နအဖ မိစ္ဆာတပ်တွေ ဘုရားကိုခေါင်းဖြတ်သတ်ကြသည်

နအဖ မိစ္ဆာတပ်တွေ ဘုရားကိုခေါင်းဖြတ်သတ်ကြသည်

Tuesday, June 3, 2008

ခြားနားသူ ပြန်လာပြီ

entry-content'>


ခြားနားသူ ဘလော့ခ်လောကနဲ့ ကင်ဝေးခဲ့တယ် အတော်ကြာခဲ့ပြီ။ ခြားနားသူနောက်ဆုံးတင်ဖြစ်လိုက်တဲ့ ပို့စ်ရဲ့နေ့စွဲကို ပြန်ကြည့်လိုက် တော့ ၁၇၊ အောက်တိုဘာ၊ ၂၀၀၇။ အခု ၂၀၀၈ - မေ။
ခြားနားသူရဲ့စီဘောက်မှာ ၂၈ မတ်လ၊ ၂၀၀၈ ရက်နေ့က နောက်ဆုံးရေးသွားခဲ့တဲ့ “မေ” အပါအ၀င် ခြားနားသူကို အစဉ်တစိုက်အားပေး ဖတ်ရှု့နေခဲ့ကြသူတွေကို အင်မတန်မှပဲ ကျေးဇူးလည်းတင်၊ အားလည်းနာ ရပါတယ်။
ဒီကာလတွေမှာ ခြားနားသူ ဘယ်ရောက်နေသလဲ။ ဆရာမြသန်းတင့် ဘာသာပြန်တဲ့ “လေရူးသုန်သုန်” ၀ထ္ထုထဲက အဓိကဇာတ်ကောင်ဖြစ်တဲ့ “စကားလက်” ရဲ့စကားနဲ့ပြောရရင် “မြိုင်သာယာ”ကို ရောက်နေတယ်လို့ ပြောလို့ရမယ်ထင်ပါတယ်။ “စကားလက်” က သူရဲ့ဇာတိမြေဖြစ်တဲ့ “မြိုင်သာယာ” တောကျေးလတ်ကိုရောက်ရင် အင်အားတွေ ပြည့်ရတယ်လို့ဆိုပါတယ်။ အဲဒီလိုပါပဲ ခြားနားသူလည်း အင်အားတွေပြည့်ဝစေတဲ့ ရွှေပြောင်းတောင်ယာ၊ လှေကားထစ် စပါးခင်း၊ ရင့်မာတောင်တန်းနဲ့ တောအစိမ်းလတ်လတ်တွေဆီကို ရောက်ခဲ့ပါတယ်။ AK မောင်းပြန်၊ ဒေါင်းအလံတွေလေဟုန်စီး ဖားစည်မြည်သံဟည်းတဲ့ဆီကို ရောက်ခဲ့တယ်။ ခြားနားသူရဲ့ နိုင်ငံရေးဇာတိဟာ “တော” ပါ။ “ပြောက်ကြားဒေသ” ပါ။ “လွယ်ဖီတောင်တန်း” အခုထိ လွမ်းတုန်း။

- ဘာလုပ်နေလည်း ……. လေ့ကျင့်နေတယ်
- ဘာလုပ်ဖို့လည်း …….. တိုက်ပွဲဝင်ဖို့
- ဘယ်သူ့အတွက်လည်း …….. ပြည်သူ့အတွက်ပဲ
- ဘာစိတ်ဓာတ်လည်း …….. ခွပ်ဒေါင်းစိတ်ဓာတ်၊ ခွပ်ဒေါင်းစိတ်ဓာတ်၊ ခွပ်ဒေါင်းစိတ်ဓာတ်

ခြားနားသူနဲ့အတူ ပြတ်သားတဲ့ တိုက်ပွဲလမ်းကြောင်းကို လိုက်ပါလာခဲ့ကြတဲ့ ရွှေဝါရောင်မျိုးဆက် ကျောင်းသားတပ်မတော်သား ညီနောင်အားသစ်တွေရဲ့ ကြွေးကြော်သံတွေပါ။ (တနည်း) ကျောင်းသားတပ်မတော် အခြေခံစစ်ပညာသင်တန်း ၃/၂၀၀၈ ရဲ့ တိုက်ပွဲဝင် အားယူသံတွေပါ။
တဖွဲဖွဲရောက်လာတဲ့ ရွှေဝါရောင်ဒီလှိုင်းရဲ့ ညီနောင်အားသစ်များကို ကြိုဆိုရင်း ဆောင်းနဲ့ နွေကို ဖြတ်သန်းနေခဲ့ပါတယ်။ ဆောင်းရဲ့မနက် နှင်းတလှိုက်လှိုက်ကြား ရန်သူစစ်အုပ်စုကို အနိုင်တိုက်နိုင်ဖို့ အခြေခံစစ်ပညာတွေကို သင်ကြားခဲ့ကြ၊ နွေရဲ့အပူ တလှပ်လှပ်ကြား ကိုယ်စီတာဝန်၊ တပ်စိတ်တိုက်ပွဲ၊ တပ်စုတိုက်ပွဲတွေကို ချွေးတဒီးဒီးကျတဲ့အထိ လေ့ကျင့်ခဲ့ကြတယ်။
- လေ့ကျင့်ရေးမှာ ချွေးထွက်များမှ စစ်မြေပြင်မှာ သွေးထွက်နည်းမယ်
\
ခွပ်ဒေါင်းစိတ်ဓာတ်၊ ကျောင်းသားလှုပ်ရှားမှု သွယ်တန်းချိတ်ဆက် တို့မျိုးဆက်တွေ ရွေးချယ်လေပြီ ရဲရင့်မြေဆီ…
တရားတခုရှိပါတယ်။
နိုင်ငံရေးရေချိန်မြင့်လာရင် သူပုန်အင်အားတက်ပါတယ်။


ဒီကာလတွေထဲမှာ ခြားနားသူ သတင်းတွေကိုတော့ နားစွင့်နေခဲ့ပါတယ်။ ဒီကာလရဲ့ တိုင်းပြည်ကံကြမ္မာနဲ့ဆိုင်တဲ့ အကြီးမားဆုံး ဖြစ်ရပ် ၂ ခုဖြစ်ခဲ့ပါတယ်။ စစ်အုပ်စုရဲ့ အခြေခံဥပဒေလူထုဆန္ဒခံယူပွဲကို ဆန့်ကျင်တဲ့ Vote No လှုပ်ရှားမှု၊ နာဂစ်မုန်တိုင်း။ ဒီကိစ္စ ၂ ခုလုံးမှာ ခြားနားသူရဲ့ Blogger ညီနောင်တွေ အင်တိုက်အားတိုက် ပါဝင်ခဲ့တာကို တွေ့ရပါတယ်။ ခြားနားသူ ညီအကိုတော်မောင်နှမများအတွက် များစွာ အားရကျေနပ် ဖြစ်ခဲ့ရပါတယ်။ ဒါဟာ စစ်အုပ်စုရဲ့ မတရားမှုတွေကို ဖွင့်ချတိုက်ပွဲဝင်ကြခြင်းဖြစ်တယ်။ ဒါဟာ ကိစ္စကောင်းဖြစ်ပါတယ်။ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်ရှိတဲ့ Blogger တိုင်း ဒီတိုက်ပွဲမှာ အားကောင်းမောင်းသန် ၀င်ရောက်ဆင်နွှဲခဲ့ကြတာ အားရစရာပါ။
ခြားနားသူလေ့လာမိတာ စစ်အုပ်စုရဲ့ အခြေခံဥပဒေအတည်ပြုရေး လူထုဆန္ဒခံယူပွဲကို ရက်သတ်မှတ်ကြေညာ လိုက်စအချိန်က ခြားနားသူတို့အင်အားစုများအကြား သဘောထားမတည်ငြိမ်ခဲ့ပါဘူး။ မဲရုံကိုမသွားနဲ့၊ လူထုဆန္ဒ ခံယူပွဲကို ဆန့်ကျင်ကြ၊ အသံတိတ်ဆန္ဒပြနည်းဖြစ်တဲ့ ကန့်ကွက်မဲထည့် ဆိုတာတွေဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ကန့်ကွက်မဲထည့် Vote No ဆိုတဲ့ လမ်းကြောင်းကို တညီတည်း ထွက်နိုင်ခဲ့ကြပါတယ်။ ဒီလို တခုတည်းသော နိုင်ငံရေးလှုပ်ရှားမှုလမ်းကြောင်းပေါ်လာတာကို ခြားနားသူ နှစ်ထောင်းအားရဖြစ်မိပါတယ်။ ခြားနားသူရဲ့ ညီအကိုမောင်နှမ Blogger များကလည်း Vote No လမ်းကြောင်းအတိုင်း တညီတညွတ်တည်း ပါဝင်တိုက်ပွဲဝင်ခဲ့ ကြပါတယ်။
ရန်သူစစ်အုပ်စုဟာ နာဂစ်ဒဏ်ကြောင့် ပြည်သူလူထုတွေ သန်းနဲ့ချီသေဆုံးခဲ့ရတဲ့ ပရိဒေ၀မီးကို လစ်လျူရှု့ပြီး သူ့အာဏာတည်မြဲရေးအတွက်ဖြစ်တဲ့ လူထုဆန္ဒခံယူပွဲကို ဇွတ်တိုးဆောင်ရွက်ခြင်းဖြင့် ပြည်သူလူထုကို အမိုက်ရိုင်းဆုံးစော်ကားခဲ့ပါတယ်။ လူထုဆန္ဒခံယူပွဲမှာလည်း နည်းလမ်းပေါင်းစုံသော ကောက်ကျစ်မှုများနဲ့ သူ့အခြေခံဥပဒေအတည်ဖြစ်ရေးကို ဆောင်ရွက်ခဲ့ပါတယ်။ အခု စစ်တပ်တမတ်သား အခြေခံဥပဒေ အတည်ဖြစ်ပြီ ဖြစ်ကြောင်း အရှက်မရှိကျေညာခဲ့ပါပြီ။
စစ်အုပ်စုရဲ့သဘောထားကတော့ ရှင်းလင်းပါပြီ။ ခြားနားသူတို့အတွက် ရွေးချယ်စရာနည်းနာလည်း အကန့်အသတ်နဲ့သာ ကျန်တော့တယ်လို့မြင်ပါတယ်။ တွေ့ဆုံဆွေးနွေးအဖြေရှာရေးလမ်းကြောင်းဟာ ဆက်လက် ရှိနိုင်သေးသော်လည်း အတော်ကလေးမှေးမှိန်လာတယ်လို့မြင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က “အကောင်းဆုံးကိုမျှော်လင့်၊ အဆိုးဆုံးအတွက်ပြင်ဆင်” ဆိုတာမျိုးတွေကို မပြောစဖူး ထွက်ပြောလာရပါတယ်။ နိုင်ငံတကာရဲ့ မြန်မာအရေးအပေါ် စိတ်ဝင်စားမှုကလည်း စက်တင်ဘာ - ဂန်ဘာရီ ခရီးစဉ်ကနေ ….. နာဂစ် - ဘန်ကီမွန်းခရီးစဉ်အထိကို လေ့လာကြည့်ရင် ရှင်းလင်းပါတယ်။ ထိရောက်အောင်မြင်တဲ့ခရီးစဉ်မဟုတ်ကြောင်း ခြားနားသူမပြောလည်း ညီအကိုမောင်နှမတွေကြားအတည်ပြုပြီးသားပါ။ နိုင်ငံတကာအစိုးရတွေရဲ့ သဘောထားကလည်း ထိုနည်းနှင်နှင်ပါ ထိပြီး ရောက်တဲ့ သဘောထားလို့ ခြားနားသူမမြင်ပါဘူး။
ဗမာပြည်အဖိနှိပ်ခံ ပြည်သူလူထုအတွက် ဒီမိုကရေစီနိုင်ငံရေးစနစ် ထူထောင်ရေးကို မဖြစ်မနေလုပ်ရမယ်ဆိုတာ ဒီကနေ့ခေတ်ရဲ့ သမိုင်းဆိုင်ရာမုချအမှန်တရားပါ။ ဒီလို တရားမျှတတဲ့နိုင်ငံရေးစနစ်ကို ထူထောင်တဲ့နေရာမှာ စစ်အုပ်စုရှိနေရင် ဘယ်လိုမှ ထူထောင်လို့မရပါဘူး။ စစ်အုပ်စုကို ဖယ်ရှားမယ်ဆိုရင်လည်း အရပ်ရပ်အခြေအနေများအရ “ဥစ္စာရင်လို ဥစ္စာရင်ခဲ” ဆိုတဲ့ စိတ်ဓာတ်အခြေခံကို ကိုင်စွဲနိုင်မှ ဖြစ်လိမ့်မယ်လို့ ခြားနားသူ ရိုးသားစွာယုံကြည်မိပါတယ်။ စစ်အုပ်စုကို ဖယ်ရှားနိုင်ရေးအတွက် ဆောင်ရွက်ကြမယ်ဆိုရင်လည်း တကွဲတပြားဆီဖြစ်မနေကြပဲ Vote No လှုပ်ရှားမှုမှာလို တခုတည်းသော သဘောထား၊ အသံ၊ လှုပ်ရှားဆောင်ရွက်မှုကို မဖြစ်မနေရှာဖွေဆောင်ရွက်ဖို့လိုအပ်တယ်လို့ ခြားနားသူရိုးသားစွာယုံကြည်မိပါတယ်။ ဒီကနေ့ကာလရဲ့တောင်းဆိုမှုဟာ တခုတည်းသော (သို့) အနည်းဆုံးသောတူညီသည့် လုပ်ငန်းစဉ်ဖြစ်ပေါ်ထွန်းရေးအတွက် အင်တိုက်အားတိုက်ရှာဖွေရမည့် ကာလဖြစ်တယ်လို့ ခြားနားသူ ရိုးသားစွာ ထင်မြင်မိပါကြောင်း .....

ညီအကိုမောင်နှမများအား ချစ်ကြည်လေးစားစွာဖြင့်
ခြားနားသူ (၄ - ၆ - ၀၈)

No comments: