ်သည် ယဉ်ကျေးသိမ်မွေ့သော လူလတ်တန်းစား ဟန်သွင်ဖြစ်၏။ သို့သော် ကျောင်းသားဘ၀ ကတည်းက မကွေးထောင်၊ အင်းစိန်ထောင်တို့တွင် နေရ၏။ တိုက်ပိတ်ခံရ၏။ အင်္ဂလိပ် ပြေးခါနီး အဖမ်းခံရ၍ ထောင်အမျိုးမျိုးပြောင်းကာ ဒုက္ဒကို တွေ့ကြုံ၏။ ဆင်းရဲခြင်းနှင့် နဘမ်းလုံး၏။
( ၄ )
ရှမ်းကုန်မြေမြင့်ဒေသကား လွင်ပြင်မှာထက် စော၍ နေ၀င်သည်။ နေ၀င်သော်လည်း အမှောင်ထုသည် မင်းမမူ။ လသည် ငြိမ့်ငြိမ့်ကြီး ထွက်လာလေတော့သည်။
ငွေလရောင်သည် တောနှင့် တောင်ကို ပွေ့ဖက်ကာ မြူလိုက်လေသည်။ တဘက်တွင် မှိုင်းညို့သောသစ်တောနှင့် စောက်မတ်သော မြေထရံကြီး။ တဘက်တွင်း ရေတံခွန်တို့ဖြင့် ပြွမ်းကာ တသွင်သွင်စီးဆင်းနေသော ဒုဋ္ဌာဝတီမြစ်။
မြစ်ကမ်းရှိ သစ်ပင်တို့သည် ငွေသရဖူ-ငွေမကိုဋ်ကို ဆောင်းကာ သူတို့၏အလှကို ၀င့်ကြွားလိုက်သည်။ မြစ်ယံမှ ရေတံခွန်တို့သည် ငွေလရောင်ဦးဝယ် တလက်လက် ကွန့်မြူး၍ နေသည်။
လားရှိုးသို့တက်သော မီးရထားသည် မန်ဆန်ဘူတာရုံကို ကျော်လေပြီ။
ကိုဘဟိန်းသည် ငွေလရောင်၏ အလှတွင် ယစ်မူးကာ မေရှင်၏ ကျောင်းပိတ်ရက် သီချင်းကို တအေးအေး ညည်းလျက် ရှိလေသည်။
ရေတံခွန် သွယ်ဖြာစီးလို့ရယ်
တောင်ခြေ နှင်းမြူတွေဝိုင်းတယ်
အလျှိုလျှိုတောင်ညို တန်းလို့ကွယ်
ပျိုပျို လွမ်းပါလှတယ်…..
ရှမ်းပြည်သို့ လည်ပတ်စဉ်က ကိုဘဟိန်းနှင့် ကျွန်တော်တို့တွင် နောက်ခံနိုင်ငံရေး ရည်ရွယ်ချက် ရှိသေးသည်။ အကယ်၍ လမ်းပန်း သာမည်ဆိုလျှင် နယ်ခြားကို ဖြတ်သန်း၍ တရုတ်-ဗမာ လမ်းမကြီးတလျှောက် တရုတ်ပြည်တွင်းသို့ သွားရန်ဖြစ်၏။ တရုတ်ပြည်သို့ ရောက်မိလျှင် နိုင်ငံခြား အဆက်အသွယ် ရနိုင်မည်ဖြစ်၏။ သို့သော် အကြောင်း မသင့်သဖြင့် သိန္နီသို့ ရောက်သောအခါ ရှမ်းပြည်ပုဒ်မ (၁၀) ကြောင့် ဆက်မသွားနိုင်တော့ဘဲ ပြန်ခဲ့ရ၏။
လွယ်ယိုးသည် ငွေလရောင်နှင့် မှောင်ရိပ်ကြားဝယ် ငြိမ်ဝတ်စွာရှိသည်။ ယူနန်-ဗမာ လမ်းမကြီးသည် ငွေပြာ ဖဲပြားကို ဖြန့်ထားဘိသကဲ့သို့ မှတ်ထင်ရ၏။
တရုတ်ပြည်သို့ သွားကြသော မော်တော်ကားတန်းကြီးသည် လမ်းဘေးတွင် အိပ်စက်လျက်ရှိ၏။ မလှမ်းမကမ်းတွင်ကား ဒမ်းစတေရှင် ခေါ်သော လက်နက်စက်ရုံကြီးသည် ကုန်းမြင့် အစွန်းဝယ် ပေါ်နေ၏။ တဘက်တွင်ကား မှိုင်းညို့သော လားရှိုး လေယျာဉ်ပျံကွင်း ကြီးသည် ငွေလရောင်ဝယ် ၀မ်းလျားမှောက်၍ နေသည်။
တောတောင်ရေမြေသာမဟုတ် လေသည်လည်း ငွေရောင်ဖြင့် ပြွမ်းသည်။ ကိုဘဟိန်းနှင့် ကျွန်တော်သည် ယူနန်-ဗမာ လမ်းမကြီး ပေါ်တွင် လမ်းလျှောက်နေကြစဉ် သူက စတင်၍ `လသာတယ်ဗျာ၊ တယ်ပြီး ကြည်နူးစရာကောင်းတာပဲ။ ဒီငွေလရောင်က ကျွန်တော့ရဲ့ အတွင်းစိတ် တခုကို ထကြွရွင်လန်းအောင် လှုံဆော်ပေးတယ်။
ကျွန်တော်က သူသည် ရန်ကုန်တွင်ရှိသော မခင်ကြီးကို တမ်းတလွမ်းဆွတ်လိမ့်မည် ဟု အောက်မေ့လျက် ရှိသည်။
`ကဲ ဆိုစမ်းပါဦး´ဟု ကျွန်တော်က ၀င်ထောက်၏။
`အဲဒီတော့၊ ဒီလိုငွေလရောင် မြူးခိုက်မှာ စိတ်ဟာ ကြည်လင်ရွင်လန်းပြီး လီနင်ရေးတဲ့ နိုင်ငံတော်၊ အစိုးရနှင့် တော်လှန်ရေး အကြောင်းကို ဆွေးနွေးရအောင်….´
ကျွန်တော်ထင်သည်မှာ တက်တက်စင် လွဲလေပြီ။ လသာသဖြင့် သူယုံကြည်သော ကွန်မြူနစ်ဝါဒကို ပြောချင်သည်။ ကျွန်တော်လည်း စိတ်မပါလှဘဲ သူ၏ လီနင်ဝါဒများကို နားထောင်၍ နေရလေသည်။ ကိုဘဟိန်း၏ ရုပ်ဝါဒတရားသည် လှပတင့်ထူးသော ငွေလရောင်ဝယ် ပြန့်လွင့်ကာ ပဲ့တင်ထပ်လျက် ရှိလေသည်။
( ၅ )
ကျွန်တော်ကား နိုင်ငံရေးသမား မဟုတ်၊ ကွန်မြူနစ်လည်း မဟုတ်။ သို့သော် ကိုဘဟိန်းနှင့် ကျွန်တော့်ကို မေတ္တာကြိုး သွယ်ထား၏။ တခါက သူ၏ဓါတ်ပုံကို ကျွန်တော့်အား အထိမ်းအမှတ် လက်ဆောင်ပေးသောအခါ ဓါတ်ပုံ၏ နောက်ကျော၌ `ကိုယ်တို့နှစ်ဦးကို တွယ်တာချစ်ခင်ခြင်းသည် ဂဟေဆက်စေ သတည်း´ ဟု စာထိုးလိုက်၏။
တခုသွား၍ သတိရ၏။ ဂျပန်ခေတ်က နိုင်ငံခြားရေးဋ္ဌာနသည် အင်းလျားကန်စွန်းရှိ `အိမ်ဖြူ´ တွင် ရုံးလုပ်ထား၏။ ကိုဘဟိန်း သည် နိုင်ငံခြားရေး ဒုတိယ အတွင်းဝန်ဖြစ်နေ၏။ ကျွန်တော်သည် ရန်ကုန်သို့ ခေတ္တလာလည်စဉ် နေ့တိုင်း သူ၏ ရုံးခန်းတွင် အချိန်ဖြုန်း၏။ သူသည် အက်ဂါစနိုးရေးသော `တရုပ်ပြည်ပေါ်က ကြယ်နီ´ စာအုပ်ကို ဖတ်လျက်ရှိသည်။
ကျွန်တော်မှာ ရန်ကုန်သို့ ၂-ရက် ၃-ရက်ဆိုပြီး တောမှအလာ (၃)လခန့် ကြာပြီး သောင်တင်လျက်ရှိရာ လဲစရာ လုံချည်ပိုမရှိ။ ဘန်ကောက်လုံချည် အပြာတထည်ကိုသာ မချွတ်တန်း ၀တ်နေရ၏။ သို့ဖြစ်ရာ ကိုဘဟိန်း ၀တ်ထားသော မန္တလေးလုံချည် အစိမ်းနှင့် လဲရန် အတင်းပူဆာ၏။ ကျွန်တော်တို့သည် သူ၏ နိုင်ငံခြားရေးဋ္ဌာန အတွင်းဝန်ရုံးခန်း တံခါးကိုပိတ်ကာ ဘောင်းဘီတို ကလေးတွေနှင့် တယောက် လုံချည် တယောက်လဲကြ၏။ ပြီးလျှင် နှစ်ယောက်သား အူတက်မတတ် ရယ်မောလျက် ရှိကြလေသည်။ သည်အကြောင်းကို မခင်ကြီးအား ပြောပြသောအခါ `ရှင်တို့ဟာ ခလေးတွေလိုပဲနော်၊ အရှက်လဲ မရှိဘူး´ဟု ရယ်ကာကြိမ်း၏။
သူကား ကျွန်တော့်ကို အခွင့်သင့်တိုင်း နိုင်ငံရေးလောကသို့ သွေးဆောင်၏။ အင်္ဂလိပ် တော်လှန်ခါနီးက ဒို့ဗမာ အစည်းအရုံး ၀င်ရန် ဖျားယောင်း၏။ နောက် ကွန်မြူနစ်ဖြစ်သောအခါ သူ ဥက္ကဋ္ဌ လုပ်သော အလုပ်သမားသမဂ္ဂတွင် ပါဝင်ရန် တိုက်တွန်း၏။ သို့သော် ကျွန်တော်ကား နိုင်ငံရေးသမား မဖြစ်၊ စာပေလောကတွင်သာ မွေ့လျော်၏။
ကဗျာကိုတွေ့လျှင် လူတွေ ချစ်သလို ကိုဗဟိန်းကိုလည်း တွေ့လျှင် မချစ်ဘဲမနေနိုင်။ သူ၏ အပြုံးသည် အင်မတန် ချစ်ဘွယ် ကောင်းသည်။ အပြုံးမှာ ကဗျာလေးတပုဒ်နှင့် တူနေ၏။ အင်္ဂလိပ်စာ ပါမောက္ခ ရုတ်စ် ကပင် ကိုဘဟိန်းအား `နှစ်လိုဖွယ် ကောင်းသော သူငယ်ပဲ´ဟု ပြော၏။ ဒါကြောင့် သူ့ကို ကဗျာဟု ကျွန်တော်က ခေါ်၏။ ကျွန်တော့်အထင်ဖြင့် သူ့အမူအယာ၊ သူ့အပြုံးကလေးများသည် ကဗျာဆန်လှ၏။
ကိုဘဟိန်းကား ကျွန်တော့်ကို နိုင်ငံရေးသမား ဖြစ်စေချင်၏။ သို့သော် မဖြစ်။ ကျွန်တ်ေက ကိုဘဟိန်းကို စာရေးဆရာ ဖြစ်စေချင်၏။ သို့သော် မဖြစ်။ ကိုဘဟိန်း မကျမ်းမာ၍ မန္တလေးတွင် ဆေးကုလျက်ရှိစဉ် တနေ့သ၌ သုဓမ္မ၀တီ ပုံနှိပ်တိုက်တွင် သခင်ဘကိုးနှင့် သွားတွေ့၏။
`ဘယ့်နှယ့်လဲ ကိုဘဟိန်း ဘယ်လိုနေသေးသလဲ´ဟု ကျွန်တော်က မေး၏။
`ဒီလိုပဲ…ရောဂါက တန်းနေတာပဲဗျာ၊ မန္တလေး ဆေးရုံမှာ တက်နေတယ်။ ခင်ဗျားတောင် ကိုဘဟိန်းက မေးလိုက်တယ်´
နောက် ၁၀-ရက်ခန့်ကြာသောအခါ ကျွန်တော်လည်း နေမကောင်း၍ အိပ်ယာထဲတွင် မှိန်းနေစဉ်၊ တည၌ သမာဓိ သတင်းစာတိုက် မှ မိတ်ဆွေ အယ်ဒီတာတဦးက `ကိုဘဟိန်းတယောက် မန္တလေး ဆေးရုံမှာ ဆုံးပြီ´ ဟု လာရောက်ပြော၏။ ကျွန်တော်သည် အံ့အားသင့်ကာ ထိတ်လန့်တုန်လှုပ် သွားသည်။
ကိုဘဟိန်း၊ ကိုဘဟိန်း၊ ချစ်လှစွာသော သူငယ်ချင်း ကိုဘဟိန်းကား မရှိတော့ပြီ။ ။
ဒဂုန် တာရာ
ဇန်န၀ါရီလ၊ ၁ ၉ ၄ ၇
Posted by
ခြားနားသူ
at
1:09 AM
0
comments
Labels: စာမှတ်စု
Monday, August 18, 2008
ကျောင်းသားများထံသို့
[အောက်ပါတို့သည် ဗမာနိုင်ငံလုံးဆိုင်ကျောင်းသားများ၏ ပုသိန် ညီလာခံသဘင်ကို၊ ဖွင့် လှစ်စဉ်က သခင် ကိုယ်တော်မှိုင်း မိန့်ဆိုချက်များဖြစ်၍၊ မည်သည့် စာနယ်ဇင်းတွင်မျှ၊ ဤ မိန့်ခွန်းမပါဘူးသေးကြောင်း]
ဆရာဟာ အသက် ၁၃ နှစ်သားလောက်ကဘဲ ၀ံသာနုစိတ်ဓာတ် ၀င်စားလာခဲ့တယ်။ မန္တလေးမြို့-မြတောင်တိုက်တွင်၊ စာသင်စဉ် ၁၀ နှစ်သားလောက်က သီပေါဘုရင် အင်္ဂလိပ် ဘမ်းသွားတာကို မြင်ခဲ့ရသဖြင့်၊ အလွန်အကြူး ၀မ်းနည်းခဲ့တယ်။ ဗမာဘုရင်ကို ဘမ်းသွားပုံ ဟာ ကြက်ဘမ်း၊ ဘမ်းသကဲ့သို့ ဖြစ်သဖြင့်၊ မကျေမနပ် ဖြစ်ခဲ့တယ်။
ခလေးပင် ဖြစ်သော်လည်း တိရစ္ဆာန်လောက်မှ မလွတ်လပ်ပါကလားလို့- စဥ်းစားမိခဲ့တယ်။ ဒုလ္လဘတရားဖြစ်သော အလွန်တရာမှ ရခဲတဲ့ လူ့မနုဿဘ၀ကို ရနေသော်လည်း၊ နွား-ကျီးလောက်တောင် နေရာမကျဘူး။
တိရစ္ဆာန်ဘုံကိုကြည့်။ စာကလေးဟာ၊ လက်မလောက်ပဲ ငယ်သော်လဲ-လင်းဋဟာ-စာက လေးပေါ်တွင်၊ ဘုရင်မလုပ်နိုင်။
ခြေလေးချောင်း သတ္တ၀ါများကို ကြည့်ဦး။ နွားတို့ မည်သည် ထားရာနေတယ်။ စိတ် သဘော နူးညံ့အောက်ကျတယ်၊ ခြေလေးချောင်း ရှိတဲ့ နွားဟာ-သတ္တိမရှိပင် ဖြစ်လင့်ကစား ပါးစပ်ပြဲသောကျားသည်၊ နွားအုပ်ကြီးထဲကို မ၀င်ရဲဘူး။
ဒီတရားတွေဟာ၊ သဘာဝနိယာမ တရားအတိုင်းဘဲ။
ငရဲတို့ တိရစ္ဆာန်တို့-ကာမဘုံတို့ သုဂတိလားတယ်တို့ ဆိုတာတွေဟာ၊ ကံအားလျော်စွာ နေကြဘို့ ထိုင်ကြဘို့ဘဲ။ သဘာဝအတိုင်း ဖြစ်ကြတာဘဲ။ ငရဲသားဟာ ငရဲမှာဘဲ နေနိုင်တယ်။ ဗြဟ္မာ၂၀ကို မတက်နိုင်ဘူး။
အီတလီတို့-အင်္ဂလိပ်တို့ လိုက်ပီး ဓမြတိုက်နေကြတယ် ဆိုတာတွေဟာ၊ ရှေးတုံးက ဗမာ တွေ လုပ်ခဲ့သလိုဘဲ။
အခုအခါမှာ၊ ကျုပ်တို့တတွေဟာ၊ အင်္ဂလိပ်ချဲ့တဲ့ စနစ်ထဲ ရောက်နေကြတယ်။ ဘာနဲ့ တူသလဲဆိုတော့၊ လယ်သမား လက်အောက်ရောက်တဲ့ နွားနဲ့ တူနေကြတယ်။
အခုတော့-တို့တတွေ ကျွန်ဖြစ်နေတော့ အုပ်ချုပ်ရေး တောင်းကြတယ်။ လွတ်လပ်ရေး လိုချင်တယ် ပြောကြတယ်။
ဒါပေမဲ့၊ ရှေးတုံးက ကျုပ်တို့တတွေလဲ နိုင်ငံချဲ့ခဲ့တာပဲ။ အာသံတို့၊ မဏိပူရတို့၊ အက်ဂဘတ် တို့၊ ဆေးဂုတို့ဆိုတာတွေဟာ၊ ကျုပ်တို့ အင်ပိုင်ယာ အပါအ၀င်တွေဘဲ။
အဲတာဘဲ ကြည့်တော့။ မှန်ကင်းတလှဲ့ ထင်းတလှဲ့တွေဘဲ။ ၀မ်းနည်းဘွယ် ဘာမှ မရှိဘူး။
အင်္ဂလိပ်တွေလဲ ကျွန်ဘ၀က တက်လာတာဘဲ။ ရှေးတုံးက၊ ဒင်းတို့တတွေဟာ၊ ရောမ လူမျိုးတွေအောက် ပြားပြားဝပ်နေခဲ့ရတာဘဲ။
ရောမတိုင်းပြည်ကို၊ လူရိုင်းတွေ ၀င်တော့မှ၊ အင်္ဂလိပ်လူမျိုးတွေကို၊ ရောမလူမျိုးတွေက "မင်းတို့ဟာ၊ မင်းတို့လုပ်ကြတော့၊ ငါတို့တော့မတတ်နိုင်ဘူး" ဆိုပြီး၊ ပစ်ပြေးကြတာဘဲ။ အဲဒီတော့မှ အင်္ဂလိပ်တွေ လွတ်လပ်ရေးကို၊ အချောင်ရကြတာဘဲ။ သတ္တိကြောင့် မဟုတ်ဘူး။
လူရယ်လို့ ဖြစ်လာရင် လွတ်လပ်ခြင်း မရတာဟာ၊ ဒုက္ခအကြီးဆုံးဘဲ။
လောကီဘက်လုပ်ရင်၊ လောကုတ္တရာနဲ့ ဆန့်ကျင်ဘက်ပါကလားဆိုတာ ရိပ်မိတယ်။
ဦးပုညရေးတဲ့ စာတခုရှိတယ်။ ၀ိဇယဇာတ်ထဲမှာလား သေသေချာချာတော့ မမှတ်မိဘူး။
အဲဒီအထဲမှာ- ၀ိဇယမင်းသားကို ပင်လယ်မျှောတဲ့အခမ်းမှာ ထင်တယ်။ "ဘုရားအကြိုက်၊ တရားလိုက်လျင်လဲ လူ၌ အရေးညံ့တတ်သည်" လို့ ဆိုတယ်။
လောကုတ္တရာတရား လိုက်အား ကြီးတော့လဲ လောကီမှာ ဓမ္မနောက်ပိတ်ခွေး ဖြစ်တတ် တယ်။ လောကုတ္တရားက ဘယ်လိုဆိုသလဲ ဆိုတော့ သည်းခံရင် မြတ်တယ်တဲ့။ ခေါင်းခြေထောက်နဲ့ ကန်ရင်လဲ ခံရမယ်တဲ့။ ဒါမှ နိဗ္ဗာန်ရမယ်တဲ့။
ခေတ်သမယ အားလျော်စွာဆိုရင်၊ ကျုပ်တို့တတွေဟာ လောင်းရိပ်မိနေကြတယ်။ တခြားမကြည့်နဲ့ တက္ကသိုလ်ဟာ တကဲ့ပညာတွေ သင်ကြားပေးဘို့ ဆိုပေတယ်လို့၊ တက္ကသိုလ် က ပညာတတ်တွေဟာ၊ လူရာမ၀င်နိုင်ပါဘူး။ ခိုင်းစားဘို့ သင်ပေးတာဘဲ။ အင်္ဂလိပ်က ခိုင်းစားဘို့ဘဲ။
အလွန်ဆုံးဖြစ်၊ ငါးထောင်စားဘဲ။
ငါးထောင်စားခေါင်းဆောင် ဘာကောင်တွေက၊ အင်မတန် ကြီးကျယ်ကြတယ်။ ဘာနဲ့တူ သလဲ ဆိုတော့ လယ်သမားတွေနဲ့ အင်မတန်တူတယ်။
လယ်ရှင်တွေက-လယ်သမားကို "မင်းငါ့လယ်ထွန်-စပါး ၂၀ ပေးမယ်" ဆိုတာလိုဘဲ။ ဒီကောင်တွေ-ခိုင်းတာ လုပ်နေကြရတာဘဲ။
ခွေးမသားခေါင်းဆောင်တွေ ယောင်တောင်-ပေါင်တောင်နဲ့။ အားပြိုင်ကြ-ဆဲကြတယ်။ ကျုပ်တို့ နားလယ်တာတော့ စားကျက်လုနေတာ တွေ့ရတာဘဲ။
ပြောတော့ ဥပဒေပြုအမတ်တဲ့၊ ၅၀၀၀ိ စား အကောင်တွေ ဘာမှ မလုပ်နိုင်ဘူး။
သူတို့တတွေ- အရက်တွေမူးပြီး ဆဲတာတွေတော့ ပုလိပ်ကမဖမ်းဘူး။ တချို့ အကောင်တွေ လဲ-ညီလာခံသဘင်ဆိုတဲ့ ဥပဒေပြုလွှတ်တော်အစည်းအဝေး အပျော် လာကြတာဘဲ။
တချို့ကောင်တွေ- ပုလင်းပိုက်ပြီး ငိုက်နေကြတာဘဲ။ "၀ုံးဝုံး" ဆိုပြီး လက်ခုတ်တီးမှ နိုးကြတာဘဲ။
ဟိုတုံးက အခု ငါးပွင့်ဆိုင်ခေါင်းဆောင်ဆိုတဲ့၊ ဘဖေတို့၊ အခုသစ်တောရေးဝန်ကြီးချုပ် ဖြစ်နေတဲ့-မောင်ပုတို့၊ ထွန်းရှိန် တို့ပေါ့။ အင်္ဂလန်ပြည်သွားပြီး ဟုမ္မရူးတောင်းကြတယ်။
ကျုပ်ကတော့- ဒီဟာမျိုးတွေဟာ တောင်းတိုင်းပေးတာမျိုး မဟုတ်ဘူးလို့ စဉ်းစားမိတယ်။ ကျုပ်တို့လဲ ကြည့်ပါလား-အာသံတို့ မဏိပူရတို့ ဆိုတဲ့ နယ်တွေကို သာသာကြည်ကြည် ပြန်ပေးခဲ့တာမှ မဟုတ်ဘဲ။
အင်္ဂလန်ပြည်ဆိုတာလဲ- ဘာမှ ရှိတာမဟုတ်ဘူး။ ဆားတို့ မီးသွေးတို့လောက်သာ ရှိတာ။ ခွေးမသားတွေ အူခြောက်နေတာ။ သူတို့တတွေ-မိုင်ပေါင်း ခုနှစ်ထောင်ကျော်ကလာတာ ငတ်လို့ပေါ့။
ဟိုတုံးက-ယိုဒယားတို့ ဘာတို့ဆိုတာ သွားတိုက်ခဲ့ရတာဘဲ။ အခုလဲ အင်္ဂလိပ်က မတားရင်၊ ယိုးဒယားလောက်တော့ တို့ခြေအောက် ရောက်သေးရဲ့ ရသေးရဲ့ ထင်တယ်။
အဲဒီ တိုက်စဉ်တုံးကတော့-အခုလိုမဟုတ်ဘူး။ ရှင်ဘုရင်ကို မိပီဆိုရင် " နန်းကိုစိုးချင်သေး လား။ စိုးချင်ရင် သစ္စာပြု၊ သစ္စာရေသောက်၊ သမီးကညာဆက်၊ ရွှေပန်း-ငွေပန်းဆက်၊ အဆောင်တွေ-ဘာတွေဖြုတ်ချ။ တို့ဗမာမင်းက-ထီး ၈ စင်း ဆောင်းတယ်၊ မင်းတို့ လေးစင်းသာ ဆောင်း" ဒါလောက်လုပ်တာဘဲ။
အင်းဝကို ယိုးဒယားက ဆက်သရတယ်ဆိုတာလဲ ဆင် ၃-၄ ကောင်လောက်ပဲ။
ရွှေဆိုလဲ ၁ ပိဿာ ၂ ပိဿာလောက် ဆက်ရတာဘဲ။
သ္မီးကညာ ဆက်တယ်ဆိုတာကတော့ ကျုပ်တို့ ဗမာဘုရင်တွေ ဂွကျတာဘဲ။ မိန်းမတွေ သိတ်များတာဘဲ။ သူ့ခေတ်နဲ့သူမို့ ယူရတာဘဲ။
စစ်တိုက်ရတာ သိတ်မလွယ်ဘူး။ ပင်လယ်ခရီးက လှေနဲ့ သွားရတယ်ဆိုရင်လဲ၊ လေထဲ လှိုင်းထဲ လှေပါသွားတာမျိုးဘဲ။
တခါတလေ-ယိုးဒယားက သူပုန်ထတယ်ဆိုရင် အင်းဝက ၃လ လောက်ကြာမှ ကြားရတာ ဘဲ။
အဲဒီတော့လဲ သူတို့ရဲ သ္မီးကညာဟာ ဗမာဘုရင်ရဲ့ မိဖုယားဖြစ်နေရင်၊ တော်ရုံတန်ရုံနဲ့ သူပုန်မထ၀ံ့ဘူးပေါ့။ သ္မီးမျက်နှာ ထောက်ထားနေရသေးတာကိုး။ အဆုံးကျတော့ သ္မီးကညာ ဆိုတာ ဒဇာခံပေါ့လေ။
ကျုပ်တို့ တောစွန် တောင်ကြားက အသက် ၂၀-၂၂ နှစ်လောက် ရန်ကုန်ရောက်လာတယ်။ ဂျီ-စီ-ဘီ-အေ အသင်းတွေကလဲ ပေါ်လာတော့ တအားတက်မိတယ်။
အသင်းအစည်းအဝေးတွေတော့ သွားမတက်ပါဘူး၊ စိတ်ကိုကလဲ တယ်ဟန်မယ် မထင်ပါဘူး။
ခေါင်းဆောင်မဲ့ အကောင်တွေ ကြည့်ရတာလဲ၊ တယ်အားရစရာ မကောင်းပါဘူး။ ယောက်ျားမပီသတဲ့ ကောင်တွေသာ များတာဘဲ။ မျက်နှာသနပ်ခါးတွေနဲ့။ ဗိုလ်ကတော်စိတ် ပေါက်နေတဲ့ ကောင်တွေဘဲ။ ဘာ-ညာဆိုတဲ့အကောင်တွေက သိတ်များနေတော့၊ ကျုပ်တို့လဲ ရှော့နေကြတာဘဲ။
နောက်ဆုံးရေးတဲ့ ခွေးဂဏ္ဌိဆိုတဲ့ ကျမ်းဟာ- အခုလက်ရှိ ခေါင်းဆောင်တွေဟာ-ဘုန်းကြီးကျောင်းက ခွေးတွေနဲ့ တူတဲ့အကြောင်းဘဲ။
အဲဒီလိုနဲ့နေရင်း သခင်ကလေးတွေ ပေါ်လာတယ်။ အလကား တွေ့ကရာ ရှောက်ဆဲနေတဲ့ ကောင်ကလေးတွေဘဲလို့ အမှတ်ထားတယ်။
ဒါနဲ့ ဗစိန်တို့၊ ဘလူတို့ ထောင်တဖုတ်ဖုတ်ကျနေတာ တွေ့ရတော့ အင်း အသင့်အတင့် တော့ ဟန်လာပြီ။ စိတ်ဓါတ်တွေ ပြောင်းနေတယ်ဆိုတာ စဉ်းစားမိတဲ့...
လွန်ခဲ့တဲ့ ခွေးမသား ခေါင်းဆောင်တွေ၊ လွတ်လပ်အောင် လုပ်တဲ့နည်းလမ်း မတွေ့လို့ဘဲ။ ဘာမဆို ကြိုးစားရင် ရမှာဘဲ။ ဘုရားဆုတောင် တောင်းရင်ရတာဘဲ။ ဇွဲကြီးကြီးနဲ့သာ လုပ်ဘို့ လိုတာဘဲ။
ကာလဒေသ ပယောဂကို ကြည့်ပြန်တော့၊ လူကောင်းသူကောင်းခေတ် ရောက်ပြီဆိုတာ သိတယ်။
ဒါကြောင့်မို့လို့လဲ သခင်နာမယ်ယူပြီး၊ ရေနံချောင်းကွန်ဖရင့် လိုက်ပီး ကူခဲ့တာဘဲ။
လူငယ်တွေနဲ့ ပေါင်းပြီး မသေခင်-တပွဲတလမ်း စမ်းချင်တာပါဘဲ။
နောက်က-လူကြီးတွေ လုပ်ကြတာက၊ ကိုယ့်ခေါင်းဆောင် မကောင်းမှန်းသိရက်နဲ့၊ တချို့က ကြည်ညိုနေကြတုံးဘဲ။ တည်မိတဲ့ ဘုရားတော့ ဠင်းတဘဲနားနားဆိုပီး၊ သဘောထားကြတယ် ထင်တယ်။
တခြားမကြည့်နဲ့လေ။ စားကျက်မရခင်-နိုင်ငံရေးလုပ်ကြတာဘဲ၊ အမ်အေ ဦးသိန်းမောင်တို့ များဆိုရင် အဲဒီ [ဆွဲချ] ဆိုတဲ့ ရာထူးရနေတဲ့ ဦးသိန်းမောင်ပေါ့။ ၁၀၀၀ိ-စား ကစတယ်ဆိုရင်ဘဲ ပုသိန်သားတွေ ရင်ဘတ်ကို ခြေကန်ထွက်တာဘဲ။ နိုင်ငံရေးဟာ ကုသိုလ်တပဲ-ငရဲတပိဿာ ဆိုပြီး၊ အခုတော့ ငရဲတပိဿာဘဲ လုပ်နေတာဘဲ။
ဝေဿန္တရာဇာတ်မှာ ကြည့်ပါလား။ တောထွက်တဲ့ ပါရမီ မထဲ့ခဲ့ဘူး။ ဘာကြောင့်လဲ။ သဒ္ဓါကြောင့် မဟုတ်ဘူး။ တိုင်းပြည်က ဝေဿန္တရာကို ဆင်ဖြူတော် လှူပစ်ရမလားဆိုပြီး အလိုမရှိတာနဲ့ ထွက်ရတာဘဲ။ ဟိုတုံးကလဲ ဒီမိုကရေစီခေတ်နဲ့ဘဲတူတယ်။ နိုင်ငံကို ဖြုန်းတီး အောင် လုပ်တဲ့ ရှင်ဘုရင်၊ အသုံးကြီးတဲ့ ရှင်ဘုရင်ဆိုပြီး နှင်ထုတ်ပြစ်တာဘဲ။
ကျောင်းသားတွေဟာ အမှန်အားဖြင့်၊ နိုင်ငံရေးနဲ့ မသက်ဆိုင်သော်လဲ၊ သူတို့ကို ကြည့်ပီး ကျုပ်က သိတ်အားရတာဘဲ။ ဘာပြုလို့လဲ။ သူတို့တတွေက တိုင်းပြည်ဘက်က ပါနေတာကိုး။ အစိုးရကဆိုလဲ သူတို့ကို လူဆိုးစာရင်းထဲ သွင်းထားတာဘဲ။
ကျုပ်တို့ နယ်လှဲ့တရားဟောရင်းနဲ့ ရှေးအဖိုးကြီးတယောက်နဲ့ တွေ့တယ်။ သူက 'ဘဲ့နယ် ယောဂီဆရာမှိုင်း ဆရာမှိုင်းနဲ့ ဆိုပီး၊ မိုးညှင်းယောဂီနဲ့လဲ မတူပါလားလို့ မေးတယ်'
ဘယ်တူမလဲ၊ ကျုပ်တို့က သခင်ဖြစ်ချင်တဲ့ ယောဂီဘဲ။ ကျုပ်တို့တတွေ နိဗ္ဗာန်ရောက် အောင် ကြိုးစားနေကြတာဘဲ။ မိုးညှင်းဆရာတော်ကြီးကို ပင့်ဖိတ်ပြီး တရားဟောတာလဲ နိဗ္ဗာန် လိုချင်လို့ဘဲ။ တပြည်လုံး နိဗ္ဗာန်ရောက်ချင်လို့ဘဲ။ တပြည်လုံး နိဗ္ဗာန်ရောက်ကြရင်လဲ ကောင်း သားဘဲ။ မိုးညှင်းဆရာတော်ကြီးကတော့၊ တပြည်လုံးက လူတွေ သည်းခံတတ်တဲ့ တရားရှိ အောင်၊ ဆင်းရဲတဲ့ဘ၀နဲ့ တင်းတိမ်နေနိုင်အောင်၊ ကြေနပ်နေအောင် ဟောတာနဲ့တူတယ်။ နိဗ္ဗာန်ကို ကျုပ်တို့ကတော့ မရောက်နိုင်သေးတာနဲ့ မသွားချင်သေးဘူးလို့ ပြန်ပြောခဲ့တယ်။
ကျောင်းသားတွေက ကျုပ်ကို မဖိတ်ပေမဲ့-လာချင်နေတာ-ကြာလှပြီ။ ကျောင်းသားတွေက အလံတောင်ပေါ်ကနေပီး ဖိတ်ရင်တာင် လာမှာဘဲ။
အမှန်မှာဆိုတော့ အလုပ်လုပ်တယ်ဆိုတာ သမ္ပတ္တိခေတ်၊ ၀ိပ္ပတ္တိခေတ် ကြည့်လုပ်ကြ ဆိုဘဲ။
ခွေးမသားတွေ မကောင်းလို့ ကျုပ်တို့တတွေ ယောင်ချာချာနေရတယ်။ အဲဒီ ရှေးခေါင်း ဆောင်တွေ၊ ဘိလပ်ပြန်တွေ ခွေးမသားတွေ အကြောင်းပြောတော့ ပုဂံ-ငသယောက်က အကောင်တွေ စဉ်းစားမိတယ်။
ဒီကောင်တွေက အလကားကောင်တွေ၊ လက်ကြောတင်းအောင် မလုပ်ချင်။
အမှန်ကတော့ မြို့မှာနေတာ လူညာတွေဘဲ။ ဘော်ကြော့နေချင်ကြတာဘဲ။
ဒါနဲ့ ခုနင်ကပြောတဲ့ ပုဂံငသယောက်က၊ လူပျင်းတွေ-ရွှေမြို့တော် အင်းဝတက်ပြီး၊ အလုပ်ရှာကြတာကိုး။ ထီးတော်မိုးလိုလို၊ အိပ်ဖန်စောင့်လိုလို။ အိပ်ဖန်တော်စောင့် ဆိုတာ ဒရ၀မ်ဘဲ။
ဒီကောင်တွေ ဘာလုပ်သလဲ သိလား။ လှေခါးရင်းကစောင့်-ခွေးလိုစင်းပြီး တငိုက်ငိုက်နဲ့ စောင့်ကြတာပေါ့။
ဒါနဲ့ တနေ့ကြတော့ ရွာပြန်ကြမှာကိုး။ သူတို့က လှေသမားတွေကို ပြောလိုက်တယ်။ [ငသယောက်။ တူရွင်းတိုင်သားတို့-ငါတို့ တန်ခူးလဆန်း ၆ရက်နေ့ ပြန်မယ်] လို့မှာလိုက်သတဲ့။
ရွာရောက်တော့ ရွာသားတွေက ဝေါနဲ့ ယဉ်နဲ့ ဆီးကြိုကြသတဲ့။
တောကလူတွေက ရှင်ဘုရင်အကြောင်း သိချင်လို့ မေးကြသတဲ့။ "တို့တော့ သူငယ်ချင်း-ရုပ်သေးထဲက ရှင်ဘုရင်သာမြင်ဘူးတယ်။ အရုပ်ထဲကလို ချွန်သလား" မေးတယ်။
"ဟာ သိပ်ချွန်တာဘဲလို့ ဖြေလိုက်သတဲ့"
"ရှင်ဘုရင့်အသက် တို့လက်ထဲမှာ" လို့ပြောသတဲ့။
ရှင်ဘုရင့်နား အိပ်ရတာ-ဂျပိုးသိတ်ကိုက်တာဘဲတဲ့ ပြောကြသေးတယ်။
ရှင်ဘုရင်ဆိုလို့ တခါမှ မြင်ဘူးတာ မဟုတ်ဘူး။ ခွေးမသားတွေ ဒီလီကိတ်တွေလဲ ဒီအတိုင်းဘဲ။ ဘိလပ်နန်းတော်ရင်းက ပြန်လာကြတဲ့ အကောင်တွေဘဲ။
အခုကာလ ကျောင်းသားတွေရဲ ပါးစပ်ဟာ အင်မတန်စူးတယ်။ ဟိုတခါ သတင်းစာထဲ ဖတ်လိုက်ရတယ်။ ဗမာပြည်က ခေါင်းဆောင်တွေဟာ ကိုယ့်ကိုယ်ကို သတ်သေသင့်တယ်လို့ စကားပြောပြိုင်ပွဲတခု ဆုံးဖြတ်လိုက်တယ်။
အဲဒီလို ဖြစ်ပီးလို့မှ မကြာခင် ထိပ်တင်ဝဟာ ကိုယ့်ကိုယ်ကို သတ်သေတယ် ကြားရတာဘဲ။ ထိပ်တင်ဝဟာ ငါးပွင့်ဆိုင်ရဲ့ ဘုရားပေါ့။ တိုင်းပြည်က သာကီဝင် တောင့်တတော့ ထိပ်တင်ဝ ဘမ်းပြပြီး ဒီကောင်တွေ အလုပ်လုပ်ကြတာဘဲ။ ဘုရားလဲပီး ငြမ်းလဲကန်ချ ဆိုတာလို ထိပ်တင်ဝလဲ နိုင်ငံရေးစွန့်ပြီး လယ်သွားထွန်နေတာဘဲ။ မကြာခင် ကိုယ့်ဟာကို သေနပ်နဲ့ ပစ်သတ် သေတာဘဲ။ အဲဒါဟာ ဘမ်းပြ လမ်းပြဘဲ။
အဲဒီတော့ ကျောင်းသားတွေဟာ ဘယ်လောက် တံခိုးရှိတယ် ဆိုတာဘဲ ကြည့်တော့။ ယခု ကျောင်းသားတွေဟာလဲ စုရုံးမိကြပီ၊ တိုင်းပြည်ရဲ့ အကျိုးရှိမဲ့ အလုပ်တွေသာ လုပ်ကြပေတော့။ ကျုပ်တို့တော့ ဒီညီလာခံသဘင် အောင်ဘို့ ဆုတောင်းတာဘဲ။
[ဤမိန့်ခွန်းကို သခင်ကိုယ်တော်မှိုင်းကိုယ်တိုင် ပြန်လည်ဘတ်ရှု ပြင်ဆင်ပြီးမှ ပုံနှိပ်ပါသည်။]
ပြီးပြီ။
အရေးတော်ပုံ အောင်ပါစေ။
[ဖိုးသံ(လူထု) အီးမေလ်နဲ့ လက်ဆင့်ကမ်းမျှဝေတဲ့ နဂါးနီတိုက်ထုတ် 'ဗမာ့အရေး' စာအုပ်၊ ပထမတွဲ၊ က ကူးယူဖော်ပြပါတယ်။ မူရင်းရသာ မပျက်အောင် စာလုံးပေါင်း ကအစ မူရင်းအတိုင်း ကူးယူဖော်ပြပါတယ်။]
Posted by
ခြားနားသူ
at
12:13 AM
0
comments
Labels: စာမှတ်စု