နအဖ မိစ္ဆာတပ်တွေ ဘုရားကိုခေါင်းဖြတ်သတ်ကြသည်

နအဖ မိစ္ဆာတပ်တွေ ဘုရားကိုခေါင်းဖြတ်သတ်ကြသည်

Thursday, August 21, 2008

ကျောင်းသားဝတ္တရား

entry-content'>


အင်္ဂလိပ်စာရေးဆရာကြီး ရှိတ်စပီးယားက ကမ္ဘာ့အလုံးစုံသည် ဇာတ်ခုံမျှသာတည်းဟု မိန့်မြွက်ဖူး၏။ ထိုကမ္ဘာ့ဇာတ်ခုံတွင် လူအမျိုးမျိုး၊ အရွယ်အမျိုးမျိုး၊ အတန်းအစားအမျိုးမျိုးတို့သည် ကိုယ့်အခဏ်းကို ကိုယ်ကိုင်၍ ဇာတ်နိုင်အောင်ခင်းသွားကြရလေသည်။ သို့ဖြစ်ရာ လူတိုင်းလူတိုင်းမှာ သိကြားတတ်သော အချိန်အရွယ်မှစ၍ သေသည်ထိအောင် မိမိ၏ အလုပ်ဝတ္တရားအဖြစ်ရှိ၏။ ထိုဝတ္တရားကို ကြေပြွန်မှာသာလျင် လောက၌ လူဖြစ်ကျိုး နပ်ပေမည်။ ကမ္ဘာ၏နောက်ခေတ်အမွေခံဖြစ်သော ကျနော်တို့ကျောင်းသားတို့မှာလည်း အထူးသဖြင့် အသက် ၁၆ နှစ်၊ ၁၇ နှစ် အထက်ဖြစ်သော ကျောင်းသားများမှာလည်း အဆိုပါဝတ္တရားဥပဒေမှ မကင်းလွတ်ကြချေ။ ယင်းသို့ဖြစ်လျင် ကျောင်းသားဝတ္တရားသည်အဘယ်နည်း။
အမြင်ကျယ်ကျယ် ကြည့်လေ့ရှိသောသူတို့သည် ကျောင်းသားဆိုသည်မှာ တန်းစာကျက်၍ စာမေးပွဲအောင်မြင်ရုံမျှဟူသောအများအယူအဆ၏ တိမ်ခြင်း၏အဖြစ်ကို သိရှိကြလေပြီ။ ထိုအယူအဆကား ခေတ်အောက်ကျသည့်
အယူအဆမျှသာဖြစ်ပေသည်။
ပညာရေးကို ကျွမ်းကျင်သော ကမ္ဘာ့ပညာရှိတို့သည် လောကရေး၊ ဓမ္မရေး ပြဿနာအရပ်ရပ်ကို စီစစ်ဝေဖန်ဖြေရှင်းတတ်သော ပညာရပ်မှ စာအုပ်ပေစာကို အံ၍ရသော အမှတ်သညာ၊ နှစ်ရပ်ကိုခွဲခြား၍ ထားလေသည်။ စာမေးပွဲကို အောင်မြင်သူသည် လောကစစ်ပွဲတွင်လည်း အောင်မြင်နိုင်သည့် အရည်အချင်းရှိသည်ဟု မုတ်ချဆတ်ဆတ်မဆိုနိုင်ချေ။ ဤသို့လျှင် စာမေးပွဲ၏ အကြောင်းသနစ်ကို ဖော်ထုတ်လာကြ၏။ An examination of examinations စာမေးပွဲများ၏ အကျိုးအပြစ်စစ်ဆေးချက်ဆိုသော စာအုပ်တွင် ဤအချက်ကို ရှင်းလင်းပြသထားပေ၏။ စာမေးပွဲတခု၏ အဖြေလွှာစာရွက်များကို စာစစ်သူအမျိုးမျိုးအား စစ်ဆေးစေရာ အဖြေတခုတည်းကိုပင် အမှတ်ပေးပုံခြင်းမတူသည်ကို တွေ့ရပေသည်။ တဖန် စာစစ်သူတဦးတည်း ၎င်းတနှစ်ခန့်က ဖျတ်ပေးခဲ့သောအဖြေကို နောက်ထပ်စစ်ဆေးသည့်အခါ ပထမအမှတ်ပေးပုံနှင့် နောက်တခါအမှတ်ပေးပုံခြင်းမှာ ကွာခြားသည်ကိုတွေ့ရလေသည်။ ကမ္ဘာကျော်ပြဇာတ်ရေး ဆရာ ဘားနတ်ရှောကလည်း တရံသောအခါက အတန်းထဲတွင် ထိပ်ကျသောကျောင်းသားသည် လောကတွင် အောက်ဆုံးထစ်ရောက်တတ်သည်ဟု မိန့်ဆိုဖူး၏။

ဤတွင် ကမ္ဘာကျော်စာရေးဆရာကြီး၏ အရေးအသားကို ၎င်းရေးသားထားသဖြင့် ယုံကြည်ရမည်ဟု မဆိုလို။ သို့ရာတွင် ၎င်းကား အကြောင်းမဲ့မရေးသားရာ။ ယင်းသို့ဖြစ်ရကား ကျွန်ုပ်တို့သည် ကမ္ဘာ့ရာဇ၀င်တွင် သာဓက အထောက်အထားများကို ကြည့်မည်ဆိုလျှင် ကမ္ဘာ့ထိပ်တန်းကျရောက်သော ပုဂ္ဂိုလ်တို့သည် စာမေးပွဲများတွင် ထိပ်တန်းကျသူချည်းမဟုတ်ပေ။ ဥပမာအနည်းငယ်ထုတ်ပြရသော် ယခုခေတ် ကမ္ဘာ့ထိပ်တန်းသမားများတွင် ဟစ်တလာနှင့် မူဆိုလိုနီတို့သည် ကျောင်းမျှပင် ကောင်းစွာမနေခဲ့ရပေ။ မဟတ္တမဂန္ဒီသည်လည်း ကောလိပ်ကျောင်းတွင် ရောက်ဖူးရုံမျှရှိ၍ ကျောင်းသားအဖြစ်နေစဉ်အခါက ထူးထူးချွန်ချွန်မရှိချေ။ ပန်ဒစ်ဂျဝါဟာလာနေရူးသည်လည်း အင်္ဂလန်ပြည်ရှိ နာမည်ကျော်ကျောင်းနှင့် တက္ကသိုလ်တို့မှ အောင်မြင်ခဲ့လင့်ကစား ကျောင်းသားအဖြစ်ဖြင့် များစွာမထူးချွန်လှ ဘီအေ ဂုဏ်ထူးတန်းတွင် ဒုတိယတန်းမျှသာ ရလေသည်။ သို့ရာတွင် ထိုအခါက ၎င်းအထက်ပထမရခဲ့သော သူတဦးမှာ ရန်ကုန်တွင်ပါမောက္ခတဦးအဖြစ်ဖြင့် ၎င်းကဲ့သို့ ကျော်ကြားခြင်းမရှိပေ။ အင်္ဂလိပ်စာရေးဆရာကြီးများဖြစ်ကြသော ဂိုးလ်စမစ်၊ ဆာဝေါလတာစကော့ စသောပုဂ္ဂိုလ်တို့မှာလည်း ကျောင်းနေစဉ်က ထူးချွန်ခြင်းမရှိ၊ ဆာဝါလတာမကော့မှာမူ လူ့ငနွားဟုပင် ဆရာ၏ အခေါ်ခံရလေသည်။ ဤကားဥဒါဟရုဏ်ကို အကျဉ်းမျှသရုပ်ပေါ်အောင် ပြလိုက်ခြင်းပေတည်း။ ဤသို့ဖြစ်ရခြင်း၏ အကြောင်းကိုစစ်လျှင် လူသားတဥိးတယောက်၏ တန်ဖိုးကို မည်မျှရှိသည်ဟု ချိန်ဆရန် တထစ်ချသတ်မှတ်ထားသော နည်းမရှိသောကြောင့် ဖြစ်ပေသည်။
စင်စစ်သော်ကား ကျောင်းတွင်တခါမျှမနေဖူး၍ စာတလုံးမျှမသင်ဖူးသူပင် ပညာရှိဖြစ်နိုင်၏။ ဤကား ဖြစ်နိုင်သည့် အကြောင်းကို အလွန်ဆိုခြင်းဖြစ်ပေသည်။ ယခုကမ္ဘာပေါ်မှာရှိသည့် စာအုပ်အားလုံးသည် အရင်းစစ်လိုက်လျှင် လောက၏အကြောင်းကို အမျိုးမျိုးမှတ်သားချက်များသာ ဖြစ်ပေသည်။ ထိုမှတ်သားချက်များကို ရေးသူများ၏အာဘော် ၎င်းတို့၏ရေးရာဒေသ၊ ရေးသည့်အချိန်ကာလ စသည်တို့ကိုကြည့်၍ ဝေဖန်ပြီးလျှင်၊ လောကအလုပ်ဝတ္တရားတွင် သုံးစွဲတတ်မှသာ စာတတ်အမှန်ဖြစ်ပေသည်။ အကယ်၍ စာမတတ်သူသည် လောက အမှတ်အသားကောင်းမွန်၍ နေရာချတတ်ပါလျှင် စာတတ်နေရန်မလိုချေ။ ထို့ကြောင့်ပင် မူဆိုလိုနီက ၎င်း၏အထ္ထုပ္ပတ္တိတွင် ကျွန်ုပ်ဖတ်ခဲ့ရသော အကြီးဆုံးစာအုပ်ကား ကျွန်ုပ်နေခဲ့နေဆဲသော လောကကြီးပင်တည်းဟု ရေးထား၏။ ထိုကဲ့သို့ စာအုပ်ပေစာမှ ကျော်လွန်သောပညာကို အဘယ်သို့ရအံ့နည်း။
ထိုပညာစစ်ကိုရရန် လွတ်လပ်စွာတွေးတောပြောဆို ဆွေးနွေးလုပ်ကိုင်လိုသော စိတ်ဓာတ်ကိုမွေးရန် လို၏။ ဤအချက်ကို ပညာရေးကျွမ်းကျင်သူ ပုဂ္ဂိုလ်များက Academic Freedom ပညာသင်ကြားရေး လွတ်လပ်ခွင့်ဟု ခေါ်ဝေါကြ၏။ ဤအချက်ကား ကမ္ဘာ့ရာဇ၀င်ကို တမျိုးတမည်ပြောင်းလွဲစေသည့် ရီနေဆန့်နှင့် ရီဖော်မေးရှင်းခေါ် ခေတ်သစ်ဝါဒ၊ လောကဓာတ်ပညာ ပြန့်ပွားရေးအကြောင်းတရပ်တည်း။ ဤအချက်ကား ကျွန်ုပ်တို့၏ ဂေါတမဘုရားသခင် ဟောကြားသော ကလမသုတ္တန် သဘောတရားပင်တည်း။
ထိုလွတ်လပ်စွာ တွေးတောပြောဆိုဆွေးနွေးလုပ်ကိုင်လိုသော စိတ်ရှိရမည်ဆိုရာတွင် ကျွန်ုပ်တို့သည် မိမိထင်ရာ တွေးတောပြောဆိုလုပ်ကိုင်ခြင်းမဟုတ်ပေ။ လောကရှိ လူအပေါင်းတို့သည် ရေတွင်းထဲရှိ ဖားသူငယ်ကဲ့သို့နေ၍ မဖြစ်ပေ။ တဦးနှင့်တဦး ကူးလူးဆက်ဆံရလေသည်။ ယခုခေတ်အခါတွင် ဤသို့ကူးလူးဆက်ဆံခြင်းမှာ ပိုမို၍ နယ်ကျယ်လာလေသည်။ ယခု အတိုင်းတိုင်းအပြည်ပြည် ကြုံတွေ့နေရသော ရှားပါးရေးခေတ်သည် ထိုဥပဒေကို ကျော်လွန်၍ ကိုယ့်ဘက် ကိုယ့်သဘောကိုမြင်သော ၀ါဒကြောင့်ဖြစ်သော ကမ္ဘာစစ်ကြီး၏ ပဲ့တင်သံဖြစ်လေသည်။ ထိုသို့ဖြစ်ရာ လူတိုင်း၊ လူတိုင်း တဦးနှင့် တဦး အပေါင်းအသင်းသမဂ္ဂရှိမှသာ အမျိုးမျိုးသော အယူအဆ အမှတ်အသားတို့ကို တွေ့မြင်သိရှိရ၍ ပိုမိုအမြင်ကျယ်လာနိုင်လေသည်။ သို့အမြင်ကျယ်မှ တဦးမှ တဦး အနာခံတတ်ခြင်း၊ စောင်မကူညီတတ်ခြင်း၊ အပြောအဆို အနေအထိုင်ပြုပြင်လာခြင်း စသဖြင့် လောကလူလုပ်တတ်သည့် အရည်အချင်းများ ရရှိနိုင်လေသည်။
ထိုကြောင့် ထို့သို့ကူးလူးဆက်ဆံအမြင်သန်အောင် ကျောင်းများ၊ တက္ကသိုလ်များတွင် ကျောင်းအိပ်၊ ကျောင်းစား ထားခြင်း၊ အသင်းအပင်းများထောင်ခြင်း စသည်တို့ပြုကြရလေသည်။ သို့ရာတွင် အပေါင်းအသင်း အမဂ္ဂအတွက် ပြုလုပ်ရာတွင် လွတ်လပ်စွာမပြောရ မဆိုရ မလုပ်ရ မဆွေးနွေးရလျှင် မျက်စီပိတ်ထားသည်နှင့် တူပြန်သည်။ သို့ဖြစ်ရာ ၂ ဘက်၊ ၂ ချက်စုံမှ ပညာရေးအစစ်မည်လေသည်။
တဖန် ယနေ့ဖြစ်သောကျောင်းသားများသည် နက်ဖြန်ပြည်ကြီးသားများဖြစ်ကြ၏ဟု ဆိုရိုးစကားရှိ၏။ သို့ဖြစ်ရာ ပြည်ကြီးသားတို့၏ အင်္ဂါလက္ခဏာတို့နှင့်ညီအောင် အုပ်ချုပ်နည်း၊ မိမိအခွင့်အရေးအတွက် တိုက်ခိုက်နည်း၊ စကားပြောနည်း၊ စည်းကမ်းသေ၀ပ်နည်း၊ ကိုယ်လက်ကျန်းမာရေးစသည်ဖြင့် နည်းမျိုးစုံအောင် အသင်းအပင်းများ၊ ရဲတပ်များ၊ ကစားနည်းများကို ထွင်ကြရ၏။ ထိုမျှမက ယခုအခါ တနိုင်ငံနှင့် တနိုင်ငံမှာ ခွဲစပ်၍ မဖြစ်နိုင်။
တရုပ်ပြည်၊ စပိန်ပြည်၊ ပါလက်စတိုင်းပြည်တွင် အဖြစ်အပျက်များသည် ဤတိုင်းပြည်ကို၎င်း၊ ကမ္ဘာ့ယဉ်ကျေးမှုကို၎င်း၊ လူသတ္တ၀ါတို့အား၎င်း မည်သို့မည်ပုံ ထိုခိုက်မည်ဟု သိနိုင်အောင် ကမ္ဘာ့အခြေကိုလည်း မိမိရရသိနိုင်ရန်လို၏။ ဤသည်တို့ကား အကြမ်မျှ ကျောင်းသားတို့လုပ်ရမည့် ၀တ္တရားများဖြစ်ကြ၏။ ထို့ကြောင့် ကမ္ဘာရှိ ကျောင်းသားအပေါင်းတို့သည် လှုပ်လှုပ်ရွရွဖြစ်၍ စစ်မက်တားမြစ်ရေး၊ အလုပ်လက်မဲ့ပပျောက်ရေး၊ အကြောင်းစနစ်ကို ရှာဖွေနေကြ၏။ အခြေမထူးလှသော စပိန်ပြည်နှင့် တရုပ်ပြည်တို့တွင် ကျောင်းသားတို့မှာ ကိုယ်ထိုလက်ရောက် တိုက်ခိုက်နေကြရ၏။ ထို့ကြောင့် အချိန်အခါအလျောက်လည်း ကျောင်းသား၏၀တ္တရားလည်း ကွဲလာ၏။
ဤပြဆိုခဲ့ပြီးသော ကျောင်းသားဝတ္တရားအားလုံးကို သိမြင်သည်နှင့်အညီ နောင်ခေတ်ဗမာပြည်ကို ဖန်တီးမည့် ကျောင်းသားများသည် ယခုလူများကဲ့သို့ မညီမညွတ် မလုပ်တတ်၊ မကိုင်တတ်၊ မဖြစ်ရအောင် ကျွန်ုပ်တို့သည် ယခုအခါ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအသင်းကြီးကို အထင်အရှားတည်ထောင်ထား၏။ ထိုအသင်းကို ၀င်ရောက်အားပေးရန်မှာ ကျောင်းသားတိုင်း တိုင်းပြည်ချစ်စိတ်ရှိသူတိုင်းတို့၏ တာဝန်ဝတ္တရား ပင်တည်း။

မောင်အောင်ဆန်း
မန္တလေးသူရိယ (အမျိုးသားနေ့ အထူးစာစောင်)
၁၂၉၉၊ တန်ဆောင်မုန်းလပြည့်ကျောင် ၁၀ ရက်

No comments: