နအဖ မိစ္ဆာတပ်တွေ ဘုရားကိုခေါင်းဖြတ်သတ်ကြသည်

နအဖ မိစ္ဆာတပ်တွေ ဘုရားကိုခေါင်းဖြတ်သတ်ကြသည်

Thursday, August 21, 2008

ဘဟိန်း (သို့မဟုတ်) ကဗျာ

entry-content'>



( ၁ )
ယခုခေတ် ဗမာပြည်၌ကွန်မြူနစ်တို့သည် ရုပ်ဝါဒကိုမျိုးစေ့ကြဲ၍ နေကြပေပြီ။ ရုပ်ဝါဒဆိုသည်မှာ စိတ်ဝါဒ မဟုတ် စိတ်ကူး စိတ်သန်းမဟုတ်။ အကောင်အထည်ကိုမာကြောကြမ်းတမ်းကြီး လက်တွေ့ကိုင်စမ်းမိသော ရုပ်ဝါဒ။ သည်လို လူအများက ယေဘုယျ မှတ်ထင်ကြပေသည်။ ရုပ်ဝါဒကို ယုံကြည်ကိုးကွယ်သူ၊ ကွန်မြူ နစ်ပါတီ၏ ခေါင်းဆောင် သခင်ဗဟိန်းအား ကဗျာဟု ရေးလိုက်ခြင်းသည် တကယ်ဆိုတော့ အနုကဗျာနှင့် ရုပ်ဝါဒ နိုင်ငံရေးသမားဟာ မနီးစပ်ပါကလားဟုထင်မှတ်ကြပေလိမ့်မည်။ သည်လို မှတ်ထင်လျှင် ဘဟိန်း ကို နိုင်ငံရေးသမားအဖြစ် တွေ့မြင်၍ လူအဖြစ် မသိသေးသောကြောင့် ဖြစ်တန်ရာပေသည်။ ကဗျာ …. ။ ဟုတ်သလား။

၁၉၃၈ ….

သရက်ထည် ပန်းပွင့်ရိုက် အနားကွပ် ခန်းဆီးပြာသည် ပိန်လိုက် ဖေါင်းလိုက်နှင့် ရွက်တိုက်လျက်ရှိသည်။ အပြင်ဘက်တွင်ကား မှောင်၍ နေသည်။ တချက် တချက် တက္ကသိုလ် ရိပ်သာလမ်းမှ အဓိပတိလမ်းသို့ ကွေ့ကာ မောင်းဝင်လာသော မော်တော်ကား ရှေ့မီးရောင် သည် ၀င်းကနဲ လက်လိုက်ရာ တက္ကသိုလ်သမဂ္ဂ အသင်းတိုက်ရှေ့ရှိ ဇော်မွှားပန်း၊ ဗုဒ္ဓံသရဏံပန်းများကို လျှပ်စစ်ပြက်လိုက်သလို ရိပ်ကနဲ တွေ့မြင်လိုက် ရပေသည်။

လူများချိန် (၈)နာရီခန့် ဖြစ်သဖြင့် သမဂ္ဂပျော်ပွဲစားရုံသည် ဇွန်းသံ၊ ပန်းကန်သံ၊ စကားပြောသံတို့ဖြင့် ညံ၍ နေ၏။ မြို့ထဲတွင် လည်ပတ်ရာမှ နောက်ကျသော ကျောင်းသားများသည် သမဂ္ဂတွင် ၀င်၍ ညစာ စားလေ့ ရှိကြ၏။ ပျော်ပွဲစားရုံ၏ ဒေါင့်ရှိ စားပွဲရှည်တွင်ကား သမဂ္ဂခေါင်းဆောင် ကျောင်းသားတစုသည် ၀ိုင်းဖွဲ့ကာ စကားပြောသူကပြော၊ အစား စားသူကစားလျက် ရှိကြသည်။

သည်အထဲမှ ကျောင်းသားတဦးသည် ၀ိုင်းဖွဲ့စကားပြောထဲတွင် မပါဝင်ဘဲ စီးကရက်ကို တွင်တွင်ဖွာလျက် စားပွဲစွန်းရှိ ဓာတ်စက်ကို ဓါတ်ပြား တချပ်ပြီးတချပ်လဲကာ ဖွင့်လျက်ရှိသည်။

သူသည် အသားဖြူဖြူ၊ ဆံပင်ကောက်ကောက်၊ ဖျင်အင်္ကျီ လက်ရှည်၊ ဘန်ကောက်လုံချည် မြင်းချေးရောင် အစိမ်းကို ၀တ်ဆင်ထားသည်။ မျက်နှာမှာ ပဒုမ္မာကြာပန်းကဲ့သို့ လန်းရွင်သည်။ သူ၏ ချစ်ဖွယ်ကောင်းသော အပြုံးကလေးများသည် နီရဲသော ပါးပြင်နှင့် နှုတ်ခမ်းပေါ်တွင် ထာဝစဉ် နားလျက်ရှိသည်။ ကြက်သရေဖြင့် လျှမ်းသောအပြုံး၊ မေတ္တာ၏ အထိမ်းအမှတ် အပြုံး။

ကျွန်တော်သည် ရုပ်ရှင်ကြည့်ရာမှအပြန် နောက်ကျနေသဖြင့် ကျောင်းထမင်းစားရုံသို့မသွားတော့ဘဲ သမဂ္ဂ ပျော်ပွဲ စားရုံတွင်ပင် ညစာကို မှာစားလျက်ရှိသည်။

သူတို့ဝိုင်းထဲမှ ကိုဗဆွေ (ယခု ဆိုရှယ်လစ်ပါတီ အထွေထွေအတွင်းရေးမှူး)က ကျွန်တော့်ကို ကိုဘဟိန်း နှင့် အသိဖွဲ့ပေးလေသည်။ ကိုဗဆွေကား စစ်ကိုင်းကျောင်းဆောင်တွင် ကျွန်တော်နှင့် အခန်းခြင်းကပ်နေ၍ တယောက်ကို တယောက် ဆဲမနာ၊ ဆိုမနာ ခင်မင်သူ ဖြစ်သည်။

`ဒါ ကိုယ်တို့စစ်ကိုင်းကျောင်းဆောင်ကလေ။ ဒဂုန် မဂ္ဂဇင်းမှာစာတွေ ဘာတွေ ရေးတာပေါ့ကွ´ဟု ကိုဗဆွေ က မိတ်ဖွဲ့ပေးသောအခါ ကိုဘဟိန်းသည် ဓါတ်စက်မှသော့ကိုလှည့်ရင်း သူ၏ကြာပွင့်ချပ်ကလေးထဲမှ ၀တ်ဆံကို ဖွင့်လှပ်လိုက်သော ကဗျာဆန်သည့် အပြုံးဖြင့် တုံ့ပြန်ကာ …

`သြ … ဟုတ်လား။ ရတုပိုဒ်စုံတွေ ဘာတွေ ဒဂုန်မှာဖတ်ဖူးပါတယ်။ မန္တလေးမှာ နေကထဲက တွေ့ဖူး ပါတယ်´

ကိုဘဟိန်းသည် လူဖတ်နည်းလှသော ကျွန်တော်၏ရတုပိုဒ်စုံများကို ဖတ်ဖူးသဖြင့်အံ့သြ၍သွား၏။ သူသည် ကဗျာကို မြတ်နိုးသူ တယောက်ဖြစ်သည်။

`ကျွန်တော်တော့ မေရှင်ကို အတော်ကြိုက်တယ်။ ခင်ဗျားကော ဘယ့်နှယ့်လဲ´ဟု ပြောကာ သူသည် `ချစ်၍ခေါ်ရာ၊ ချစ်၍ခေါ်သည်´ကို ဒုတိယအကြိမ် ထပ်၍ ဖွင့်ပြန်၏။ ပြီးလျှင် `သော်တာငွေမင်း´ကို ဖွင့်၏။ သူသည် ဂီတကို ချစ်သည်။ သူနှင့် ကျွန်တော်သည် ခဏနှင့်ပင် စကားလက်ဆုံကျလျက်ရှိကြသည်။ ကာလပေါ် ဗမာဂီတ အခြေအနေကို သူသည် ဝေဖန်လျက်ရှိသည်။

`တချို့က အင်္ဂလိပ်တီးလုံးသွား သီချင်းတွေကို မကြားနိုင်ကြဘူး။ နားပိတ်ထားချင်သတဲ့ဗျ။ သာယာတဲ့ တေးသံကို ဘာပြုလို့ လက်မခံနိုင်ရသလဲ။ ဂီတဆိုတာ လူတမျိုးတည်း ကန့်သတ်ထားတာ မဟုတ်ဘူး။ ကျွန်တော့်အဖို့တော့ သာယာလှပတဲ့ တေးဂီတဆိုရင် နိုင်ငံခြား ဂျပန်ပဲဖြစ်ဖြစ်၊ ကုလားပဲဖြစ်ဖြစ်၊ ဣတာလျံ ပဲဖြစ်ဖြစ် နားထောင်တာပဲ။ တချို့က အင်္ဂလိပ်သံဆိုရင် အသံသေး အသံကြောင်ဆိုပြီး နားမထောင်နိုင်ကြ တာ အံ့သြဆရာပဲ´ စသည်ဖြင့် သူက ပြောလေသည်။

တဘက်စားပွဲစွန်းတွင် သမဂ္ဂအမှုဆောင်တစုနှင့် နိုင်ငံရေးအကြောင်း ငြင်းခုံစကားကောင်းလျက်ရှိသော ကိုဗဆွေက ဂီတနှင့်ပတ်သက်၍ ဆွေးနွေးလျက်ရှိသော ကိုဘဟိန်းနှင့်ကျွန်တော်တို့ဘက်သို့ လှည့်ကာ `အေး … မင်းတို့နှစ်ယောက်ကတော့ ကိုက်မှာပဲ။ ဘဟိန်းကလဲ ၀တ္ထုရေးချင်၊ ကဗျာစပ်ချင်၊ ဂီတ လိုက်စား ချင်နဲ့တော့။ မင်းတို့ နှစ်ယောက်က စိတ်ကူးယဉ် သမားတွေကိုး´ဟု ပြောကာ ရယ်မော၍ နေသည်။

`လူဆိုတာ အလှအပကို မက်တာပဲ။ ကဗျာဂီတရဲ့ အလှအပကို မကြည်နူးဘဲမနေနိုင်ဘူး။ လူဟာမင်းပြော တဲ့ စိတ်ကူးယဉ်ပဲ ဆိုပါတော့။ ကဗျာဂီတကို နားလည်မွေ့လျော်တာဟာ ယဉ်ကျေးလာတာကွ´ဟု ရယ်မော ရင်း ကိုဘဟိန်းက ပြန်ပြောလေသည်။

ကိုဗဆွေပြောသလိုပင် သူနှင့်ကျွန်တော်သည် မကြာမီပင် ခင်မင်ရင်းနှီးကာ ကျောင်းတွင် တတွဲထဲတွဲလျက် ရှိပေသည်။ သူသည် မန္တလေး ကောလိပ်မှလာစ ဘီအေ ပဋ္ဌမနှစ်။ ကျွန်တော်ကားကျောင်းရောက်စ ဥပစာ ပဋ္ဌမနှစ် ဖြစ်ပေသည်။

( ၂ )



အကယ်၍ ကိုဘဟိန်းသည်နိုင်ငံရေးသမား မဖြစ်လျှင် ဧကန်စာရေးဆရာတယောက် ဖြစ်မည်ဟုကျွန်တော် ထင်သည်။

သူသည် စာပေကိုလည်း အင်မတန် ၀ါသနာပါသည်။ ကားလ်မတ်စ်၏ကွန်မြူနစ်စာပေ ပရိယတ္တိကိုသာ မဟုတ် အနုစာပေကိုလည်း ဖတ်သူဖြစ်သည်။ ရုရှားစာရေးဆရာကြီး ဂေါ်ကီကို သူအတော်ကြိုက်သည်။

တခါက သူသည် နွေရာသီ ကျောင်းပိတ်ရက်အတွင်း၌ တက္ကသိုလ်သမဂ္ဂတွင်ရှိစဉ် ဂေါ်ကီ၏ ၀တ္ထုတိုတပုဒ် ကို ဗမာလို ဆီလျော်အောင် ဘာသာပြန်ဖူးသည်။ သူသည် ကျွန်တော့်ရှေ့တွင်ပင် ၀တ္ထုတိုကို ရေးပေသည်။

သူ၏၀တ္ထုသည် ထိုအခါက နာမည်ထွက်စပြုလျက်ရှိသော လက်ရွေးစဉ်မဂ္ဂဇင်းတွင် ပါစေသည် (လက်ရွေး စဉ် မဂ္ဂဇင်းကို စတင်တည်ထောင်သူအယ်ဒီတာမှာ ဂျာနယ်ကျော်တွင် မကြာခဏ ရေးလေ့ရှိသော ကွယ်လွန်သူ အဆန်းဆရာကြီးဖြစ်သည်။) ကိုဘဟိန်း ရေးသော ) ၀တ္ထုတို၏ အမည်မှာ `လေလွင့်သူ´ ဖြစ်၍ ပစ္စည်းမဲ့အချင်းချင်း ဆင်းရဲသောဘ၀အကွေ့၌ တွေ့ဆုံကာ ရင်းနှီးခင်မင်ပုံ သဘာဝကို ပြထား သော ငတ်မွတ်ခြင်းဘွဲ့ တပုဒ်ဖြစ်သည်။

ဒဂုန်မဂ္ဂဇင်းတွင်ပါဝင်သော သူ၏ `ဘ၀ခရီး´ အမည်ရှိ ၀တ္ထုတိုကားဝတ္ထုတိုဂုဏ်နှင့် ကြွယ်ဝပြည့်စုံလှ သည်။ ကုလား ဗမာ အဓိကရုဏ်းကို နောက်ကားခံကာ ဆင်းရဲမွဲတေသော ပန်းချီဆရာသူငယ်ချင်း နှစ်ယောက်၏ မေတ္တာနှင့်ငတ်မွတ်ခြင်း အကြောင်းကို ပေါင်းစပ်ကာ ရေးသားထားသည်။ သည်အထဲတွင် အရင်းရှင်စနစ်၏ စာရိတ္တကိုလည်း သိမ်မွေ့စွာ ထည့်သွင်းထားသေးသည်။

ထွန်းအေးစာအုပ် ဖြန့်ချိရးဋ္ဌာနမှထုတ်ဝေသော `ဓနရှင် လောက´ ကား ဗမာစာနယ်ဇင်းလောကတွင် ထင်ရှားသည်။`ဓနရှင် လောက´သည် ကွန်မြူနစ်ဝါဒကို မျိုးစေ့ချပေးသော သစ်စေ့ကောင်းတစေ့ ဖြစ်သည်။ ရှင်းလင်းပြတ်သား၍ လှသည်။ ဤစာအုပ်တွင် ကိုဘဟိန်းသည် အရေးအသား၌ နိုင်နင်း ကျွမ်းကျင်ကြောင်း ဖေါ်ကြွားထားပေ၏။ သုသည် စာရေးကောင်းသူတယောက် ဖြစ်သည်။

အင်္ဂလိပ် ပြေးခါနီး သူထောင်မကျခင်က ချားလ်ဒစ်ကင်း၏ နာမည်ကျော် `မျှော်တလင့်လင့်´ ၀တ္ထုကြီးကို `လူ့အလို´ အမည်ဖြင့် ရေးဖူးသည်။ သို့သော် တိုင်းပြည်ပျက်ခိုက်နှင့် ကြုံသဖြင့် စာမျက်နှာ(၆၀)ကျော်သာ ပုံနှိပ်ပြီးစီးရသေးသည်။ အကယ်၍ သည်ဝတ္ထုသာ ထွက်လာလျှင် ဗမာ စာပေလောကတွင် ကျော်စော ထင်ရှားဦးမည့် ၀တ္ထုကောင်းတပုဒ် ဖြစ်ပေမည်။ သူသည် နိုင်ငံရေးကိစ္စများဖြင့် အလုပ်ရှုပ်နေရာ တဖေါင် ရိုက်နေစဉ် နောက်တဖေါင် ဆက်စီနိုင်ရန် ပန်းဆိုးတန်းရှိ ထွန်းအေး စာအုပ်ဖြန့်ချိရေးဋ္ဌာန အလုပ်ခန်းတွင် ထိုင်ကာ ရေးပေးသော ၀တ္ထုဖြစ်သည်။ သူ့မှာ ၀တ္ထုရေးဆရာကြီး တယောက်ဖြစ်နိုင်သော လက္ခဏာတွေ အများကြီးရှိသည်။ သို့သော် ဗမာပြည်ကို လွတ်လပ်ချင်သောစိတ်၊ ဆိုရှယ်လစ်နိုင်ငံတော် တည်ထောင်လို သော စိတ်က ပြင်းထန်လွန်းလှသဖြင့်သာ ကျောင်းသားဘ၀ ကတည်းကပင် ထောင်ကျဆင်းရဲ အနစ်နာ ခံကာ နိုင်ငံရေးသမား ဖြစ်လာရခြင်း ဖြစ်ပေသည်။

`ဇမ္ဗူကျွန်းလုံး` သီချင်းခံကို ဂီတ၌အတန် ၀ါရင့်သူများသာ ရပေသည်။ ကိုဘဟိန်းသည် ဇမ္ဗူကျွန်းလုံး သီချင်းခံကို အစအဆုံး ပင် ဆိုနိုင်သည်မှာ အံ့သြဖွယ် ကောင်းပေသည်။ ဇမ္ဗူကျွန်းလုံးသည် ဂီတ၀ိသော ဓနိကျမ်း၌ တမျက်နှာကျော် ရှည်လျားသည်။

အေ၀မ်း ဓာတ်ပြားများကို သူသည် နှစ်သက်သည်။ ပြည်လှဘေ ဆိုသော `နတ်ရှင်နောင်´ သီချင်းကို တူရိယာ တီးမှုတ်သူ တွေ့တိုင်း တီးခိုင်းလေ့ရှိသည်။ နတ်ရှင်နောင်ထဲမှ `ပေါ်နွေလလျင်´ရတုကို မရတရဖြင့် ညည်းသည်။ ဒိုရာသန်းအေး၏ `လှေကလေး´ ကိုလည်း သူအတော် သဘောကျသည်။

တက္ကသိုလ် ရာဇ၀င်ကထိက ဦးဘညွှန့် သီဆိုဓာတ်ပြားသွင်းသော ဆုထူးရွယ် သီချင်းကို သူသည် ဓာတ်ပြားမထွက်ခင်ကတည်း က ရနေသည်။ ဦးဘညွှန့်မှာ ကိုဘဟိန်းနှင့်ခင်ရာ ဦးဘညွှန့် တယောလေးနှင့် ဆိုလေ့ရှိသည်ကို နားဖြင့် မှတ်ကြားကာ ရနေဟန် တူလေသည်။ ကိုဘဟိန်းကား အခြားနိုင်ငံရေးသမားများလို မဟုတ်။ နိုင်ငံရေးသမားများနှင့်သာမဟုတ်၊ အနုပညာသမားတွေနှင့်လည်း ခင်မင်ပေါင်းသင်းသူ ဖြစ်ပေသည်။

ကိုဘဟိန်းသည် လူအဖြစ် ကုန်လုံပြည့်စုံသူ တယောက်ဖြစ်သည်။ လူတွင် ချစ်စိတ်ကြိုက်စိတ် ရှိသည်။ ဆန့်ကျင်ဘက် လိင်ကို ကြိုက်တတ်သည်။ ကိုဘဟိန်းသည်လည်း ချစ်စိတ် ကြိုက်စိတ် ရှိသည်။ တက္ကသိုလ်တွင် ရှိစဉ်က လှပသည့် ကျောင်းသူတဦးကို ကော်ရစ်ဒါ အကွေ့တွင် စကားလိုက်ပြောသည်ဆိုသော သတင်းထူးသည် တက္ကသိုလ်နယ်တွင် ပျံ့နှံ့သွား၏။ ကိုဘဟိန်းသည် လူဖြစ်သည်။ သူတယောက်တည်းသာမဟုတ် ပုတုဇဉ် အားလုံးသည် ဥမ္မာတကော မဟုတ်လား။

ဘီအေ အထက်တန်းတွင်ရှိသော ၁၉၃၉ ခုနှစ်က သူသည် သထုံကျောင်းဆောင်တွင် မနေဘဲ မြေနီကုန်းရှိ ပြည်လမ်းမကြီးမှ အရှေ့ဘက်သို့ ချိုးဝင်ရသော မြေနုလမ်းတွင် နေကာ နေ့ကျောင်းသားအဖြစ် ကျောင်းတက်လျက်ရှိသည်။ သူနှင့်အတူ ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်) နှင့် သူ၏ညီ မောင်သန်းနိုင်တို့ နေသည်။ ကျွန်တော်သည် အတန်းအားချိန်တွင် သူ၏နေအိမ်သို့ မကြာခဏ သွားလည်လေ့ ရှိသည်။သူ၏ အိမ်တွင် ဓါတ်စက်တလုံး ရှိ၏။

ကိုဘဟိန်းတွင် လူတွေကို ချစ်ခင်တတ်သော မေတ္တာဓါတ် ကြွယ်ဝသည်။ အထူးသဖြင့် သူသည် ကလေးများကို အင်မတန် ချစ်ခင်တတ်သည်။ တနေ့ ကျောင်းအားချိန်တွင် မြေနုလမ်းအိမ်သို့ သွားလည်ရာ သူသည်(၄)နှစ်သား အရွယ် ကလေးလေးကို ဒူးနှစ်ဖက်ကြား တွင် ပွေ့ဖက်ကာ`သည်ဆောင်းဟေမန်´ ဓါတ်ပြားကို ဖွင့်လျက်ရှိသည်ကို တွေ့ရသည်။ ကလေးလေး၏ နှပ်ချေးများကို သူကိုယ်တိုင် လက်ဖြင့် သုတ်သင်ပေးသည်။ သူသည် သည်ကလေးလေးကို အင်မတန် အလိုလိုက်သည်။

ကျွန်တော်က မသင်္ကာ၍ ကိုထွန်းရှိန်ဘက်သို့လှည့်ကာ `ဘယ့်နှယ့်လဲ ကိုထွန်းရှိန် သူ့မှာ နှမချော၊ အဒေါ်ချောမှ ရှိရဲ့လား´ဟု ကလေးကို မေးငေါ့ပြရင်း ရယ်မောကာ မေးလိုက်၏။ ကိုဗဟိန်းကား ဓါတ်စက်မှ သော့ကိုသာ အတွင်လှည့်နေသည်။

ကိုထွန်းရှိန်သည် အိမ်ဘက် လမ်းရှေ့ဆီသို့ ငေးကြည့်ကာ `မသိတော့လားဗျာ´ ဟု ခပ်ပြုံးပြုံး ဖြေလေသည်။

သူ၏ အိမ်ရှေ့တွင်ကား ဆရာဖြစ်သင် ကောလိပ်ကျောင်းသူ မခင်ကြီး ရှိသည်။ ကိုဘဟိန်းသည် မခင်ကြီးအား ချစ်သူဘ၀ ကတည်းကပင် အတော်ချစ်၏။ ၁၉၃၉ ခုနှစ် သီတင်းကျွတ် ကျောင်းပိတ်ရက် အတွင်းက သူနှင့်ကျွန်တော် ရှမ်းပြည်သို့ မန္တလေးမှ ဖြတ်သန်း သွားခဲ့၏။ ထိုစဉ်က မန္တလေးသို့ မင်းလတ် သင်္ဘေဖြင့် ဆန်တက်လျက်ရှိရာ သင်္ဘောပေါ်တွင် ကိုဘဟိန်းသည် မခင်ကြီးအကြောင်းကို တတွတ်တွတ် ပြောလျက်ရှိ၏။ မခင်ကြီးထံသို့ တနေ့ တစောင်ကျ စာထည့်၏။ သင်္ဘေဆိပ်ကမ်းမြို့ တမြို့သို့ ဆိုက်ကပ်လျှင် ကျွန်တော်က စာတက်၍ ထည့်ရ၏။ ကျွန်တော့် အမေထံသို့ စာထည့်ရန် ရန်ကုန်က ၀ယ်လာခဲ့သော ဒစ်ကင်ဆန် စာရေးစက္ကူကပ် အပြာနုမှာ သူ့ မခင်ကြီး ထံသို့ စာရေးသဖြင့် ရှမ်းပြည် နမ်းမတူ ရောက်အောင် မခံဘဲ အကုန်ချောတော့၏။

( ၃ )



ကိုဘဟိန်းကို သူ့မိဘများက ကြေးမှုံသဖွယ် အရိပ်တကြည့်ကြည့်နေအောင် ချစ်၏။ သူ ရန်ကုန် တက္ကသိုလ်သို့ လာသောအခါ မိဘများက သူ၏ သေတ္တာကို ချိပ်လုံချည်၊ မန္တလေးပိုးလုံချည်၊ ပိုးအင်္ကျီများဖြင့် ကြပ်နေအောင် သိပ်ပေးခဲ့၏။ ကိုဘဟိန်းမှာ သပ်သပ်ရပ်ရပ် နေတတ်၏။

ရှမ်းပြည်အသွားတွင် ကျွန်တော်သည် လက်ဆည်ကန်ရှိ ကိုဘဟိန်း၏ မိဘများအိမ်တွင် ရက်သတ္တ တပတ်ခန့် တည်းခိုရ လေသည်။ ထိုအခါ သူ၏ ဖခင် ဦးမှင်က သူ့ကို စကားမပြော။ မခေါ်ဘဲ နေသောအခိုက် ဖြစ်၏။ သို့သော် ရှမ်းပြည်တွင် လည်ပတ်သောအခါ အချမ်းလုံအောင်ဆို၍ သားအတွက် ရှူးဖိနပ်ကို ကိုယ်တိုင် ဆေးသုတ်ပေးရှာ၏။ ဤမျှ သားကို ယုယ၏။

တည ကျွန်တော်တို့ ရှိစဉ် သခင်အောင်ဆန်းသည် မန္တလေးသို့ နိုင်ငံရေးကိစ္စနှင့် လာခိုက်ဖြစ်၍ ကိုဘဟိန်းထံသို့ အလည် လာ၏။ ကိုဘဟိန်း အပြင်သို့ ထွက်နေသဖြင့် သခင်အောင်ဆန်းသည် ဦးမှင်နှင့် စကားပြောလျက် ရှိ၏။ ကိုဘဟိန်းအကြောင်း ရောက်သွားသောအခါ ဖခင် ဦးမှင်က `သူ့ကို ကျုပ်တို့က ဘယ်လောက် အရိပ်တကြည့်ကြည့်နဲ့ ချစ်ရပေမယ့် သူက မိဘကို နိုင်ငံရေးလောက် ချစ်တာ မဟုတ်ဘူး´ ဟု ပြောလေသည်။

သခင်အောင်ဆန်း နှုတ်ဆက်၍ ပြန်သွားသောအခါ ဦးမှင်သည် ကျွန်တော့်ဘက်သို့ လှည့်၍ `ကိုအောင်ဆန်းနဲ့ ဘဟိန်းဟာ အတူတူပဲ။ သူတို့က နိုင်ငံရေးကို မိဘထက် အပုံကြီး ချစ်တယ်´ ဟု ပြောလေသည်။

မိခင်နှင့် အစ်မများကလည်း သူ့ကို`ကိုဟိန်း-ကိုဟိန်း´ နှင့် ပါးစပ်ဖျားလေးတွင်၊ ကိုဘဟိန်းသည် သူ့မိခင်၏ ပေါင်ကို ခေါင်းအုံးကာ မိခင်၏ ယုယစွာ ဆံပင်သပ်ပေးခြင်းကို ကျေနပ်စွာ ခံလျက်ရှိသည်။ အစ်မလုပ်သူများက ဘေးတွင် ထိုင်စကားပြောလျက်ရှိကြ၏။

မိဘများက သူ့ကို ဘယ်လောက်ပင်ချစ်ချစ် သူသည် နိုင်ငံရေးအတွက် အတွယ်အတာများကို စွန့်ပယ်ကာ မိဘ၏ အေးချမ်း ရိပ်ငြိမ်သော အရိပ်တွင် မနေနိုင်ဘဲ ကြမ်းတမ်းခက်ထရော်၍ မာကြောလှသော အကျဉ်းထောင် နံရံလေးဘက် အတွင်း၌သာ ဆင်းရဲခြင်း ဒုက္ဒ ကို တွေ့ကြုံရလေသည်။

သူသည် အ၀တ်အစားကို သပ်သပ်ယပ်ယပ် ၀တ်ဆင်တတ်၏။ သန့်ရှင်းစွာ နေတတ်၏။ ဘန်ကောက်လုံချည် အပြာကို ကြိုက်၏။ ဂီတကို ချစ်၏။ သူ့ကို အဝေးက ကြည့်လိုက်လျင် ပေါ်လွင်၍ ကြက်သရေဖြင့် ရွမ်းရွမ်းမြသော သူ၏အပြုံးသည် ကြာပန်းမှ ၀တ်ဆံကို ဖွင့်လှပ် တင့်ကြွားလိုက်သလို မြင်လိုက်ရ၏။ သူ၏ ရုပ်သည် ယဉ်ကျေးသိမ်မွေ့သော လူလတ်တန်းစား ဟန်သွင်ဖြစ်၏။ သို့သော် ကျောင်းသားဘ၀ ကတည်းက မကွေးထောင်၊ အင်းစိန်ထောင်တို့တွင် နေရ၏။ တိုက်ပိတ်ခံရ၏။ အင်္ဂလိပ် ပြေးခါနီး အဖမ်းခံရ၍ ထောင်အမျိုးမျိုးပြောင်းကာ ဒုက္ဒကို တွေ့ကြုံ၏။ ဆင်းရဲခြင်းနှင့် နဘမ်းလုံး၏။

( ၄ )



ရှမ်းကုန်မြေမြင့်ဒေသကား လွင်ပြင်မှာထက် စော၍ နေ၀င်သည်။ နေ၀င်သော်လည်း အမှောင်ထုသည် မင်းမမူ။ လသည် ငြိမ့်ငြိမ့်ကြီး ထွက်လာလေတော့သည်။

ငွေလရောင်သည် တောနှင့် တောင်ကို ပွေ့ဖက်ကာ မြူလိုက်လေသည်။ တဘက်တွင် မှိုင်းညို့သောသစ်တောနှင့် စောက်မတ်သော မြေထရံကြီး။ တဘက်တွင်း ရေတံခွန်တို့ဖြင့် ပြွမ်းကာ တသွင်သွင်စီးဆင်းနေသော ဒုဋ္ဌာဝတီမြစ်။

မြစ်ကမ်းရှိ သစ်ပင်တို့သည် ငွေသရဖူ-ငွေမကိုဋ်ကို ဆောင်းကာ သူတို့၏အလှကို ၀င့်ကြွားလိုက်သည်။ မြစ်ယံမှ ရေတံခွန်တို့သည် ငွေလရောင်ဦးဝယ် တလက်လက် ကွန့်မြူး၍ နေသည်။

လားရှိုးသို့တက်သော မီးရထားသည် မန်ဆန်ဘူတာရုံကို ကျော်လေပြီ။

ကိုဘဟိန်းသည် ငွေလရောင်၏ အလှတွင် ယစ်မူးကာ မေရှင်၏ ကျောင်းပိတ်ရက် သီချင်းကို တအေးအေး ညည်းလျက် ရှိလေသည်။

ရေတံခွန် သွယ်ဖြာစီးလို့ရယ်

တောင်ခြေ နှင်းမြူတွေဝိုင်းတယ်

အလျှိုလျှိုတောင်ညို တန်းလို့ကွယ်

ပျိုပျို လွမ်းပါလှတယ်…..

ရှမ်းပြည်သို့ လည်ပတ်စဉ်က ကိုဘဟိန်းနှင့် ကျွန်တော်တို့တွင် နောက်ခံနိုင်ငံရေး ရည်ရွယ်ချက် ရှိသေးသည်။ အကယ်၍ လမ်းပန်း သာမည်ဆိုလျှင် နယ်ခြားကို ဖြတ်သန်း၍ တရုတ်-ဗမာ လမ်းမကြီးတလျှောက် တရုတ်ပြည်တွင်းသို့ သွားရန်ဖြစ်၏။ တရုတ်ပြည်သို့ ရောက်မိလျှင် နိုင်ငံခြား အဆက်အသွယ် ရနိုင်မည်ဖြစ်၏။ သို့သော် အကြောင်း မသင့်သဖြင့် သိန္နီသို့ ရောက်သောအခါ ရှမ်းပြည်ပုဒ်မ (၁၀) ကြောင့် ဆက်မသွားနိုင်တော့ဘဲ ပြန်ခဲ့ရ၏။

လွယ်ယိုးသည် ငွေလရောင်နှင့် မှောင်ရိပ်ကြားဝယ် ငြိမ်ဝတ်စွာရှိသည်။ ယူနန်-ဗမာ လမ်းမကြီးသည် ငွေပြာ ဖဲပြားကို ဖြန့်ထားဘိသကဲ့သို့ မှတ်ထင်ရ၏။

တရုတ်ပြည်သို့ သွားကြသော မော်တော်ကားတန်းကြီးသည် လမ်းဘေးတွင် အိပ်စက်လျက်ရှိ၏။ မလှမ်းမကမ်းတွင်ကား ဒမ်းစတေရှင် ခေါ်သော လက်နက်စက်ရုံကြီးသည် ကုန်းမြင့် အစွန်းဝယ် ပေါ်နေ၏။ တဘက်တွင်ကား မှိုင်းညို့သော လားရှိုး လေယျာဉ်ပျံကွင်း ကြီးသည် ငွေလရောင်ဝယ် ၀မ်းလျားမှောက်၍ နေသည်။

တောတောင်ရေမြေသာမဟုတ် လေသည်လည်း ငွေရောင်ဖြင့် ပြွမ်းသည်။ ကိုဘဟိန်းနှင့် ကျွန်တော်သည် ယူနန်-ဗမာ လမ်းမကြီး ပေါ်တွင် လမ်းလျှောက်နေကြစဉ် သူက စတင်၍ `လသာတယ်ဗျာ၊ တယ်ပြီး ကြည်နူးစရာကောင်းတာပဲ။ ဒီငွေလရောင်က ကျွန်တော့ရဲ့ အတွင်းစိတ် တခုကို ထကြွရွင်လန်းအောင် လှုံဆော်ပေးတယ်။

ကျွန်တော်က သူသည် ရန်ကုန်တွင်ရှိသော မခင်ကြီးကို တမ်းတလွမ်းဆွတ်လိမ့်မည် ဟု အောက်မေ့လျက် ရှိသည်။

`ကဲ ဆိုစမ်းပါဦး´ဟု ကျွန်တော်က ၀င်ထောက်၏။

`အဲဒီတော့၊ ဒီလိုငွေလရောင် မြူးခိုက်မှာ စိတ်ဟာ ကြည်လင်ရွင်လန်းပြီး လီနင်ရေးတဲ့ နိုင်ငံတော်၊ အစိုးရနှင့် တော်လှန်ရေး အကြောင်းကို ဆွေးနွေးရအောင်….´

ကျွန်တော်ထင်သည်မှာ တက်တက်စင် လွဲလေပြီ။ လသာသဖြင့် သူယုံကြည်သော ကွန်မြူနစ်ဝါဒကို ပြောချင်သည်။ ကျွန်တော်လည်း စိတ်မပါလှဘဲ သူ၏ လီနင်ဝါဒများကို နားထောင်၍ နေရလေသည်။ ကိုဘဟိန်း၏ ရုပ်ဝါဒတရားသည် လှပတင့်ထူးသော ငွေလရောင်ဝယ် ပြန့်လွင့်ကာ ပဲ့တင်ထပ်လျက် ရှိလေသည်။

( ၅ )



ကျွန်တော်ကား နိုင်ငံရေးသမား မဟုတ်၊ ကွန်မြူနစ်လည်း မဟုတ်။ သို့သော် ကိုဘဟိန်းနှင့် ကျွန်တော့်ကို မေတ္တာကြိုး သွယ်ထား၏။ တခါက သူ၏ဓါတ်ပုံကို ကျွန်တော့်အား အထိမ်းအမှတ် လက်ဆောင်ပေးသောအခါ ဓါတ်ပုံ၏ နောက်ကျော၌ `ကိုယ်တို့နှစ်ဦးကို တွယ်တာချစ်ခင်ခြင်းသည် ဂဟေဆက်စေ သတည်း´ ဟု စာထိုးလိုက်၏။

တခုသွား၍ သတိရ၏။ ဂျပန်ခေတ်က နိုင်ငံခြားရေးဋ္ဌာနသည် အင်းလျားကန်စွန်းရှိ `အိမ်ဖြူ´ တွင် ရုံးလုပ်ထား၏။ ကိုဘဟိန်း သည် နိုင်ငံခြားရေး ဒုတိယ အတွင်းဝန်ဖြစ်နေ၏။ ကျွန်တော်သည် ရန်ကုန်သို့ ခေတ္တလာလည်စဉ် နေ့တိုင်း သူ၏ ရုံးခန်းတွင် အချိန်ဖြုန်း၏။ သူသည် အက်ဂါစနိုးရေးသော `တရုပ်ပြည်ပေါ်က ကြယ်နီ´ စာအုပ်ကို ဖတ်လျက်ရှိသည်။

ကျွန်တော်မှာ ရန်ကုန်သို့ ၂-ရက် ၃-ရက်ဆိုပြီး တောမှအလာ (၃)လခန့် ကြာပြီး သောင်တင်လျက်ရှိရာ လဲစရာ လုံချည်ပိုမရှိ။ ဘန်ကောက်လုံချည် အပြာတထည်ကိုသာ မချွတ်တန်း ၀တ်နေရ၏။ သို့ဖြစ်ရာ ကိုဘဟိန်း ၀တ်ထားသော မန္တလေးလုံချည် အစိမ်းနှင့် လဲရန် အတင်းပူဆာ၏။ ကျွန်တော်တို့သည် သူ၏ နိုင်ငံခြားရေးဋ္ဌာန အတွင်းဝန်ရုံးခန်း တံခါးကိုပိတ်ကာ ဘောင်းဘီတို ကလေးတွေနှင့် တယောက် လုံချည် တယောက်လဲကြ၏။ ပြီးလျှင် နှစ်ယောက်သား အူတက်မတတ် ရယ်မောလျက် ရှိကြလေသည်။ သည်အကြောင်းကို မခင်ကြီးအား ပြောပြသောအခါ `ရှင်တို့ဟာ ခလေးတွေလိုပဲနော်၊ အရှက်လဲ မရှိဘူး´ဟု ရယ်ကာကြိမ်း၏။

သူကား ကျွန်တော့်ကို အခွင့်သင့်တိုင်း နိုင်ငံရေးလောကသို့ သွေးဆောင်၏။ အင်္ဂလိပ် တော်လှန်ခါနီးက ဒို့ဗမာ အစည်းအရုံး ၀င်ရန် ဖျားယောင်း၏။ နောက် ကွန်မြူနစ်ဖြစ်သောအခါ သူ ဥက္ကဋ္ဌ လုပ်သော အလုပ်သမားသမဂ္ဂတွင် ပါဝင်ရန် တိုက်တွန်း၏။ သို့သော် ကျွန်တော်ကား နိုင်ငံရေးသမား မဖြစ်၊ စာပေလောကတွင်သာ မွေ့လျော်၏။

ကဗျာကိုတွေ့လျှင် လူတွေ ချစ်သလို ကိုဗဟိန်းကိုလည်း တွေ့လျှင် မချစ်ဘဲမနေနိုင်။ သူ၏ အပြုံးသည် အင်မတန် ချစ်ဘွယ် ကောင်းသည်။ အပြုံးမှာ ကဗျာလေးတပုဒ်နှင့် တူနေ၏။ အင်္ဂလိပ်စာ ပါမောက္ခ ရုတ်စ် ကပင် ကိုဘဟိန်းအား `နှစ်လိုဖွယ် ကောင်းသော သူငယ်ပဲ´ဟု ပြော၏။ ဒါကြောင့် သူ့ကို ကဗျာဟု ကျွန်တော်က ခေါ်၏။ ကျွန်တော့်အထင်ဖြင့် သူ့အမူအယာ၊ သူ့အပြုံးကလေးများသည် ကဗျာဆန်လှ၏။

ကိုဘဟိန်းကား ကျွန်တော့်ကို နိုင်ငံရေးသမား ဖြစ်စေချင်၏။ သို့သော် မဖြစ်။ ကျွန်တ်ေက ကိုဘဟိန်းကို စာရေးဆရာ ဖြစ်စေချင်၏။ သို့သော် မဖြစ်။ ကိုဘဟိန်း မကျမ်းမာ၍ မန္တလေးတွင် ဆေးကုလျက်ရှိစဉ် တနေ့သ၌ သုဓမ္မ၀တီ ပုံနှိပ်တိုက်တွင် သခင်ဘကိုးနှင့် သွားတွေ့၏။

`ဘယ့်နှယ့်လဲ ကိုဘဟိန်း ဘယ်လိုနေသေးသလဲ´ဟု ကျွန်တော်က မေး၏။

`ဒီလိုပဲ…ရောဂါက တန်းနေတာပဲဗျာ၊ မန္တလေး ဆေးရုံမှာ တက်နေတယ်။ ခင်ဗျားတောင် ကိုဘဟိန်းက မေးလိုက်တယ်´

နောက် ၁၀-ရက်ခန့်ကြာသောအခါ ကျွန်တော်လည်း နေမကောင်း၍ အိပ်ယာထဲတွင် မှိန်းနေစဉ်၊ တည၌ သမာဓိ သတင်းစာတိုက် မှ မိတ်ဆွေ အယ်ဒီတာတဦးက `ကိုဘဟိန်းတယောက် မန္တလေး ဆေးရုံမှာ ဆုံးပြီ´ ဟု လာရောက်ပြော၏။ ကျွန်တော်သည် အံ့အားသင့်ကာ ထိတ်လန့်တုန်လှုပ် သွားသည်။

ကိုဘဟိန်း၊ ကိုဘဟိန်း၊ ချစ်လှစွာသော သူငယ်ချင်း ကိုဘဟိန်းကား မရှိတော့ပြီ။ ။

ဒဂုန် တာရာ
ဇန်န၀ါရီလ၊ ၁ ၉ ၄ ၇

No comments: