နအဖ မိစ္ဆာတပ်တွေ ဘုရားကိုခေါင်းဖြတ်သတ်ကြသည်

နအဖ မိစ္ဆာတပ်တွေ ဘုရားကိုခေါင်းဖြတ်သတ်ကြသည်

Wednesday, August 27, 2008

အကျဉ်းသားအမှတ် ၄၂၆၇ / စီ

entry-content'>

တိုက်ဆိုင်မှုတခုကြောင့် လွန်ခဲ့တဲ့ ၁၃ နှစ်က အကြောင်းခေါင်းထဲမှာ ပေါ်လာတယ်။ အတိအကျပြောရရင် ၁၉၉၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်၊ နံနက် (၆း၃၀) အချိန်၊ အင်းစိန် ဗဟိုအကျဉ်းဆောင်ဆေးရုံပေါ်မှာ သူသေဆုံးသွားခဲ့တယ်။
သူသေသွားပြီဖြစ်ကြောင်းကို ထောင်အာဏာပိုင်တွေက သူ့မိသားစုဆီ အကြောင်း ကြားခဲ့တယ်။အဲဒီ အကြောင်းကြားစာရွက်ကိုကြည့်ရင် သူသေဆုံးသွားခဲ့တာ လာမယ့် ၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်ဆိုရင် ၁၅ နှစ်ပြည့်ခဲ့ပြီဆိုတဲ့အတွေးများ ကျွန်တော့ခေါင်းထဲ ၀င်လာပါတော့တယ်။ တိုက်ဆိုင်နေတာက လွန်ခဲ့တဲ့နှစ်ပေါင်း (၃၈)နှစ်၊ ၁၉၆၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်၊ ညသန်းခေါင်ကျော်မှာ ရန်ကုန်မြို့နဲ့ မိုင် ၃၀၀ ကျော်ဝေးတဲ့ ကိုးကိုးကျွန်းကို ပြည်တော်ညွန့် သင်္ဘောပေါ်အတင်းအဓမ္မတင်ခေါ်ခံရတဲ့ နိုင်ငံရေးအကျဉ်း သားတွေထဲကတယောက်။ ပိန်ပါးသွက်လက်ပြီး ကျွန်းမြေပေါ်ကို အားမာန်အပြည့်နဲ့ တက်ခဲ့ သူ။အင်းစိန်ထောင်အာဏာပိုင်တွေကပို့ပေးလိုက်တဲ့ စာရွက်လေးကပဲ သူသေဆုံးသွား ပြီဖြစ်ကြောင်း သက်သေခံခဲ့တာလား။
တကယ်တော့ သူမသေခဲ့ပါဘူး။ သူဟာ ဂျပန်တော်လှန်ရေးအကြောင်းလည်း ပြောနိုင်ပါသေးတယ်။ ဂျပန်တော်လှန်ရေးကာလအတွင်း သူ့အသက်(၁၄)နှစ်မှာ ဧရာဝတီ မြစ်ဝကျွန်းပေါ်ရဲ့ ဒေးဒရဲမြစ်ရိုးတလျှောက် လှေငယ်လေးတစင်းနဲ့ တော်လှန်ရေး “ဆက်သား” လည်းလုပ်ခဲ့ဘူးတယ်။နောက်ထပ်သူ့မှာ ပြောစရာတွေ ကျန်ပါသေးတယ်။လွတ်လပ်ရေး ခေတ်ဦး၊ ပြည်တွင်းစစ်ကာလ ကျောင်းသားလှုပ်ရှားမှုသမိုင်း အကြောင်းတွေ၊ သူ့ရဲဘော် ကျောင်းသားတွေနဲ့အတူ ကျောင်းသားအခွင့်အရေးအတွက်၊ ဒီမိုကရေစီရေးအတွက် တိုက်ပွဲ ၀င်ခဲ့တဲ့အကြောင်းပြောပြနေတဲ့ သူ့ပုံရိပ်များဟာ ဟိုးလွန်ခဲ့တဲ့ ၁၉၅၃-၅၄ ခုနှစ်က ဖွဲ့စည်းခဲ့တဲ့ “ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားမသမဂ္ဂများ အဖွဲ့ချုပ်”ခေါင်းဆောင်ဟောင်း၊ ထင်ရှားတဲ့(ဗ ကသ)များအဖွဲ့ချုပ် အမှုဆောင်၊ သူတို့ခေတ်ရဲ့ ခွပ်ဒေါင်းပျိုတဦး။
ကိုအောင်ဆန်းတို့ခေတ်က ကျောင်းသားသမဂ္ဂခေါင်းဆောင်တွေဟာ ကျောင်းသား ခေါင်းဆောင်ဘ၀ကနေ နိုင်ငံရေးလုပ်ဖို့ တို့ဗမာအစည်းအရုံးဝင်တယ်။ နယ်ချဲ့ကိုလည်း တိုက်ခဲ့ကြတယ်။ ဖက်ဆစ်ဂျပန်ကိုလည်းတိုက်ခဲ့တယ်။သူဟာဦးနု(ဖဆပလ)ပါလီမန်ခေတ်မှာ “ပြည်သူ့တိုးတက်ရေးပါတီ”ကို ထူထောင်သူတွေထဲမှာပါခဲ့တယ်။သူ့မှာကြီးမားတဲ့စေတနာနဲ့ ပြင်းပြတဲ့ဆန္ဒရှိနေခဲ့တယ်။အဲဒါဘာလည်း။ကျွန်တော်သိခဲ့ရပါတယ်။

လွတ်လပ်ရေးရပြီးမကြာခင် လွတ်လပ်ရေးတိုက်ပွဲဝင် တိုက်ဖော်တိုက်ဖက်တွေစိတ်ဝမ်းကွဲပြီး တိုက်ကြခိုက်ကြလို့ ပြည်တွင်းစစ်ကြီး ဖြစ်ခဲ့တယ်။ ဒီပြည်တွင်းစစ်ကြီးကို အပြီးသပ်ရပ်စေချင် တယ်။ အချင်းချင်း ငြိမ်းချမ်းရေးတွေ ခေါ်စေချင်တယ်။
ဒါဟာကျောင်းသားသမဂ္ဂခေါင်းဆောင်ဟောင်းတယောက်၊နိုင်ငံရေးသမားတယောက်အနေနဲ့ သူ့မှာရှိတဲ့ တိုင်းပြည်ပေါ်ထားတဲ့စေတနာ။ဒါကြောင့်မို့ ၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလ (၆)ခရိုင် ငြိမ်းချမ်းရေးဆန္ဒပြပွဲမှာ တက်ကြွတဲ့ ခေါင်းဆောင်တဦးအနေနဲ့ ဦးဆောင်ခဲ့ဘူးတယ်။ သူမသေသေးဘူး။ သူ့မှာပြောစရာတွေကျန်သေးတယ်။ ၁၉၆၂ ခုနှစ် မတ်လ (၂)ရက်နေ့ ဗိုလ်နေ၀င်းကစစ်တပ်နဲ့အာဏာသိမ်းမှုကိုသူ့ရဲ့ “ပြည်သူ့တိုးတက်ရေးပါတီ”နဲ့ ကရင်အမျိုးသား အဖွဲ့ချုပ်၊ မွန်အမျိုးသားအဖွဲ့ချုပ်၊ လူငယ်တပ်ဦး(ဗမာနိုင်ငံ)၊ လူငယ်များသမဂ္ဂ(ဗမာနိုင်ငံ)၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့တို့က ဒီအာဏာသိမ်းမှုကို ကန့်ကွက်ခဲ့တယ်။၁၉၆၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅)ရက်နေ့မှာ ကိုးကိုးကျွန်းပေါ်ကို ကျွန်းကျ အကျဉ်းသားအဖြစ်နဲ့ ခြေချခဲ့သူ။ အခုလည်း (၂၄)နှစ်အကြာ ၁၉၉၃ ခုနှစ် ဖေဖော်ဝါရီလ (၁၆)ရက်နေ့။
ကျွန်းဖျက်သိမ်းရေးတိုက်ပွဲမှာ ကျဆုံးသွားတဲ့သူ့ရဲဘော်တွေရဲ့ ဂုဏ်ပြောင်တဲ့သမိုင်းကို ပြောပြနိုင်ပါသေးတယ်။ ကိုးကိုးကျွန်းမြေပုံကိုထောက်လို့ ….

ဒါ … ရဲဘော်သိန်းကြည်
ဒါ … ရဲဘော်အုံးမောင်
ဒါ … ရဲဘော်ချစ်ဆွေ
ဒါ … ရဲဘော်ထွန်းမြင့်
ဒါ … ရဲဘော်စိန်ချင်း
ဒါ … ရဲဘော်မောင်မောင်စိုး
ဒါ … ရဲဘော်လေးမောင်
ဒါ … ရဲဘော်ထွန်းဝင်း … ရှစ်မြှောင့်ကျောက်တိုင်အောက်က သူတို့ရဲ့ အုတ်ဂူလေးတွေ အကြောင်း၊ ဗိုလ်နေ၀င်းရဲ့ဖြားယောင်းသွေးဆောင်မှုအောက် သူမရောက်ခဲ့ပါဘူး။ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ အမြင့်ဆုံး “နိုင်ငံ့ဂုဏ်ရည်”ဘွဲ့ကိုလည်း ငြင်းပယ်ခဲ့သူ။ (မဆလ) ခေတ်တလျှောက်လုံး ရိုးသားစွာဈေးရောင်းစားပြီး ဘ၀ကိုရပ်တည်ခဲ့တဲ့သူ့အကြောင်း ပြော ပြနိုင်ပါသေးတယ်။
“၈၈”အရေးတော်ပုံကြီးအကြောင်းလည်း သူပြောပြနိုင်ပါသေးတယ်။ ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဖွဲ့စည်းရေးအတွက် လှုံ့ဆော်ပေးနိုင်ခဲ့ပါသေးတယ်။ သူချစ်တဲ့ရဲဘော်တွေနဲ့ သူချစ်တဲ့ “ပြည်သူ့တိုးတက်ရေးပါတီ” ကို သူပြန်လည်ထူထောင်ခဲ့ ပါတယ်။ စစ်အာဏာရှင် ဆန့်ကျင်ရေးတရားတွေကို အထက်မြန်မာပြည်စည်းရုံးရေးခရီးစဉ်မှာ သူပြောခဲ့သေးတယ်။သူ့ရဲ့သမိုင်းတင်ခဲ့တဲ့မိန့်ခွန်းတွေဟာ စစ်အာဏာရှင်တွေရဲ့ အရှိုက်ကို တိုက်ရိုက်ထိမှန်စေခဲ့တယ်။ ၁၉၈၉ ခုနှစ် အဖမ်းမခံရခင်ပြောခဲ့တဲ့ သူ့မိန့်ခွန်းတွေကို အခုထိကြားယောင်နေမိတယ်။သူ့ရဲ့မိန့်ခွန်းထဲက “ဒီသမဂ္ဂအဆောက်အဦးကို ဥက္ကဌကြီး ဖျက်တာမဟုတ်ဘူး။အောင်ကြီးဖျက်တာပါဆိုရင် ဦးအောင်ကြီးကလည်း သူမဟုတ်ရပါဘူး။ ဦးနေ၀င်းကလည်းသိဟန်မတူပါဘူး။ကျော်စိုးဖျက်ခိုင်းတာပါဆိုရင် ကျွန်တော်တခုပဲမေးမယ်။ (၁၉၆၃) ခုနှစ်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲခေါ်ခဲ့တယ်။ ဆွေးနွေးပွဲပျက်ပြီးလို့ နောက်တ ညလောက်မှာ ဒီသမဂ္ဂတဲကြီးကို ဘယ်သူဖျက်ခဲ့တာလည်း။ ဒီအချိန် တော်လှန်ရေးကောင်စီ ထဲမှာ ဗိုလ်ချုပ်အောင်ကြီးမရှိတော့ပါဘူး။ ကချင်ပြည်နယ် မချမ်းဘောကို ရောက်နေပါပြီ။ သမိုင်းအစဉ်အလာရှိတဲ့ အုတ်အဆောက်အဦး(တကသ)ကိုဖျက်မှ ကျောင်းသားသမဂ္ဂကို ဖျက်ရာရောက်တာ မဟုတ်ပါဘူး။ တဲကိုဖျက်တာလည်း ကျောင်းသား သမဂ္ဂကိုဖျက်တာပါပဲ။
“၈၈”ကျောင်းသားလှုပ်ရှားမှုသမိုင်းကိုလည်းသူဟာ အခုလိုပြောခဲ့ပြန်တယ်။“ကျောင်း သားတွေဟာ ဒီခေတ်မှာ ရှေ့တန်းက မားမားမတ်မတ် တိုက်ပွဲဝင်ခဲ့ကြတယ်။ အနစ်နာ ခံခဲ့ကြပါတယ်။ဒါကိုကျနော်တို့အလေးပြုတယ်။ ဂုဏ်ယူတယ်။ဒီရဲဘော်လေးတွေ အနစ်နာခံခဲ့ တဲ့တိုက်ပွဲဟာ ဆုံးခန်းတိုင်မရောက်သေးပေမယ့် အတော်များများ အောင်မြင်ခဲ့တယ်။ ဥပမာ - ကမ္ဘာမှာဘယ်တုန်းကမှမရှိခဲ့သေးတဲ့ “ကျောင်းသားတပ်မတော်”လို့ခေါ်တဲ့ ABSDF (မကဒတ) အဖွဲ့အစည်း ထူထောင်ပေါက်ဖွားလာခဲ့တယ်။ဒါကိုလည်း ကျနော်တို့အသိအမှတ်ပြုတယ်။ ဒါအတွက် ကျောင်းသားသူပုန်တွေကို ကျနော်တို့ ဦးညွှတ်တယ်” ။
“၁၉၉၂”ခုနှစ်၊ ဒီဇင်္ဘာလရဲ့ နေ့တနေ့၊ ညနေခင်း ထောင်မပိတ်ခင်အချိန်။ ထောင် ၀ါဒါတဦးရဲ့“ပုံစံ” အော်သံကိုကြားလိုက်ရတယ်။အဲ့ဒိနောက် ရိမ်းဂျားကားတစီးဟာ ထောင်ဗူး ၀ကိုကျော်ပြီး မိန်းဂျေးအရှေ့ကို အရှိန်မလျော့ပဲမောင်းပြီး ထိုးရပ်သွားခဲ့တယ်။ အလုံ ပိတ်တိုက်ခန်းတွေအတွင်း တိုက်ပိတ်အကျဉ်းချခံထားရတဲ့ ကျနော်တို့နိုင်ငံရေး အကျဉ်း သားအားလုံးရဲ့မျက်လုံးများဟာ မိန်းဂျေးရှေ့က ကားဆီကိုရောက်သွားကြပါတယ်။ ကားပေါ် ကခေါင်းစွပ်စွပ်ထားတဲ့လူတယောက်ကို ဆွဲချနေတာတွေ့နေရပါတယ်။သေချာတာက အင်းစိန် ဗဟိုအကျဉ်းထောင်နဲ့အင်းစိန်တွဲဘက်ထောင်တွေမှာ ခေါင်းစွပ်စွပ်ထားရင် နိုင်ငံရေးအကျဉ်း သားဆိုတာ ပြောနိုင်ပါတယ်။ တွဲဖက်သီးသန့်ထောင်မှာ အဆောင်(၁)၊ အဆောင်(၂)နဲ့ ကျွန်းတိုက်ဟာ နိုင်ငံရေးအကျဉ်းသမားတွေကိုပဲထားတဲ့ အဆောင်တွေပါ။ ခေါင်းစွပ်ထား တဲ့လူကို နိုင်ငံရေးသမားတွေနေတဲ့ အဆောင်ဖက်မခေါ်ပဲ သီးသန့်ဆေးရုံဘက်ကို ခေါ်သွားခဲ့ ပါတယ်။ အဲဒီလူဟာခေါင်းစွပ်ထားလို့ ဘယ်သူဘယ်ဝါဆိုတာ မသိနိုင်ပါဘူး။ လူပုံကချိနဲ့ ယိုင်ရွဲ့ပြီး ပိန်လှီပါးလှပ်လွန်းနေပါတယ်။
နောက်ထပ်ကားတစီးထပ်ဝင်လာပါတယ်။ ကားပေါ်မှာဂီလာနရောဂါသည် အကျဉ်း သားတွေ၊ အရိုးပေါ်အရေတင်နေတဲ့ထောင်ကျတွေ ခေါင်းစွပ်စွပ်မထားပဲ ဆင်းလာကြပြီး နောက် “ပုံစံ”ထိုင်ခိုင်းပါတယ်။အရေအတွက်အားဖြင့် အယောက်(၅၀)လောက်ရှိတဲ့ လူတွေ ဟာ“ရဲဘက်”စခန်းပြန်ရောဂါသည်လူမမာတွေဖြစ်ပြီး သူတို့အားလုံးကို အင်းစိန်(တွဲဖက်) သီး သန့်ဆောင်ဆေးရုံကို ပို့လိုက်တာဖြစ်ပါတယ်။ ကြားထားတဲ့သတင်းများအရ မနက်ဖြန်ဆို “ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ်” မစ္စတာ ယိုကိုတာ အင်းစိန်ဗဟို အကျဉ်းထောင် ထဲကို လာရောက်စစ်ဆေးမှာဖြစ်တယ်။ ဒီအတွက်ထောင်အာဏာပိုင်တွေက ထောင်မကြီး ဆေးရုံမှာတင်ထားတဲ့ အသည်းအသန်ဖြစ်နေတဲ့ ရောဂါသည်အကျဉ်းသားတွေ၊ ရဲဘက်ပြန် လူမမာတွေကို သီးသန့်ထောင်မှာလာဝှက်ထားခြင်း ဖြစ်ပါတယ်။ မသန်စွမ်းတော့တဲ့ အကျဉ်းသားတွေကို ထောင်ဆေးရုံကြီးမှာ စစ်ဆေးမှုတွေလုပ်တိုင်း ခုလိုလာရောက်ပြီး ဖွက် နေကြဖြစ်တယ်။
နောက်တနေ့မနက် ကျနော်တို့ရေချိုးဆင်းချိန်မှာ ဆေးရုံဆောင်ဖက်ကြည့်လိုက်တော့ ဂီလာနရောဂါသည်တွေ ရေချိုးနေကြပြီး ဆေးရုံဆောင်အပေါ်ထပ်စင်္ကြန်လမ်းမှာ အလွန်ပိန် ပါးပြီး လမ်းလျှောက်နေတဲ့ မနေ့က ခေါင်းစွပ်စွပ်ထားသူကို တွေ့လိုက်ရတယ်။ သေချာကြည့်မှ သူဖြစ်နေကြောင်းသိလိုက်ရတယ်။ နဂိုထဲကပိန်သူဖြစ်ပြီး အခုလိုရောဂါဖြစ်နေချိန်မှာ ပိုလို့ ပိန်ပါးနေပါတယ်။ တိုက်ခန်းထဲက ရေချိုးဆင်းလာတဲ့သူတွေကို သူနဲ့ဘ၀တူ ရဲဘော်များ ဆိုတာသိရှိဟန်နဲ့ ပြုံးပြီးလက်ပြနေတာ တွေ့လိုက်ရတယ်။
၁၉၈၉ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းဝင်းထဲ“ကိုဖုန်း မော်” နှစ်ပတ်လည်အထိမ်းအမှတ်အခမ်းအနားမှာသူ့ရဲ့ ပီပြင်ပြတ်သားတဲ့ ဟောပြောသံ တွေကို နားထဲပြန်ကြားနေရသလိုပါပဲ။ အဲဒီတုန်းကသူပြောခဲ့တယ်။ “ဒီိအရေးတော်ပုံကြီးရဲ့ အဆုံးသတ်အောင်ပွဲကိုရဖို့ ကျနော်တို့ တော်တော်လုပ်ရဦးမယ်။ ဒီပွဲမှာ ကျနော့အသက်ပေးရ လိမ့်မယ်။ ပေးဖို့လည်းဆုံးဖြတ်ပြီးပါပြီ” သူပြောခဲ့တဲ့ စကား။ ကိုဖုန်းမော်ရဲ့နှစ်ပတ်လည် အခမ်းအနားမှ သူ့ရဲ့ပုံရိပ်များကို ကျနော်မှတ်မိနေပါတယ်။ အခုလည်းသူ့ကိုတွေ့လိုက်ရခြင်း ဟာ သူ့ရဲ့နောက်ဆုံးခရီးလမ်းအတွက် လာနှုတ်ဆက်သွားခြင်းပါပဲ။နောက် (၃) ရက် (၄) ရက် အတွင်း သူအပါအ၀င်အခြားရဲဘော်ဂီလာနတွေကို ထောင်မကြီးဆေးရုံကို ပြန်ခေါ်သွားခဲ့ ပါတယ်။
၁၉၉၄ ခုနှစ်ကုန်လောက်ဖြစ်ပါတယ်။ ထောင်မကြီးအဆောင်ဖက်မှာ ရာဇ၀တ်မှု အကျဉ်းသား(လူဆိုးလူမိုက်)တွေကို တွဲဖက်သီးသန့်ဆောင် ကျွန်းတိုက်ထဲပြောင်းရွှေ့ခဲ့တယ်။ ဒီအကျဉ်းသားတွေထဲကမှ (၈၈) အရေးအခင်းမှာပါဝင်ပြီး ဒလ ရဲစခန်းစီးမှုနဲ့ အကျဉ်း ကျသူများဖြစ်ကြတဲ့“ဘဂျမ်း၊ မောင်စိန်၊ လှထွန်း”တို့နဲ့ ကျနော်တို့ရင်းနှီးခဲ့ချိန်မှာ မထင်မှတ်ပဲ ကြားလိုက်ရတဲ့ “ဘဂျမ်း”ဆိုသူ လူမိုက်ရဲ့စကားကြောင့် ကျနော် ခေါင်းနပန်းကြီး သွားခဲ့တယ်။ ကြေကြေကွဲကွဲလည်း ခံစားခဲ့ရတယ်။ ဘဂျမ်းဆိုတာ အင်းစိန်ထောင်မကြီးဆေးရုံရင်ခွဲ တိုက်မှာအလောင်းခွဲရသူဖြစ်ပြီး သူတွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်တွေထဲက အကျဉ်းသား အမှတ် ၄၂၆၇ / စီ ရဲ့ အကြောင်း။
သူသေပြီလို့ထောင်မကြီးရဲ့ ဆရာဝန်ကြီး “ဒေါက်တာစိုးကြည်” က မှတ်ချက်ပေးပြီး တဲ့အခါ သူ့ရုပ်အလောင်းကို ရင်ခွဲတိုက်ပို့လိုက်ပါတယ်။ အလောင်းတွေကိုရင်ခွဲရတဲ့ “ဘဂျမ်း”နဲ့အဖွဲ့က သူ့အလောင်းကိုရင်ခွဲတဲ့အခါ သူ့ရဲ့အကြောတွေဟာ ရုန်းကန်နေပြီး သူ့နှလုံးသားဟာ ဖြည်းညှင်းစွာလှုပ်နေ(ခုန်နေ)တုန်းပဲလို့ သူတို့ကိုယ်တိုင် စိတ်မကောင်းစွာ ပြောပြခဲ့ပါတယ်။
ဒီအကြောင်းကိုသိသွားတဲ့ “ဒေါက်တာစိုးကြည်”ဟာ ရင်ခွဲတုန်းကပါဝင်ခဲ့တဲ့ အကျဉ်း သားတွေကို ရဲဘက်စခန်းပို့လိုက်ပြီး အရေးအခင်းအမှုကြောင့်ဖြစ်လို့ ရဲဘက်ပို့မရတဲ့ “ဘဂျမ်း”ကို ချော့မော့သိမ်းသွင်းပြီး ထောင်မကြီးအဆောင်ကို ပြန်ပို့ပေးခဲ့တယ်။
ဒါဆို သူသေဆုံးမှုကို ထောင်ဆရာဝန်က မှားယွင်းသတ်မှတ်ခဲ့တာလား။ တမင် သတ်ပစ်ခဲ့တာလား။ တခုခုတော့ဖြစ်မှာပါ။ ဒါပေမယ့် ကျနော်တို့သိနေခဲ့တာက ………။ ဒါပေမယ့် ကျနော်တို့နှလုံးသားမှာ သူဘယ်တော့မှမသေပါဘူး။ သူ့မှာပြောစရာတွေအများကြီး ကျန်နေပါသေးတယ်။
အဲဒါ ….
သူဟာ ကျောင်းသားခေါင်းဆောင်
သူဟာ နိုင်ငံရေးသမားတယောက်
သူဟာ နိုင်ငံရေးအကျဉ်းသားတဦး …
သူမလုပ်ခဲ့ဘူးတာ၊ သူမလုပ်ဝံ့တာတခုပဲရှိတယ်။ ရန်သူကိုဘယ်တော့မှ အညံ့မခံခဲ့ဘူး။ ဒူးမထောက်ခဲ့ဘူး ဆိုတာပါပဲ။
အင်းစိန်ထောင်အာဏာပိုင်တွေပို့လိုက်တဲ့ သူ့သေစာရင်းစာရွက်တရွက်နဲ့တော့ သူတ ကယ်သေသွားတယ်ဆိုတာ ကြောင်းကျိုးမခိုင်လုံဘူး။ ဒါဟာ အသေချာဆုံး အချက်ပါပဲ။

T.T

No comments: