နအဖ မိစ္ဆာတပ်တွေ ဘုရားကိုခေါင်းဖြတ်သတ်ကြသည်

နအဖ မိစ္ဆာတပ်တွေ ဘုရားကိုခေါင်းဖြတ်သတ်ကြသည်

Saturday, September 29, 2007

ဗသြ၏ အမြင်

entry-content'>

ရှေ့ခြေလှမ်းကိုသာ စဉ်းစားကြစို့

ဒီနေ့ ဗမာပြည်ရဲ့နိုင်ငံရေး ဇာတ်ခုံပေါ်မှာ မျက်နှာဖုံးတွေချွတ်။ သံချပ်အကာတွေဝတ်လို့ ကျားနဲ့ဆင် လယ်ပြင်မှာ တွေ့ကြပြီ ဖြစ်ပါတယ်၊

နင်တန် နင်တန် ပန်းကန်ကွဲဆိုသူတွေ။ နအဖပေးသလောက်ကို အရင်ယူထားပါဆိုသူ တွေ။ ညောင်နှစ်ပင်ကို အောင့်ကာနမ်းထားပါဆိုသူတွေ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန် ကြပြီ။ တကယ့်မင်းသားနဲ့ တကယ့်ဘီလူးတို့ ချကြတော့မှာမို့ လူပြက်တွေ ကားလိပ်ကြားထဲ ရောက်ကုန်ကြတာဖြစ်တယ်။ အခုဟာက နတ်ဓားတွေ။ ဇာတ်ဓားတွေနဲ့ ခုတ်တာမျိုးမဟုတ်ဘူး၊ တကယ့်ဓား၊ တကယ့်လှံတွေနဲ့ ချကြတော့မှာ။

ကြံ့ဖွတ်တွေ၊ စွမ်းအားရှင်တွေတောင်မှ ကာလတခုအားဖြင့်တော့ ၀ပ်သွား၊ အမြီးကုတ် သွားပြီ။

တလျှောက်လုံးသူကချည့် တဖက်သတ်ထိုးစစ်ဆင်ခဲ့တဲ့ နအဖဟာ ခံစစ်ဘ၀ရောက်စပြု နေပြီ၊ အနည်းဆုံး နိုင်ငံရေးအရတော့ ခံစစ်လုံးလုံးဖြစ်သွားပြီ၊ ဒါကြောင့်နအဖဟာ လက်နက်ကုန် ထုတ်သုံးဖို့ပြင်လာတယ်၊ သူစုဆောင်းလို့ရသမျှ အင်အားတွေ အားလုံး ဆွဲခေါ်နေတယ်၊ မဆလ ဖိုင်တွဲစင်ပေါ်မှာ ဖုံတင်၊ ပင့်ကူမြှင်ယှက်နေတဲ့ သခင်တင်မြ။ ဦးချစ်လှိုင်စသူတွေကို ဖုတ်ဖက်ခါ ပွဲထုတ် လာတယ်။ နောက်တန်းကိုပြန်ခေါ်ပြီး ကျပ်ပူထိုးပေးနေရတဲ့ ကြံ့ဖွတ်တွေ။ စွမ်းအားရှင် တွေကို ဘယ်တော့မန်းမှုတ်ပြီး တွန်းပို့အုန်း မလဲ မသိဘူး၊

တကယ်က နိုင်ငံတနိုင်ငံမှာ သံဃာတော်တွေတောင် အရိုက်အနှက်ခံကြရတယ်။ ဘုရားသားတော်များကအစ ဆန္ဒပြ ကြတယ်။ ဆိုတာတွေဟာ မကောင်းတဲ့ကိစ္စတွေပဲ၊ ဒါပေမဲ့ အခုတော့ ဒါမျိုးတွေပေါ်လာတာကိုပဲ ဒီနိုင်ငံသားတွေဟာ ၀မ်းသာ အားတက်နေကြတယ်၊ လမ်းဘေးက ဒကာ။ ဒါယကာမတွေဟာ ဆန္ဒပြသံဃာတော်များကို ကန်တော့ရင်း လက်အုပ်ချီ ထားတဲ့ လက်ဖမိုးတွေအပေါ်မှာ ၀မ်းသာမျက်ရည်တွေ တပေါက်ပေါက်ကျနေတယ်၊ လူတွေဟာ အလုပ်ပျက်။ အကိုင်ပျက်ဖြစ်ရတာကို ကျေနပ်နေကြတယ်။ ဒါတွေဟာ ဘာကြောင့်လဲလို့ ဒီနိုင်ငံက ဘယ်သူ့ကိုပဲမေးမေး လူတိုင်းက ၁၉ နှစ်ရှိပြီလို့ တညီတညွတ်တည်း ဖြေကြမှာ။

ပြန်ကြည့်လိုက်ရင် အတိုက်အခံတွေဘက်က တလျှောက်လုံးတင်လာတာဟာ နှစ်ဘက် တွေ့ဆုံဆွေးနွေးရေးပဲ၊ ဒါကို န၀တ- နအဖတို့က မသိကျိုးနွံပြုပြီး အတိုက်အခံတွေကို တဘက် သတ် လက်နက်ချခိုင်းနေတယ်။ (၁၉၄၈ခုနှစ်က စတင်ဖြစ်ပွားခဲ့တဲ့ ပြည် တွင်းစစ်မှာလည်း ဒီလိုပဲ တဘက်က တွေ့ဆုံဆွေးနွေးရေး တင်နေရက်နဲ့ စစ်အုပ်စုနဲ့ အဲဒီတုန်းကတသားတည်း ဖြစ်နေတဲ့ ဆိုရှယ်လစ်ပါတီအုပ်စုက အပြုတ်တိုက်ရေးနဲ့ လက်နက်ချရေးပဲ ကြွေးကြော်ခဲ့တာကို သတိရ စရာဖြစ်တယ်)၊ နအဖဘက်က တွေ့ဆုံဆွေးနွေးတာ မလုပ်ပဲ သူတို့ရဲ့လမ်းပြမြေပုံအတိုင်း ဆက်သွားနေလို့ကတော့ လူထုဆန္ဒပြပွဲတွေ မရပ်မစဲ။ တခြိမ်းခြိမ်း ဖြစ်နေအုန်းမှာပဲ။ အစပြုတာဟာ လောင်စာဆီကိစ္စ၊ ကုန်ဈေးနှုန်းကိစ္စ၊ စာမေးပွဲကိစ္စ၊ အမျိုးမျိုးဖြစ်နိုင်တယ်။ ဒါပေမဲ့ နောက်ဆုံး ကျရင်တော့ စစ်အာဏာရှင် စနစ်ဖျက်သိမ်းရေး၊ ဒီမိုကရေရရှိရေး တိုက်ပွဲကြီးတွေအဖြစ် အသွင် ပြောင်းသွားတော့တယ်၊ လမ်းအားလုံးဟာ ရောမမြို့ကြီးကို ဦးတည်နေတယ်ဆိုတာလိုပဲ။ နိုင်ငံရေး ပါးဝလှတဲ့ ဗမာပြည်သူတွေဟာ အပေါ်ယံဖော်ပြတာရော၊ အောက်ခံအကြောင်းရင်းကိုပါ ကောင်းကောင်းမြင်နိုင်စွမ်းရှိတယ်။

အခုဆိုရင် တိုက်ပွဲဝင်နေသူတွေရော၊ မ၀င်သေးတဲ့လူတွေအပါ၊ သံဃာ၊ ကျောင်းသား၊ ၀န်ထမ်း၊ စစ်သား၊ အားလုံးဟာ ကြွေးကြော်သံအမျိုးမျိုးကို တင်လာစပြုနေကြတယ်။ ဘာပဲပြော ပြော နအဖနဲ့အတိုက်အခံတွေ့ဆုံဆွေးနွေးရေး ဆိုတာကိုတော့ နအဖကလွဲရင် ဘယ်သူမှ မငြင်းပယ်ကြဘူး။ ကြွေးကြော်သံကိုသာ ထုတ်ထားပြီး အဲဒါကို အကောင်အထည်ပေါ်အောင် ဘာမှမလုပ် ရင်တော့ ဆန္ဒပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ ဒါဟာ သင်္ကြန်အမြောက်ဖြစ်နေမှာပဲ။ လမ်းစဉ်တရပ်ချပြီးပြီဆိုရင် အဲဒါကို အကောင်အထည်ဖော်ရမယ်။ ကိုယ့် ကေဒါတွေကို အောက်ခြေ အထိ စွမ်းစွမ်းတမံ အကောင်အထည်ဖော်ခိုင်းရမယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ တိုက်ပွဲရယ်လို့ ပေါ်လာရင် ဘယ်လိုပေါင်းစပ် ပါဝင်ရမလဲ စဉ်းစားရမယ်။

ဒီနေ့မှာ တိုက်ပွဲကိုဘယ်လိုဆက်လက်သယ်ဆောင်ရမလဲ၊ နအဖက အကြမ်းဖက်ဖြိုခွဲ လာရင် ဘယ်လို လုပ်မလဲစတာတွေကို စဉ်းစားရတဲ့အချိန်ရောက်နေပြီ။ သံဃာတော်တွေ ဒါလောက်လမ်းပေါ်တက်နေလှုပ်ရှားနေတာ လူတွေဘာလို့ မပါဝင်သေးတာလဲလို့ မေးကြတာ လည်း မနည်းဘူး။ ဒီလိုဖြစ်ရတာရဲ့ အဓိကအကြောင်းရင်းတခုက လူတွေကို စည်းရုံးရှေ့ဆောင် မယ့်လူ၊ ဒါမှမဟုတ် အဖွဲ့ အစည်းမရှိသေးတာပဲ။ သံဃာဆိုတာက ဘာပဲပြောပြော သူ့စာသင်တိုက်၊ သူ့ကျောင်း စသဖြင့် စည်းရုံးဖွဲ့စည်းမှုလေးတွေ ရှိပြီးသားလိုဖြစ်နေတယ်။ လူထုမှာတော့ တက္ကသိုလ်တွေကလဲ ကွဲကြဲ၊ မြို့စွန်မြို့ဖျားရောက်နေကြတယ်။ ကိုမင်းကိုနိုင်တို့လို လူတွေကိုဖမ်း၊ မမိသေးသူတွေလဲရှောင်တိမ်းနေကြရလို့ မင်းလောင်းမျှော်ရမလိုလိုဖြစ်နေတယ်။ သံဃာတော်တွေ နောက်က လိုက်ဖို့ပဲရှိသလိုလိုဖြစ်နေတယ်။ ဒါပေမဲ့ ဒါဟာယာယီပဲဖြစ်မယ်။ လူထုဟာ ခေါင်းဆောင်မယ့်လူမရှိရင် သူတို့ဖာသာခေါင်းဆောင်ရှာ ခေါင်းဆောင်တင်ပြီး တိုက်မှာ၊ စိတ်ချ။

နအဖကိုစေ့စပ်ရေးစာပွဲဝိုင်းပေါ်ရောက်အောင် ဘယ်လိုလုပ်မလဲ။ ကြေငြာချက်ထုတ်တာ လောက်နဲ့ စစ်ဗိုလ်ချုပ်တွေ စာပွဲဝိုင်း ဆီကိုရောက်လာမလား။ ကမ္ဘာ့အ၀န်းအ၀ိုင်းကပြောရုံနဲ့ အတိုက်အခံတွေနဲ့ တွေ့ဆုံစကားပြောပါ့မလား၊ ၁၉ နှစ်ကျော် အတွေ့ အဿကံက ဒါကို စိတ်ကူးယဉ်နေလို့မရကြောင်း ရှင်းရှင်းလင်းလင်းပြသပြီးပြီ။

ရန်သူနဲ့ စေ့စပ်ဆွေးနွေးတယ်ဆိုရင် ကိုယ့်အင်အားကို ရန်သူကမြင်မှ ကိုယ့်ကို လေးလေး စားစားဆက်ဆံမှာဖြစ်တယ်၊ ကိုယ့် စကားကို အလေးထားနားထောင်မှာဖြစ်တယ်။ ဗိုလ်ချုပ် အောင်ဆန်းနဲ့ ဖဆပလအဖွဲ့ကြီးက ဗြိတိသျှကိုလိုနီနဲ့ လွတ်လပ်ရေးရဖို့ ဆွေးနွေးတာ အောင်မြင် ရတဲ့ အကြောင်းရင်းမှာ အမျိုးမျိုးသောသပိတ်ကြီးတွေနဲ့ ဗမာပြည်သားတွေဟာ တစိတ် တ၀မ်းတည်းရှိကြောင်း၊ လွတ်လပ်ရေးကို မရ ရတဲ့နည်းနဲ့တိုက်ယူမှာဖြစ်ကြောင်း ပိုင်းဖြတ်ချက် တွေ ဖော်ပြနေတာဟာ အဓိကဖြစ်တယ်။ အဲဒီတုန်းက သပိတ်တွေသာမက ပျဉ်းမနားက လယ် သမားသူပုန်၊ ထန်းတပင်က ဆန်လုပွဲစတဲ့ အင်္ဂလိပ်အုပ်စိုးမှုကို ခပ်ကြမ်းကြမ်း ဆန့်ကျင်ပြတာ တွေလည်းရှိတယ်။ နောက်ပြီး ပြည်သူ့ရဲဘော်၊ တပ်နီစတဲ့ လက်နက်ကိုင်နိုင်အောင် လေ့ကျင့်တဲ့ အဖွဲ့တွေကလည်း မြို့ကြီးတွေမှာ ရင်ကော့စစ်ရေးပြနေကြတာ၊ သာမန်လူထုထဲမှာကိုပဲ အလေးမ တာ၊ ကာယဗလလေ့ကျင့်တာ၊ လက်ဝှေ့ထိုးတာတွေ ခေတ်စားနေတာ၊ ဒါတွေအားလုံးဟာ ဒုတိယ ကမ္ဘာစစ်ဒဏ်ကြောင့် နှာနှပ်ပြီးထလာတဲ့ လန်ဒန်ကခေါင်းဆောင်တွေကို ဗမာ လူထုက စစ်ရေးနဲ့ပါ ခြိမ်းခြောက်နေတာဖြစ်ပါတယ်။ တကယ်ကျ အင်္ဂလိပ်က လန်ဒန်စားပွဲဝိုင်းမှာ ကိုယ်တင်ပြတာက ကျိုးကြောင်းဆီလျော်မှုရှိတာသက်သက်ကြောင့်မဟုတ်ဘူး၊ လူထုအင်အားသာ မပြနိုင်ရင် ဘာတွေ ဘယ်လိုပြောလို့မှ မရဘူးပဲ။

တရုတ်ပြည်ကို ဂျပန်က ကျူးကျော်တော့ ချန်ကေရှိတ်အစိုးရဟာ ဂျပန်ကိုမတိုက်ပဲ အီးယောင်ဝါးလုပ်နေတယ်။ ဒါ့အပြင် ပြည်တွင်းစစ်ကိုပဲ မဲတိုက်နေတယ်။ ဒီအခါမှာ ချန်ကေရှိတ်ကို ဖက်ဆစ်ဂျပန်တွန်းလှန်ရေး ဆွေးနွေးတဲ့ စားပွဲဝိုင်းရောက်လာဖို့အတွက် ကွန်မြူနစ်တွေဟာ လူထုနည်းနဲ့ ဆန္ဒပြပွဲကြီးတွေကျင်းပ၊ ချန်ကေရှိတ်ရဲ့ တပ်ထဲက ဗိုလ်ချုပ်ကြီးနှစ်ယောက်ကို ဖဲ့ထုတ်ဖိအားပေးတော့မှ ချန်ကေရှိတ်ဟာ စားပွဲဝိုင်းကိုရောက်လာတဲ့ အဖြစ်အပျက်ရှိဖူးတယ်။

နအဖခေါင်းမာတာ ဗြိတိသျှကိုလိုနီ၊ ချန်ကေရှိတ်၊ စသူတွေထက် မလျော့ပါဘူး။

ဒါကြောင့် ဗမာပြည်မှာ ဒီနေ့ပေါ်ပေါက်နေတဲ့ ဆရာတော်သံဃာတော်များနဲ့ လူထုတွေရဲ့ တိုက်ပွဲတွေဟာ မူသဘော တရားအရ မှန်ကန်မက နည်းနာအားဖြင့်လည်း မှန်ကန်တယ်။ အခြေအနေရဲ့လိုအပ်ချက်အရ သဘာဝကျစွာ ပေါ်ပေါက်လာတာ ဖြစ်တယ်။ အခုအခါမှာ ဒီတိုက်ပွဲ တွေ ပေါ်ပေါက်တာမှန်သလား၊ မှားသလား၊ တခြားနည်းနဲ့ တိုက်ရင်မဖြစ်ဘူးလား စသဖြင့် ငြင်းခုံ နေဖို့မလိုတော့ဘူး။ အခုဆက်ပြောကြ၊ ဆွေးနွေးကြရမှာဟာ တိုက်ပွဲကို ဘယ်လို ဆက် သယ်ဆောင်မလဲ၊ ပြည်သူလူထုကြီး တရပ်လုံး ပါလာအောင် ဘယ်လိုလုပ်မလဲဆိုတာပဲ။

ဗသြ

No comments: